မြေသိမ်း ခံရသူတွေနဲ့ မြေသိမ်းသူရဲ့ လက်ပါးစေတို့ ထိပ်တိုက် ရင်ဆိုင်မှုဟာ ကျမတို့ ရှေ့မှာ။ “ခရိုနီ အလိုမရှိ”၊ “မြေသိမ်းမည့် စီမံကိန်း ခုချက်ချင်းရပ်”၊ “ဒါ ဒို့ပြည် ဒါ ဒို့မြေ ဒါ ငါတို့ပြည်” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ မြေသိမ်း ခံရသူတွေ ပါဝင်တဲ့ လူအုပ်ကလည်း ရှေ့ကို တရွေ့ရွေ့ တိုးလာသလို ဘူဒိုဇာတစီး၊ တုတ်ကိုင်ဆောင် ထားတဲ့ လူတသိုက်ကလည်း အားနဲ့ မာန်နဲ့ ရှေ့ကို တိုးလာပါ ရော။ မလှမ်းမ ကမ်းမှာတော့ “သတိ… ကုမ္ပဏီပိုင် စက်ရုံ စီမံကိန်းမြေ၊ မကျူးကျော်ရ၊ ကျူးကျော် ဝင်ရောက်နေထိုင်သူများ သတ်မှတ်ရက် အတွင်း အမြန်ဆုံး ဖယ်ရှား ပေးရန်” ဆိုတဲ့ ဆိုင်းဘုတ်နီ။
ဘူဒိုဇာနဲ့ တည့်တည့်တွေ့ ပေမယ့် မြေသိမ်း ခံရသူတွေက မရပ်ပါဘူး။ ထူးခြားတာက သူတို့ အထဲမှာ ပါဝင်နေတာ သက်ကြီးရွယ်အိုတွေ။ အမျိုးသားကြီး တဦးက ရှေ့ကို ထပ်တိုးတယ်။ ဘူဒိုဇာကလည်း ကော်ထုတ်ဖို့ ဟန်ပြင်တယ်။ “ငါသေမှ ဒီမြေရမယ်” လို့ ကြွေးကြော်ရင်း ဘူဒိုဇာကို တည့်တည့် ရင်ဆိုင်လိုက်တဲ့ သူ့ရှေ့မှာတော့ သေခြင်းဟာ လက်တကမ်းမှာ။ ဒီလူကြီးကိုများ ကော်ထိုးမိတော့ မလားလို့ ရင်ထိတ်ရပေမယ့် တကယ်တမ်းတော့ ဘူဒိုဇာက ရပ်တန့်သွားတယ်။
ဒါပေမယ့် မရပ်တာကတော့ လက်ပါးစေတွေ။ အသင့်ဆောင်လာတဲ့ တုတ်တွေနဲ့ လူကြီးသူကြီး မရှောင် စိတ်လိုလက်ရ ရိုက်နှက် ပါတော့တယ်။ မြင်ကွင်းဟာ ရုတ်ရုတ်သဲသဲ။ မနေ့တနေ့က ကြုံခဲ့ရတဲ့ အညှာအတာ ကင်းကင်း ရိုက်နှက်ခြင်း အဖြစ်တွေဟာ ခုပဲ ကိုယ်တိုင် မြင်တွေ့ နေရသလို။
တကယ့်ပြင်ပက ဆန္ဒပြပွဲတခုဆီ ကျမ ရောက်နေတာ မဟုတ်ပါဘူး။ သမ္မတ ရုပ်ရှင်ရုံမှာပါ။ အခုတပတ် ရုံတင်ပြသတဲ့ ‘လူကြီးမင်း ခင်ဗျား’ ရုပ်ရှင်ဇာတ်ကားကို ကြည့်နေတာပါ။ ရုပ်ရှင်ရိုက်ခဲ့တဲ့ အချိန်နဲ့ ရုံတင်ပြသတဲ့အချိန်ဟာ ကွာခြားနိုင် ပေမယ့် လက်ရှိ ကာလနဲ့လည်း တထပ်တည်း ကျနေတဲ့မြင်ကွင်းဟာ ကျမကို တခဏ ငြိမ်သက်ဆွံ့အ စေခဲ့ပါတယ်။
