လေးဖြူဆိုတာ မြန်မာပြည်ရဲ့ Rock ဂီတသမိုင်းမှာ ခိုင်မာတဲ့ ဂီတရေသောက်မြစ်တွေနဲ့ ရှင်သန်ရပ်တည်နေသူ တဦး ဖြစ်တယ် ဆိုတာကို သူ့ရဲ့ ထွက်ခဲ့သမျှ Album တိုင်းက သက်သေထူနေပါတယ်။ အခုလည်း Online ပေါ်မှာ ကတည်းက လူကြိုက်များခဲ့ပြီးသား “ဒိုင်ယာရီ” သီချင်းကို Title တင်ထားတဲ့ Album သစ် ထွက်ရှိလာပါတယ်။
လေးဖြူရဲ့ တေး Album တော်တော်များများမှာ တွေ့ရလေ့ ရှိတဲ့ ထူးခြားမှုတခုက စနားထောင်ခါစမှာ နားမစွဲလွယ်ဘဲ နားထောင်ပါများမှ သီချင်းတွေရဲ့ တန်ဖိုးနဲ့ အနှစ်သာရကို မြင်သာလာစေတာပဲ ဖြစ်ပါ တယ်။ အခု “ဒိုင်ယာရီ” Album ထဲက သီချင်းအများစုဟာလည်း နားထောင်ပါများမှ နားရည်ဝလာပြီး သီချင်းပုံစံတွေရဲ့ မတူခြားနားတဲ့ ရသတမျိုးစီကို ထွင်းဖောက် ခံစားနိုင်မှာ ဖြစ်ပါတယ်။
သေချာတဲ့ အချက်တခုက လေးဖြူဟာ သူ့ရဲ့ Album တိုင်းကို သေချာအကွက်ချ စီစဉ်ပြီးမှ လုပ်လေ့ ရှိသလို ပရိသတ်ရဲ့ ဂီတအပေါ် ခံစားမှုအာရုံ မြင့်လာအောင် သူ့သီချင်းတွေနဲ့ ဆွဲခေါ်ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခု “ဒိုင်ယာရီ” Album ထဲမှာ ပါဝင်တဲ့ သီချင်းအများစုဟာ ပရိသတ်ရဲ့ ခံစားချက်အာရုံ မြင့်လာစေ မယ့် သီချင်းတွေလို့ ဆိုနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီ Album ထဲက သီချင်းပုံစံတွေဟာ ခေတ်ရှေ့ကို အရမ်းရောက်လွန်းတဲ့ ပုံစံမျိုးထဲမှာလည်း ရှိမနေဘဲ Modern Rock Hero တွေ ဖြစ်ကြတဲ့ Creed တို့ Staind တို့လို ဟန်မျိုးတွေပေါ်မှာ အခြေပြုပြီး ဒီဘက်ခေတ် လူငယ်တွေ အကြိုက်နဲ့လည်း အံဝင်ခွင်ကျ ဖြစ်မယ့် သီချင်းပုံစံမျိုးတွေကို စုစည်းဖန်တီးထားတာ တွေ့ရပါတယ်။ အဲဒီ အချက်တွေနဲ့ ကိုက်ညီနေတဲ့ ဒီ Album ထဲက သီချင်း ၃ ပုဒ်ကို ကောက်နှုတ်ပြချင်ပါတယ်။
ပထမဆုံး ပြောချင်တာက လူငယ်တေးရေးဆရာ မိုးသွေး ဖန်တီးထားတဲ့ “ရေမျောကမ်းတင်” သီချင်းပုံစံပဲ ဖြစ်ပါတယ်။ ဒီ သီချင်းဟာ Modern Rock အငွေ့သက်တွေ လွှမ်းနေတယ်လို့ ထင်ရပေမယ့် ဂရုတစိုက် နားထောင်ကြည့်မယ် ဆိုရင် Thrash Metal နဲ့ Modern Rock ကို အချိုးညီညီ ပေါင်းစပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
Intro ကို ပုံဖော်ထားတဲ့ Drum Stroke တွေနဲ့ Guitar Riff တွေက Disturb ဟန်တွေကဲ နေပြီး Intro ကနေ verse ကို ချိတ်ဆက်သွားတဲ့ အချိုးအကွေ့က Thrash Metal နဲ့ Modern Rock ရဲ့ ရသ နှစ်မျိုးလုံးကို တပြိုင်နက်တည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။
Melodic ဖြစ်လှတဲ့ Verse အဝင်မှာ လေးဖြူရဲ့ Vocal Power က Staind လိုလို Creed လိုလို Mood မျိုးနဲ့ ဖမ်းစားနိုင်ခဲ့သလို –
“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့ ထုဆစ်ပြခဲ့တာ ကလည်း သီချင်းပုံစံနဲ့ လိုက်ဖက်မှုရှိလှပါတယ်။
Chorus နဲ့ ချိတ်ဆက်ဖို့ လှပစွာ ခင်းကျင်းဖန်တီးထားတဲ့ Bridge အပိုဒ်က Chorus ပိုဒ်ရဲ့ Tempo ကို ပိုမိုမြင့်ပေး နိုင်ခဲ့ပြီး လေးဖြူရဲ့ Vocal Expression က High pitch နဲ့ low pitch နှစ်ခုကြားမှာ Harmony ဖြစ်စွာ ဖမ်းစားထား နိုင်ခဲ့ပါတယ်။
Backing အနေနဲ့ အားဖြည့်ပေးသွားတဲ့ Guitar Riff တွေက ဆွဲဆောင်မှု ရှိလှသလို၊ Solo ပိုင်းမှာ တီးခတ် ဖန်တီးထား တဲ့ Guitar နဲ့ keyboard ရဲ့ Scale တွေကလည်း သီချင်းပုံစံကို ပိုမိုသက်ဝင် လှုပ်ခတ်စေခဲ့ ပါတယ်။ ဒီသီချင်းရဲ့ အဓိက အားသာချက်ကတော့ key တည်ဆောက်ပုံပဲ ဖြစ်ပါတယ်။ Melodic ဖြစ်လှတဲ့ key အချိတ် အဆက်ပေါ်မှာ Modern Rock ဟန်လိုလို Thrash Metal ဟန်လိုလို ဖန်တီးယူသွားတဲ့ Arrangement ကြောင့်လည်း ဒီသီချင်းဟာ လေးဖြူရဲ့ ဒိုင်ယာရီ စာမျက်နှာပေါ်မှာ မှတ်မှတ်ရရ ရှိနေခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။
နောက်တပုဒ် ကတော့ ဇဝါရေးတဲ့ “ကြိုး” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းပုံစံဟာ ဇဝါရဲ့ သီချင်းပုံစံတွေထဲမှာ တွေ့ရခဲတဲ့ Music Style မျိုးဖြစ်ပါတယ်။ တချို့နေရာလေးတွေမှာ Creed ရဲ့ ဟန်လေးတွေ အနည်းငယ် စွက်နေတာ ကလွဲလို့ Daughtry ရဲ့ Frame ထဲရောက်နေတဲ့ သီချင်းတပုဒ်လို့ ဆိုရမှာပါ။
Intro အဖွင့်မှာ Drum ရိုက်ချက်တွေရဲ့ အယူအဆနဲ့ Guitar Vamp ရဲ့ တီးခတ်မှု Scale က Creed လောင်းရိပ် အောက် အနည်းငယ်ရောက်နေပြီး Daughtry Mood ဆန်တဲ့ Verse အပိုဒ်က စကားလုံးအရရော Melody အရပါ နှစ်လိုဖွယ် ကောင်းတာကို တွေ့ရပါတယ်။
သီချင်းပုံစံအရ Modern Rock လို့ သတ်မှတ်လို့ မရသလို British Rock ပေါ်မှာ အခြေပြုပြီး Modern Rock ဘက်ကို ချိုးယူသွားတဲ့ ဖန်တီးမှုက ဒီသီချင်းရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ Chorus ပိုဒ်ရဲ့ “ဖြတ်ခဲ့ပါ … မင်းနောက်က မင်းကို ဆွဲထားတဲ့ ကြိုးများ … ဖြတ်ခဲ့ပါ… မင်းနောက်က မင်းကို ဆိုင်းထားတဲ့ ကြိုးများ … ဖြတ်ခဲ့ပါ မင်းနောက်က မင်းနောက်က ကြိုးများ” ဆိုတဲ့ လေးနက် ကျစ်လစ်တဲ့ စကားလုံးတွေကို Force ပြင်းပြင်းနဲ့ သီဆိုသွားတဲ့ လေးဖြူရဲ့ Vocal Color က Mood ကော၊ Expression ပါ အားကောင်းလှပြီး Daughtry Mood တွေ စီးဝင်နေသယောင် ခံစားမိစေပါတယ်။
Solo ပိုင်းမှာ Drum နဲ့ Guitar ကို အပေးအယူ မျှမျှ တီးခတ်ထားတဲ့ Arrange ကလည်း တိမ်းမူးဖွယ်ရာ ကောင်းလှ ပါတယ်။ ဒါ့အပြင် ချစ်စမ်းမောင်ရဲ့ ပဉ္စလက် ဆန်တဲ့ Guitar Scale တွေကလည်း သီချင်းရဲ့ Tempo ကို ပိုမို ပေါ်လွင် စေခဲ့ ပါတယ်။
သေချာတာတခုက Melodic ဖြစ်လှတဲ့ Chorus အပိုဒ်ကို အသံပါဝါ အားပြင်းပြင်းနဲ့ သီဆိုသွားတဲ့ လေးဖြူရဲ့ Vocal Mood ကြောင့် ဒီသီချင်းဟာ ပိုပြီး အားကောင်းလာရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် British Rock ဟန်ပေါ်မှာ Modern Rock Style ဆက်နွယ်အောင် ချိတ်ဆက်ဖန်တီး ပြနိုင်ခဲ့ခြင်းကြောင့်လည်း ဒီသီချင်းဟာ သစ်လွင်လတ်ဆက်တဲ့ Rock သီချင်းတပုဒ် အဖြစ် “ဒိုင်ယာရီ” ထဲမှာ ထင်ကျန်နေတာ ဖြစ်ပါလိမ့်မယ်။
“ဒိုင်ယာရီ” စာမျက်နှာပေါ်မှာ နောက်ထပ် မှတ်မှတ်ရရ ဖြစ်စေမယ့် သီချင်းတပုဒ်ကတော့ MEJU ရဲ့ “ကမ္ဘာမြေ အောက်” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီ သီချင်းဟာ Gothic Rock ပုံစံထဲမှာ ရှိနေတာကို Intro မှာ တီးခတ်ထားတဲ့ Guitar Color နဲ့ Drum Stroke တွေက ဖော်ပြနေပါတယ်။ Verse အပိုဒ်ကို မဝင်ခင် ဖန်တီးထားတဲ့ ခြောက်ကပ်ကပ် Guitar Vamp တွေဟာ ဂျာမန် Gottic ဂီတအဖွဲ့ Ramstein ရဲ့ အရိပ်တွေ ထင်ဟပ်နေတာကို သတိထားမိခဲ့ပါတယ်။
ဂစ်တာကြိုးကို ပွတ်ဆွဲသွားတဲ့ ဟန်နဲ့ Guitar Vamp တွေက Gothic Rock ဂီတရဲ့ ရသကို အပြည့်အဝပုံဖော်နိုင်ခဲ့ပြီး Verse အဝင်မှာ Crack အနည်းငယ်စွက်ထားတဲ့ လေးဖြူရဲ့ Vocal Mood က Ramstein ရဲ့ Mood အချို့ တွယ်ကပ် နေဟန် ရှိပါတယ်။
Verse နဲ့ chorus သီးခြားစီ ရှိမနေဘဲ သီချင်းတပုဒ်လုံးကို တဖြောင့်တည်း ဖန်တီးထားတဲ့ Style က ဒီသီချင်းရဲ့ ထူးခြားမှု တခုလို့ ဆိုရမှာပါ။ သီချင်း အကြောင်းအရာ ကိုလည်း Gothic ဂီတပုံစံတွေမှာ တွေ့ရလေ့ရှိတဲ့ အကြောင်းအရာမျိုး ဖန်တီးထားတာကို တွေ့ရပါတယ်။
“ဟန်ဆောင်နေတဲ့ မျက်နှာဖုံးတွေက ကမ္ဘာမြေအောက်ပဲ … သေချာနေတဲ့ လုပ်ရပ်တွေက အဓိပ္ပာယ်မဲ့တယ်” စတဲ့ စကားလုံးထုဆစ်မှုက လေးနက်မှုရှိသလို Crack ပါတဲ့ လေးဖြူရဲ့ Vocal Force က မာန်ပါလှပြီး သီချင်းရဲ့ Calimax ကို ရောက်အောင် ဖမ်းစားနိုင်ခဲ့ပါတယ်။
Backing အနေနဲ့ အားဖြည့်ပေးထားတဲ့ Guitar Vamp တွေနဲ့ Solo အနေနဲ့ ဖန်တီးထားတဲ့ Guitar Riff တွေက တခြား Rock အပြင်းစား ပုံစံတွေထဲက ခွဲထွက်နိုင်ခဲ့တာ ကြောင့်လည်း Gothic Rock ဂီတကို နှစ်သက်ကြတဲ့ လူငယ်များ အကြိုက်တွေ့ကြမှာ မလွဲသလို၊ Gothic ဂီတနဲ့ စိမ်းနေသေးတဲ့ လူငယ်တွေအတွက်လည်း Gothic Rock ဂီတရဲ့ အနှစ်သာရကို မြည်းစမ်း ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။
အနှစ်ချုပ် ရရင် လေးဖြူဟာ သူ့ Album တိုင်းက သီချင်းတွေကို သေချာ စိစစ်ရွေးချယ်ပြီးမှ ပုံဖော်တတ်သလို၊ သီချင်း ရွေးချယ်မှု အပိုင်းမှာလည်း ပါးနပ်မှုရှိတာကြောင့် သူ့ Album တိုင်းဟာ အောင်မြင်မှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေးဖြူဟာ ခေတ်သစ်ဂီတ ရေစီးကြောင်းနောက်ကို မျက်ခြေမပြတ် လိုက်ပါ စီးမျောနိုင်သူ တယောက် ဖြစ်ကြောင်းကို သူရဲ့ “ဒိုင်ယာရီ” Album ထဲက သီချင်းတွေက ဆက်လက် သက်သေထူပြနေဦးမှာပါပဲ။ ။