Culture

အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တွေကို ချိတ်ဆက်ပြတဲ့ Kate Bowen ရဲ့ ပန်းချီကားများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လောကဓံတရား၊ အဖြစ်အပျက်များ၊ ရွေ့လျားနေတဲ့ သမိုင်းစဉ်နဲ့ လူသားရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ကျင့်ဝတ် သိက္ခာနဲ့ တန်ဖိုးတွေ အထိ ထင်ဟပ်ပြတဲ့ အလှအပထက် Concept ကို အခြေပြု ဖန်တီးတင်ပြတဲ့ ပန်းချီကားတွေကို Gallery 65 ပြခန်းမှာ တွေ့ရပါတယ်။

Kate Bowen ရဲ့ မြန်မာမီးရထား ဌာန ရုံးချုပ် အဆောက်အဦ ပန်းချီပြပွဲကို မတ် ၁၄ ကနေ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းက Gallery 65 မှာ ခင်းကျင်းပြသပါတယ်။ လောကသဘာဝ ဖြစ်ခြင်း၊ ပျက်ခြင်းနဲ့ မတည်မြဲခြင်းရဲ့ သဘောကိုပါ အတွေးစဉ် ဆက်သွားစေတဲ့ ပြပွဲတခုလို့ သုံးသပ်ချင်ပါတယ်။

Kate Bowen ဟာ ရန်ကုန်မှာ နေထိုင်လျက်ရှိတဲ့ အင်္ဂလိပ်လူမျိုး ပန်းချီဆရာမ တဦးပါ။ ၂၀၁၃ ခုနှစ် ဇူလိုင်က သူ  မြန်မာပြည်ကို ရောက်ရှိခဲ့ပါတယ်။ သူ ဒီကို မရောက်ခင်က လန်ဒန်မှာ မြို့ပြပြောင်းလဲမှု၊ အိုလံပစ် အားကစားရုံကြီး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ ပုံစံတွေ၊ ပန်းချီကားတွေကို ရေးဆွဲခဲ့သူ ဖြစ်တယ် လို့ သိရတယ်။ ရန်ကုန် ရောက်လာတဲ့ အခါမှာတော့ ရန်ကုန်မြို့ပြ မြင်ကွင်းတွေကို ရှုထောင့်အမျိုးမျိုးကနေ ပန်းချီကားတွေ ရေးဆွဲဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်က သက်တမ်း နှစ်ပေါင်း ၁၄၀ နီးပါး ရှိတဲ့ မြန်မာ့မီးရထားဌာန ရုံးချုပ် အဆောက်အဦကို သတိပြုမိပြီး ပန်းချီရေးဆွဲဖို့ ဆန္ဒ ဖြစ်ပေါ်လာတယ်လို့ သူ့ရဲ့ ပြပွဲကက်တလောက်မှာ ဖော်ပြထား ပါတယ်။ ၁၈၇၇ ခုနှစ် ကတည်းက ဂဝံကျောက်တုံးတွေနဲ့ တည်ဆောက်ခဲ့တဲ့ အဲဒီ အဆောက်အဦကြီးဟာ မီးရထား ကုမ္ပဏီ ၃ ခုရဲ့ ဌာနချုပ် ဖြစ်ခဲ့သလို သမိုင်းဝင်၊ သမိုင်းစဉ်ကိုလည်း ပြန်လည် ပြောပြနေတဲ့ အဆောက်အဦကြီးပါ။

အဲဒီ အဆောက်အဦကြီးရဲ့ အပြင်ပိုင်းနဲ့ အတွင်းပိုင်းတွေကို ပုံကြမ်းတွေ ရေးခြစ်၊ ပန်းချီကားတွေ ရေးဆွဲ မှတ်တမ်း ပြုနိုင် ခဲ့တာ ဖြစ်ပြီး၊ ပန်းချီကား အားလုံးဟာ တိတ်ဆိတ်ခြင်း ကိုယ်စီနဲ့ နေရာလွတ်တွေ ကြားထဲမှာ သိမ်မွေ့ နူးညံ့မှုတွေကို ဖော်ပြရင်း တစုံတရာ ဆွဲငင်အား ရှိနေပါလိမ့်မယ် လို့ ပြပွဲ ကက်တလောက်မှာ ဖော်ပြထားပါတယ်။