‘လူကြီးမင်း ခင်ဗျား’ ရုပ်ရှင်မှာ အဓိက အခြေတည်ထားတဲ့ နေရာကတော့ ပြင်ဦးလွင်မြို့နယ်က မေတ္တာမွန် ဘိုးဘွား ရိပ်သာပါ။ ဘိုးဘွားရိပ်သာက အဘိုးတွေ အဘွားတွေ အပေါ် သံယောဇဉ်ကြီးလှပြီး တဖက်မှာတော့ ဒီမြေကို ကာကွယ် စောင့်ရှောက်ရင်းက ချစ်သူကို လက်လွှတ်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ ရိပ်သာ တာဝန်ခံ ပြည့်စုံအဖြစ် ပြေတီဦး၊ ရိပ်သာ မြေကို မိဘတွေ လက်ထက်က လှူထားတာကို ခုတုံးလုပ် အကြောင်းပြုပြီး စက်ရုံစီမံကိန်းမြေ အဖြစ် သိမ်းရာ မှာ ပူးပေါင်းပါဝင်တဲ့ သူဌေး ဦးမြတ်မင်းအဖြစ် ဇင်ဝိုင်း၊ ဖခင်နဲ့ ထိပ်တိုက်ရင်ဆိုင် နေရသူကိုမှ ချစ်မိတဲ့ သီရိ အဖြစ် ဝတ်မှုံရွှေရည်၊ မြေသိမ်းမှု သတင်းကို လိုက်တဲ့ သတင်းထောက်မလေး အဖြစ် ချမ်းမီမီကို၊ သီရိနဲ့ လက်ထပ်ပေးဖို့ မိဘ သဘောတူထားသူ အဖြစ် ညီထွဋ်ခေါင်၊ ပြည့်စုံကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ ရိပ်သာက အဘိုးတွေ အဘွားတွေ အဖြစ် အောင်လွင်၊ ဇော်ဦး၊ ဦးတိမ်ညွန့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်ခင်လေးဆွေ၊ ဒေါ်စမ်းစမ်းဝင်း အစရှိတဲ့ ဇာတ်ပို့ ဇာတ်ရံကောင်းတွေနဲ့ ပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကို လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးခဲ့တာပါ။
ရုပ်ရှင်ကို ခေတ်ရှေ့ပြေးပုံစံ ဝတ်ဆင်ထားတဲ့ အဘိုးကြီး ၃ ယောက်က မိန်းကလေး တယောက်ကို လိုက်ပြီး စကားပြောတဲ့ ဇာတ်ဝင် ခန်းနဲ့ စပါတယ်။ နေ့ခင်းဘက်ကြီး ဖွင့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို မိန်းကလေးက သွားတိုင်တော့ ပြည့်စုံက လိုက်ပြီး ဖြေရှင်းရ။ တကယ်တော့ ဒီအဘိုးတွေ လိုက်ပြီး စနောက်ကြတယ် ဆိုတာလည်း သူတို့ အတွက် မဟုတ်ပါဘူးတဲ့။ မိန်းကလေးတွေနဲ့ ကင်းလှပြီး ဒီအသက်အရွယ်အထိ တယောက်တည်း ဖြစ်နေတဲ့ ပြည့်စုံအတွက် ဖြစ်ပါသတဲ့။ ဒီတော့မှသာ ဒီအဘိုးတွေက ဘိုးဘွားရိပ်သာက အဘိုးတွေ ဖြစ်ကြောင်း ပရိသတ်က သိခွင့် ရသလို ရိပ်သာကိုလည်း စပြီး မိတ်ဆက်ပါတယ်။
ခိုကိုးရာမဲ့ အဘိုးအဘွား ၅၀ လောက် မှီခိုရှင်သန်နေရတဲ့ မေတ္တာမွန်ဟာ ခြံအကျယ်အဝန်း ၅ ဧက ရှိပါတယ်။ ပြင်ဦးလွင် ထုံးစံ ခြံတဝင်းလုံး သစ်ပင်ပန်းမန် ဝေဆာလှပလို့။ အဲဒီ မြေကိုတော့ သူဌေး ဦးမြတ်မင်းရဲ့ မိဘတွေက လှူခဲ့တာပါ။ လောက ကမ္ဘာထဲ ခိုကိုးရာ မရှိတဲ့ အဘိုးအဘွားတွေ၊ သားသမီးရှိ ပေမယ့် မပြည့်စုံတဲ့၊ သားသမီးတွေက မစောင့်ရှောက်နိုင် တော့လို့ ရိပ်သာကို ရောက်လာတဲ့ အဘိုးအဘွားတွေ၊ ပစ္စည်းဥစ္စာ ရှိသော်ငြား ကူဖော်လောင်ဖက် အတူနေပေးနိုင်တဲ့ သားသမီး မရှိလို့ ရိပ်သာကို ခိုကိုးလာရတဲ့ အဘိုးအဘွားတွေ..။ ဘ၀ ဘဝတွေကို အကွက် အကွက် ကလေးတွေနဲ့ တပိုင်းတစ မြင်ကြရပါတယ်။
ဖခင် နောက်အိမ်ထောင် ပြုတော့ မိထွေး မကြည်ဖြူတာနဲ့ ဘိုးဘွားရိပ်သာ အပို့ခံရတဲ့ အဘိုးကို မြင်ဖူးထားတဲ့ ပြည့်စုံ၊ ငယ်စဉ်က စောင့်ရှောက်သူမဲ့လို့ လေလွင့်လုလု ကလေးတယောက်ကို စောင့်ရှောက်ခဲ့ကြတဲ့ အဘိုးအဘွားတွေ ရှိရာ ရိပ်သာ အတွက်ပဲ သူ့ဘဝကို မြုပ်နှံခဲ့တဲ့ ပြည့်စုံဟာ တနေ့မှာတော့ ရိပ်သာခြံဝင်းထဲ ယုန်ကလေးကို အပြေး လိုက်ရှာတဲ့ သီရိဆိုတဲ့ မိန်းမချောလေးကို စိတ်ဝင်စား မိပါတော့တယ်။
သီရိဟာ ဦးမြတ်မင်းရဲ့ သမီးလေးဆိုတာလည်း သိခွင့်ရလိုက်ပါတယ်။ ရိပ်သာကို ရောက်ဖူးပြီး နောက်ပိုင်းတော့ ဒီလို ရှင်သန်ရတဲ့ ဘဝတွေ ရှိပါလားရယ်လို့ သိနားလည်သွားတဲ့ သူဌေးသမီးလေးဟာ အဘိုးအဘွား တွေဆီ မကြာမကြာ လာပြီး ပြုစုစောင့်ရှောက်ပါ တော့တယ်။ တဖက်မှာလည်း ပြည့်စုံနဲ့ သီရိအကြားက သံယောဇဉ်ကြိုးစက နှောင်တည်းစ ပြုခဲ့ပါပြီ။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ လိုက်ပါလာတဲ့ သိသာသော အရွေ့တခုဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟာ ဒီရုပ်ရှင်မှာ နောက်ခံကားချပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူသား သယံဇာတ၊ ရေမြေသယံဇာတ ပေါများတော့ ရင်းနှီးမြုပ်နှံသူတွေ ဝင်လာတဲ့အခါ ဒီ အားသာချက်ကိုပဲ ဆုပ်ကိုင်ဖို့ ပြင်ကြတယ်။ ပွင့်လင်းမြင်သာမှု၊ ထုတ်ဖော်ပြော ဆိုနိုင်မှု အထိုက်အလျောက်(အထိုက်အလျောက်) ရလာတဲ့ ခေတ်အခါမှာ သတင်းစာမျက်နှာများ၊ ရုပ်သံများက တဆင့် သိမြင်ကြရတဲ့ ပြဿနာများစွာထဲ အဓိကနေရာယူထားတဲ့ မြေသိမ်းမှုထဲက တချို့ဟာ ဒီလို ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကြောင့် ပေါ်ပေါက်လာတာ ပါပဲ။ အရင်က မထင်မရှား သိမ်းတယ်။ မစို့မပို့ လျော်ကြေးပေးတယ်။ လျော်ကြေး မယူရင်လည်း ပြောင်းတာက ပြောင်းပေးရမှာကြောင့် လျော်ကြေး ယူရတယ်။ တချို့လည်း လျော်ကြေးမရဘူး။ ဘဝတွေပျက်တယ်။ ဒါပေမယ့် ပြောလည်း မပြောရဲဘူး။ ဆန္ဒပြဖို့ဆိုတာ ဝေလာဝေး။
အခုခေတ်မှာတော့ ဆန္ဒပြပွဲ ဆိုတာ မိုးဦးမိုးစက်တွေလို ဟိုနားဖျောက်ဖျောက် ဒီနား ဖျောက်ဖျောက်ပါ။ “သိမ်းဆည်းထားတဲ့မြေ ပြန်ပေး” ဆိုတာ ကျမတို့ မကြာမကြာ မြင်ရတတ်တဲ့ ဆိုင်းဘုတ်တမျိုးပါပဲ။ ‘လူကြီးမင်း ခင်ဗျား’ ရုပ်ရှင်မှာလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စက်ရုံ စီမံကိန်းကြောင့် မြေသိမ်းရာမှာ မေတ္တာမွန် ဘိုးဘွားရိပ်သာ လည်း ပါပါတယ်။ သက်ကြီးတွေ ဘယ်သွားလို့ ဘယ်လာရမှန်း မသိ။ ပြည့်စုံဟာ ဦးမြတ်မင်းနဲ့ ဆွေးနွေးပါသေးတယ်။ ဒါပေမယ့် ဦးမြတ်မင်းကတော့ သူ့ထက် စီးပွားရေး လမ်းစကောင်းသူ ခရိုနီတဦးရဲ့ သြဝါဒနဲ့ လက်ခံလိုက်တဲ့ စီးပွား အကွက်ကို လက်မလျှော့ပါဘူး။ ဒီ့အပြင် သမီးပေး သားယူ စီမံကိန်းတောင် ချထားပြီးသားမို့ ပြည့်စုံကို နောက်ဆုတ် ခိုင်းလိုက်ပါတယ်။
ချစ်သူနဲ့ ဖခင်ကြား ဗျာမများ စေချင်တာကြောင့် သီရိအပေါ် ချစ်ကြောင်း စကားတခွန်း မဟခဲ့တဲ့ ပြည်စုံဟာ ရိပ်သာကို ရောက် ရောက်လာတတ်တဲ့ သီရိကို ရှောင်ပါတော့တယ်။ သတင်းထောက်မလေးနဲ့လည်း အထင်လွဲအောင် ကြံပါတယ်။ သတင်းထောက်မလေး ကတော့ ပြည့်စုံ သူ့ကို တကယ်ပဲ ရည်းစားစာပေးတယ် ထင်ပြီး စိတ်ကူးယဉ်လို့။ (စိတ်ကူးယဉ်တဲ့အခန်းမှာ ဘီယာသောက်၊ မှောက်အန်၊ နောက်တော့ ပြည့်စုံက ကုန်းပိုးခေါ်တာကို တေးသီချင်း နောက်ခံနဲ့ပြတော့ ကိုရီးယားဆန်လှချည့်လို့ တွေးမိပါသေးတယ်)။ နောက်ဆုံး သီရိက ရည်းစားစကား စပြောပြီး ထွက်ပြေးကြရအောင် ဆိုတာကိုတောင် ပြည့်စုံက ငြင်းခဲ့ပါတယ်။
ဇာတ်ရှိန် အမြင့်ဆုံး အပိုင်းကတော့ စောစောက ပြောခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ဖြိုခွဲတဲ့ မြင်ကွင်း။ လူကြီးတွေကိုပါ ရိုက်နှက် တော့ ပြည့်စုံက ဝင်ထိန်းတဲ့ အခါ ပြည့်စုံကို ရိုက်နှက်ဖို့ ပြင်တယ်။ မြန်မာဇာတ်ကားဆန်ဆန်ပဲ သီရိက ဝင်ခံလိုက် ပါတယ်။ ခေါင်းကွဲဒဏ်ရာနဲ့ သီရိ ဆေးရုံတက်ရတော့ ဦးမြတ်မင်းနဲ့ ပြည့်စုံ နောက်တကြိမ် ထိပ်တိုက်တွေ့ပါတယ်။ ပရဟိတ အလုပ်ကို စွန့်လွှတ်ရင် သမီးနဲ့ သဘောတူမယ် လို့ ဆိုတယ်။ သီရိကို ချစ်သော်လည်းပဲ ပရဟိတ အလုပ်ကို စွန့်လွှတ်ပြီး ခရိုနီ့သမက်တော့ မလုပ်နိုင်တဲ့ ပြည့်စုံဟာ ‘လူကြီးမင်း ခင်ဗျား’ လို့ အစချီတဲ့ စာရှည်ကို ရေးပါတယ်။ စာ အသွားအလာအရ နိုင်ငံအုပ်ချုပ်သူဆီ ရည်ရွယ်ရေးတယ် လို့ ယူဆရပါတယ်။ အဲဒီစာ ပို့ဖြစ်သလား၊ မပို့ဖြစ်ဘူးလား ဆိုတာတော့ ရုပ်ရှင်က ထပ်မဖော်ပြပါဘူး။
စာထဲမှာတော့ “ခရိုနီဆိုတဲ့ အဓိပ္ပာယ်ကို အဘိဓာန်မှာ ရှာကြည့်ရင် မိတ်ဆွေ၊ အပေါင်းအသင်း၊ ရောင်းရင်း၊ လူရင်း ဆိုတဲ့ အနက်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေရဲ့ မိတ်ဆွေ၊ ဘယ်သူတွေရဲ့ အပေါင်းအသင်း ရောင်းရင်းလဲ ဆိုတာကိုတော့ လူကြီးမင်း ကိုယ်တိုင် ချင့်ချိန် စဉ်းစားနိုင်လိမ့်မယ် လို့ မျှော်လင့်မိပါတယ်”လို့ ပြည့်စုံက ဆိုတယ်။ “ခေတ်အဆက်ဆက်က ဝါဒ မဖြူစင်ခဲ့မှုတွေကြောင့် မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်ထားခဲ့ရတဲ့ လူတွေ အနေနဲ့ကတော့ ဒီယှဉ်ပြိုင်မှုတွေဟာ ပြင်းထန်ခါးသီးလွန်းလှပါတယ်”။ “လူကြီးမင်းအနေနဲ့ လက်ယာလက်နဲ့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် လမ်းညွှန်ပေးသလိုပဲ လက်ဝဲလက်နဲ့ ပူဆွေးသောက ရောက်နေတဲ့ ပြည်သူတွေ စီးကျနေတဲ့ မျက်ရည်ကို သုတ်ပေးဖို့ အနူးအညွှတ် မေတ္တာရပ်ခံ..”လို့ ပြည့်စုံက ဆက်ပြီး ရေးပါတယ်။
ဇာတ် အသိမ်းကတော့ အပျော်နဲ့ပဲ သိမ်းပါတယ်။ ခွင့်ပြုမိန့် မရဘဲ ဆန္ဒပြလို့ မေးမြန်းစရာရှိတယ် ဆိုပြီး အခေါ်ခံရတဲ့ ပြည့်စုံဟာ မြေကိစ္စအတွက် ဆွေးနွေးခွင့်ရ၊ နောက်ဆုံးတော့ ဒီဘိုးဘွားရိပ်သာမြေကို ရှောင်ကွင်းပါမယ် ဆိုတဲ့ အဖြေကို ရပါတယ်။ ရိပ်သာအထိ ပစ္စည်းတွေနဲ့အတူ ရောက်လာတဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ခွင့်ရပါတယ်။