Kate Bowen ရဲ့ ပန်းချီလက်ရာတွေဟာ နာကျင်မှုထဲက အလှအပတွေ၊ ဟောင်းနွမ်းမှုထဲက အလှတရားတွေ တွေ့လိုက်ရသလို၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ နောင်အနာဂတ် လားရာကိုပါ ထင်ဟပ်ပြနေပါတယ်။ အဲဒီအထဲမှာ လူ့ဘဝ ဖြစ်တည်မှုတွေ ကိုလည်း တဆက်တည်း စဉ်းစား ခံစားမိစေပါတယ်။ မီးရထားရုံးချုပ် အဆောက်အဦ ပန်းချီပြပွဲဟာ ကျနော်တို့ကို လှုပ်နှိုးပြီး အနုပညာ ဖန်တီးရာမှာ အိုင်ဒီယာနဲ့ ဖန်တီးမှုပေါင်းစပ် ယူပုံကို လှစ်ပြတဲ့ ပြပွဲလို့ ပြောနိုင်ပါ တယ်။

အနုပညာလက်ရာ တခု ဖန်တီးဖို့ အတွက် သူဘယ်လို ပြင်ဆင်ပါလိမ့်။

“ကျမ ပုံတွေဆွဲမယ်၊ အရုပ်တွေ ရေးမယ် ဆိုပါတော့၊ အဲဒီမှာ ကျမက လောကကို ငေးမောကြည့်မယ်၊ ပြီးတော့ စဉ်းစားမယ်၊ အဲဒီမှာ ကျမရဲ့ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးကို ရှာပြီး ရေးဆွဲပါတယ်” လို့ Kate Bowen က ပြောပါတယ်။

သူက ဆက်ပြီး “၂၀၁၃ အထိ အရှေ့တောင်အာရှ နိုင်ငံတွေကို ကျမ မရောက်ဖူးသေးဘူး။ ကျမ ဒီကိုရောက်ရော ဘယ်လို အရာတွေက ကျမရဲ့ စိတ်ကို ထိခတ်စေသလဲ ဆိုတာ စဉ်းစားပါတယ်။ ဒီက လူတွေကတော့ နွေးထွေးပျူငှာ ရက်ရော ကြင်နာတတ်တဲ့ လူမျိုးဆိုတာ တွေ့ရတယ်။ မြို့ကြီးတွေ အတော် များများမှာတော့ အပြောင်းအလဲ ကာလထဲမှာ မင်သက် ငေးကြောင်ပြီး ကြက်သေ သေနေသလိုမျိုး ဖြစ်နေပုံရပါတယ်။ ဒါပေမယ့် ဒါဟာ မြန်မြန် သွက်သွက် ပြောင်းလာမယ့် အနေအထားပါ။ ဒီ ကူးပြောင်းချိန် အနေအထားကို လျင်မြန်စောစီးစွာ အမိအရ ဖမ်းဆုပ်နိုင်ကြဖို့ ပါ” လို့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်း အနေအထားနဲ့ ပတ်သက်ပြီး သူ့အမြင်ကို တပါတည်း ပြောပြ ပါတယ်။

သူဟာ ဆီဆေး၊ ရေဆေးအပြင် ခဲခြစ်၊ မင်ခြစ် စတဲ့ မီဒီယံတွေအသုံးပြုရာမှာ ကျွမ်းကျင်သလို ရေးဆွဲ ဖန်တီးရာမှာလည်း ဝန်းကျင် အငွေ့အသက်နဲ့ နီးဝေးအမြင် Perspective ကို ထူးခြားဆွဲဆောင်မှု ရှိအောင် ပေါင်းစပ်တွဲယူ ဖန်တီးနိုင်တာ တွေ့ရပါတယ်။

မြန်မာ့ မီးရထားဌာန ရုံးချုပ် ပန်းချီပြပွဲ ကျင်းပနေချိန် မှာတော့ ၁၉၉၄ ခုနှစ်ကတည်းက အစွန့်ပစ်ခံခဲ့ရတဲ့ Gothic ခေတ်လက်ရာပုံစံ အဲဒီ သမိုင်းဝင် အဆောက်အဦးကြီးကို ပြန်လည် မွမ်းမံပြီး ရှေးဟောင်း အမွေအနှစ် ဟိုတယ်ကြီး အဖြစ် အသစ်တဖန် ပြန်လည်အသုံးပြုဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