‘လူကြီးမင်း ခင်ဗျား’ ရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်အိမ် ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီနေ့ခေတ် ပရိသတ် အကြိုက် ဖြစ်နေတဲ့ ဟာသ ရုပ်ရှင်တွေထဲကနေ ဖောက်ထွက်တဲ့ဇာတ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း နိုင်ငံရေး အလှုပ်အခတ် များလှတဲ့ခေတ် အခါမှာ ပရိသတ် ကြိုက်လောက်တဲ့ ဇာတ်အိမ်မျိုးကို ပုံဖော်ရိုက်ကူးလိုက်တာ ပါပဲ။ စကားလုံးတွေကအစ လူတွေပြောချင်တာကို ပြောပေးသွားတာမျိုး စသည်ဖြင့်ပါ။
ယုတ္တိပိုင်းဆိုင်ရာကနေ စဉ်းစားရင်တော့ ဇာတ်လမ်းဖွဲ့စည်းပုံက တကယ်ပဲ ဇာတ်လမ်းဆန်ပါတယ်။ ပြည့်စုံ ကလေးဘ၀ ကတည်းက စောင့်ရှောက်လာတဲ့ အဘိုးတွေဟာ ပြည့်စုံ လူလားမြောက်ချိန် အထိ ရှိနေတာမျိုး (ရိပ်သာကို ဘယ်အသက်အရွယ်မှာ ရောက်သလဲ စဉ်းစားစရာ)၊ နုနုနယ်နယ် လှလှပပ သူဌေးသမီးလေးက ပရဟိတစိတ် ရှိပြီး သကာလ ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေကို ခြေဆုပ်လက်နယ် ပြုစုတာမျိုး (ခရိုနီဖခင်ကို တောင် ဆန့်ကျင်လိုက်ပါသေးတယ်)၊ နောက်ပြီး အဘိုးတွေဟာ ရိပ်သာက တကယ့် အဘိုးတွေနဲ့ မတူတဲ့ ဇာတ်ကွက် မျိုးတွေလည်း ပါပါတယ်။ ဒါကတော့ ပရိသတ် အပျင်းပြေအောင် ဟာသဖောက်တယ်လို့ပဲ ယူဆပါတယ်။ ဘာပဲပြောပြော ဒီနေ့ခေတ်မှာ ဒီဇာတ်လမ်းမျိုး ရိုက်ကူး ထုတ်လုပ်လို့ ရုံတင်ခွင့်ရတာ၊ ကြည့်ခွင့်ရတာတခုကတော့ တနည်းအားဖြင့် ကျေနပ်စရာပါ။
“သိမ်းထားတဲ့ မြေတွေ ပြန်ပေး”၊ “သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး တို့အရေး”ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကျမတို့ ဘယ်အချိန်အထိများ ဆက်ပြီး မြင်နေရမှာပါလိမ့်လို့ ရုပ်ရှင်ကြည့်ပြီးတဲ့နောက် အတွေးဝင်ပါတယ်။ ရေမြေ သယံဇာတ ပေါလှတဲ့ နိုင်ငံဟာ အဲဒီရေ အဲဒီ မြေကြောင့်ပဲ ပြဿနာပေါင်းများစွာ ကြုံရ၊ မျက်ရည်ပင်လယ် ဝေကြရတာ၊ ကျိန်စာသင့်နေတော့တာ တွေးရုံနဲ့တင် နာကျင်စရာ ကောင်းလှပါရဲ့။
‘လူကြီးမင်း ခင်ဗျား’ ရုပ်ရှင်ထဲက သိမ်းထားတဲ့မြေကတော့ ပြန်ရပါတယ်။ တကယ့်ပြင်ပမှာ အသိမ်းခံလိုက်ရတဲ့ မြေတွေထဲက ဘယ်နှရာခိုင်နှုန်း ပြန်ရခဲ့ပါသလဲ။ ကျမတို့ သိနိုင်မယ်မဟုတ်ဘူး။ မေးဖို့မလိုတဲ့ မေးခွန်းမို့ အဖြေလည်း ရှိမယ် မဟုတ်ပါဘူး။ ။