“မြန်မာ့ ပန်းချီလောကက လှုပ်လှုပ်ရှားရှား ထွေထွေပြားပြား စုံစုံလင်လင် ရှိနေပါတယ်။ တက္ကသိုလ်က သမရိုးကျ ရိုးရာ ပန်းချီ ရေးဆွဲနည်း တွေကိုသာ အခြေခံကျွမ်းကျင်မှုကို သင်ကြားပေးနေတယ် ဆိုပေမယ့် သမရိုးကျ မဟုတ်တဲ့ သင်တန်း တွေလည်း ရှိနေပြီး အနုပညာ ဖန်တီးမှုမှာ Concepts သစ်တွေ၊ မီဒီယံသစ်တွေကို ပါဖောမန့် ကနေ ဗီဒီယိုအနုပညာတွေ၊ အင်စတော်လေးရှင်း တွေမှာပါ တွေ့ရပါတယ်” လို့ သူက မြန်မာ့ အနုပညာ လောကနဲ့ ပတ်သက်လို့ သုံးသပ်ပါတယ်။

သူ့ရဲ့ အနုပညာလက်ရာ ဖန်တီးမှုနဲ့ ပတ်သက်ပြီး တော့လည်း သူက “အလှအပနဲ့ စိတ်ခံစားမှုက တွဲစပ် ထိကပ်နေ ပါတယ်။ ပြီးတော့ မတူခြားနားတဲ့ မီဒီယံနဲ့ ဖန်တီးတင်ပြမှုတို့ အပြန်အလှန် တုံ့လှယ်မှုကနေ Concept ကို ဆင့်ပွား ယူရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အနုပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အယူအဆနဲ့ မြန်မာပြည်မှာ သူ ဆက်လက်လုပ်ဆောင်မယ့် အနုပညာ အစီအစဉ်တချို့ အကြောင်းကိုလည်း သူက ရှင်းပြပါတယ်။

“အနုပညာက လူ့အဖွဲ့အစည်းနဲ့ လောကဝန်းကျင် အတွက် အရေးပါပါတယ်။ အနုပညာရှင်တွေက လူ့အဖွဲ့အစည်းနဲ့ လောကဝန်းကျင်ကို ရောင်ပြန် ထင်ဟပ် တင်ပြဖို့နဲ့ သရုပ်ဖော် တင်ပြ အသိပေးဖို့ ကြိုးစားရမှာ ဖြစ်တယ်။ မြန်မာ အနုပညာရှင်တွေနဲ့ တွေ့ဆုံဖို့၊ အိုင်ဒီယာတွေ ဖလှယ်ဖို့ စိတ်အား ထက်သန်လှပါတယ်။ ကျမ အနေနဲ့ မြို့ထဲလမ်းမတွေ ပေါ်မှာ အနုပညာ လက်ရာတွေ ပိုပိုပြီး ဖန်တီးချင်ပါသေးတယ်၊ ပြီးတော့ ရန်ကုန်မြို့ အပြင်က ကျေးလက်ဒေသနဲ့ ကျေးရွာတွေကို သွားရောက်ပြီး အနုပညာ လက်ရာတွေ ဖန်တီးချင်ပါတယ်။ မိဘမဲ့ ကလေးဂေဟာ တခုမှာ ဆွေးနွေးပွဲ တခု လုပ်ဖို့လည်း ရှိနေပါတယ်” လို့ သူက ဆိုပါတယ်။

၁၉၆၀ ပြည့်နှစ် ဇွန် ၂၇ ရက်နေ့ဖွား ပန်းချီဆရာမ Kate Bowen ဟာ ရန်ကုန်မှာ လက်ရှိ နေထိုင်လျက် ရှိပြီး ရန်ကုန်သာ မက နိုင်ငံတဝန်းက တခြား ဒေသတွေကိုပါ သွားရောက်ပြီး မတူညီတဲ့ အနေအထား၊ ခြားနားတဲ့ မြင်ကွင်းတွေကို လေ့လာရင်း ကွဲပြားတဲ့ အနုပညာ ဖန်တီးမှုတွေ ပြုလုပ်ဦးမယ်လို့ သိရပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading