စာအုပ်အမည်။ ။ အမှောင်ထုကို ဖြတ်သန်းခြင်း
စာရေးသူ။ ။ ထက်မြက်
ထုတ်ဝေသူ။ ။ Treasure Land Media Group
ထုတ်ဝေခုနှစ်။ ။ မေလ၊ ၂၀၁၄ ခု၊ ပထမ အကြိမ်
တန်ဖိုး။ ။ ၄၀၀၀ ကျပ်
လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ဖြစ်သည်။ ၁၉၉၃ ခု။
ထိုင်း-မြန်မာ နယ်စပ် ကရင် လက်နက်ကိုင်တော်လှန်ရေး ဌာနချုပ်စခန်းကြီးဖြစ်သည့် မာနယ်ပလော တပ်မှူးများညီလာခံသို့ လာ တက် သော ပဒိုမန်းငြိမ်းမောင်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ)၊ ဗဟိုဌာနချုပ်၊ မာနယ်ပလော၊ ရုံးခန်း ကလေးထဲတွင် ခေတ္တခဏမျှ အတူထိုင်ပြီး စကား ပြောခဲ့ဖူးသည်။
ကျနော်က ကျနော်ကြားဖူးသော ကိုကိုးကျွန်းကျ နိုင်ငံရေးအကျဉ်းသားများအကြောင်း အရင်လမ်းခင်းသည်။ ပြီးမှ သူ့ကို ကျွန်းမှထွက်ပြေးလွတ်မြောက်လာသူထဲမှ တစ်ဦးတည်းသာ သက်ရှိထင်ရှား ကျန်ရစ်နေသူတစ်ဦးဖြစ်သဖြင့် ကိုကိုးကျွန်းမှထွက်ပြေးလွတ်မြောက်လာခဲ့ပုံကို စာပြန်ရေးသင့်ကြောင်း၊ မိမိမှာ အသံဖမ်းစက်လည်းမရှိ၊ သာမန်ရဲဘော်ဖြစ်သဖြင့် ပဒိုမန်းငြိမ်းမောင် ပြောသမျှ နားထောင်ပြီး မှတ်တမ်းယူထားလို့ကလည်းမဖြစ်၊ တွေ့ကြရသည့်အချိန်ကလည်း တိုတောင်း။
ထို့ကြောင့် ပဒိုမန်းငြိမ်းမောင်အနေနှင့် မလွဲမသွေ စာပြန်ရေးသင့်ကြောင်းသာ တိုတိုတုတ်တုတ် အကြံပြုစကားပြောပြီး မန်းငြိမ်းမောင် နှင့် တွေ့ဆုံခန်း နိဂုံးချုပ်ခဲ့ရသည်။
နောင် ၁၀ နှစ်ခန့်ရှိသောအခါ မန်းငြိမ်းမောင်သည် ကိုကိုးကျွန်းမှ ထွက်ပြေးလွတ်မြောက်လာပုံများကို စာတတန်ပေတဖွဲ့ရေးတော့ ရေးလာခဲ့ပါသည်။ သူရေးသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်မည်’ စာအုပ်ကို ကျနော်ဖတ်ခဲ့ရသည်။ ပြည်ပတွင်သာ ထုတ်ဝေနိုင်ခြင်း ဖြစ်သည်။
ယခုတော့ ကံအားလျော်စွာ မိမိတို့တိုင်းပြည်ကြီးက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲလာသယောင်ယောင် ရှိလာသည်။ နှစ်ပေါင်းများစွာ မဖြစ်နိုင်ဘူးဟု ယူဆပြီး စိတ်ထဲ စိုးရိမ်နေမိသည့်အချက်တစ်ချက်က ဘွားခနဲ ရုတ်တရက် အကောင်အထည်ပေါ်လာသည်။
တချိန်က ပြည်ပတွင်သာ ရေးသားထုတ်ဝေနိုင်ခဲ့သည့် အကြောင်းအရာမျိုးဖြစ်သည့် ကိုကိုးကျွန်းကျ နိုင်ငံရေးသမားများအကြောင်း ကို ပြည်တွင်းတွင်လည်း ရေးသားထုတ်ဝေလာခဲ့ကြသည်။
ပြည်တွင်းတွင်ထုတ်ဝေသည့် ဆရာထက်မြက်၏ ‘အမှောင်ထုကို ဖြတ်သန်းခြင်း’ စာအုပ်နှင့် ပြည်ပတွင်သာ ထုတ်ဝေခဲ့ရသည့် ဆရာဦးတင့်ဇော်၏ ‘ကျွန်းအတိတ် အရိပ်ပမာ’ စာအုပ်တို့သည် ထုတ်ဝေခဲ့သမျှ ကိုကိုးကျွန်းအကြောင်း ရေးသည့်စာအုပ်များထဲတွင် အပြည့်စုံဆုံးစာအုပ်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။
* * * * *
ကိုယ်အပူချိန်မှာ ၁၀၀ အထက် မည်မျှရှိသည်ကို မသိသော်လည်း သူ့ခေါင်းကိုပွေ့ထားသော ကျနော့် လက်များမှာ အပူချိန်ကို ခံစား နေရ၏။ ဘေးတွင် ဆေးမှူးကအစ ဆရာရာဂျန်တို့ လေထီးဗိုလ်အုန်းမောင် တို့လည်း ရောက်နေကြသည်။ အသံသိပ် မထွက် တော့ ပေ။ တဖြည်းဖြည်း ငြိမ်လာ၏။ ထိုအချိန်အထိ သူ့ကို ကျနော်ပွေ့ထားဆဲဖြစ်သည်။ နောက် သူငြိမ်ကျသွား၏။ ဆေးမှူး ရဲဘော်အေးမြင့် က သူ့ကိုယ်ကို ကျနော့် ပေါင်ပေါ်မှဆွဲကာ သွေးခုန်နှုန်း စမ်းကြည့်သည်။ သူ အသက်မရှိတော့ပေ။ (အမှောင်ထုကို ဖြတ်သန်းခြင်း စာ ၂၃၈၊ ၂၃၉)
အထက်ပါ စာပိုဒ်ကလေးသည် လက်ပံတန်းဇာတိ ကိုကိုးကျွန်းကျ ရဲဘော်အုန်းမော် အစာငတ်ခံဆန္ဒပြပွဲဝင်ရင်း ကျဆုံးသွားသည် ကို ဆရာထက်မြက်က သူ၏ ‘အမှောင်ထုကို ဖြတ်သန်းခြင်း’စာအုပ်တွင် အသေးစိပ်ပြန်ရေးပြထားခြင်းဖြစ်သည်။ ကျဆုံးသွားသည့် အာဇာနည် ရဲဘော်အုန်းမော်၏ အလောင်းကိုထမ်းကာ အင်တာနေရှင်နယ် သီချင်းကို(ထိုစဉ်က ထိုသီချင်းကို နိုင်ငံတကာ အလုပ်သမား တိုက်ပွဲ သီချင်းဟု အများက သိထားကြပါသည်။) ဝိုင်းဆိုကာ ဂုဏ်ပြုကြ အသုဘ ချကြသည်။
သည် စာပိုဒ်ကို ဖတ်နေရင်းက လွန်ခဲ့သော နှစ် ၂၀ ကျော်က ရှစ်လေးလုံး အရေးတော်ပုံကြီး အကြမ်းဖက်ဖြိုခွဲခံလိုက်ရပြီးနောက် ကျောင်းသားများ နယ်စပ်ဒေသများသို့ ရောက်လာကြသည့်အကြောင်း သွားပြီးတွေးမိသည်။
အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ် ကရင် လက်နက်ကိုင်တပ်များရှိရာ ရောက်လာကြသည့် ကျောင်းသားများအကြောင်း ဖြစ်သည်။ ရုတ်တရက် ရက်ပိုင်းအတွင်း လူဦးရေ ထောင်သောင်းချီသော အင်အားကို ကရင် အမျိုးသား အစည်းအရုံး(KNU) အနေဖြင့် လက် နက် တပ်ဆင်ပေးရန် မပြောနှင့် နေ့စဉ် ကျွေးမွေးရန်ပင် အခက်အခဲရှိလာခဲ့သည်။
သည်ကြားထဲ အကြီးမားဆုံးအခက်အခဲမှာ ပြင်းထန်လှသည့် ငှက်ဖျားရောဂါကိုကုသရန် လုံလောက်သည့် ဆေးဝါးနှင့် ဆရာဝန်များကလည်း မရှိဖြစ်နေသည်။ အစာရေစာ ပြတ်လပ်ရသည့်ကြား ငှက်ဖျားရောဂါက လူတိုင်းကို ကြမ်းတမ်းစွာ တိုက်ခိုက်တော့သည်။ ငှက်ဖျားရောဂါက ကျောင်းသားတချို့ကို တစ်ယောက်ပြီးတစ်ယောက် ဘဝတစ်ပါးသို့ ဆွဲခေါ်သွားခဲ့သည်။
ထိုစဉ်က ငှက်ဖျားရောဂါကြောင့် ကျောင်းသားတစ်ဦး ကျဆုံးသွားလျှင် ယင်းအလောင်းကိုထမ်းကာ ရှေ့က ကမ္ဘာမကြေဘူးသီချင်းဖြင့် အသုဘချနေစဉ် နောက်ပိုင်း ဘားတိုက်ထဲက နောက်ထပ် ကမ္ဘာမကြေဘူးသီချင်းဆိုသံထွက်ပေါ်လာခဲ့သည်။ နောက်ထပ် ကျောင်းသားတစ်ဦး ကျဆုံးသွားရပြန်သည်။
ဆရာထက်မြက်၏ အမှောင်ထုကို ဖြတ်သန်းခြင်း စာအုပ်ကိုဖတ်ရသည့်အခါ စာအုပ်ကိုဖတ်နေစဉ်မှာပင် ဟိုစဉ်က ခေတ် အဆက် ဆက် ဒီမိုကရေစီရေး အတွက် ပုံစံအမျိုးမျိုးနှင့် ပေးဆပ်ရင်းနှီးခဲ့ရပုံများကို ဆက်စပ်ပြီး တွေးမိသွားရသည်။
* * * * *
ထက်မြက်၏ ‘အမှောင်ထုကို ဖြတ်သန်းခြင်း’ စာအုပ်အရဆိုလျင် ကိုကိုးကျွန်းပေါ်တွင် နိုင်ငံရေးအကျဉ်းသားများသည် လေးကြိမ် တိုင်တိုင် အစာငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြရသည်။ ပထမ၊ ဒုတိယ၊ တတိယအကြိမ်များက ရိက္ခာစကေး တိုးပေးရေးအတွက် ဖြစ် သည်။ တတိယအကြိမ်တိုက်ပွဲတွင် အကျဉ်းသားနိုင်ငံရေးသမား ၂ ဦးကျဆုံးခဲ့ပြီး နောက်ဆုံးအကြိမ်ဖြစ်သည့် ၅၃ ရက်ကြာ တိုက်ပွဲတွင်မူ နိုင်ငံရေးအကျဉ်းသား ၈ ဦး ကျဆုံးခဲ့ရသည်။
နောက်ဆုံးအကြိမ် ဆန္ဒပြပွဲသည် ရိက္ခာစကေး တိုးပေးရေး မဟုတ်တော့ဘဲ ကျွန်းပို့အကျဉ်းထောင်စနစ် ဖျက်သိမ်းရေးအထိ နိုင်ငံ ရေး ဦးတည်ချက်ဖြင့် အစာငတ်ခံ ဆန္ဒပြကြခြင်းဖြစ်သည်။
ထက်မြက်၏ ‘အမှောင်ထုကို ဖြတ်သန်းခြင်း’ စာအုပ်ကိုဖတ်ရှုနေစဉ် ကိုကိုးကျွန်းပေါ်က တစ်ယောက်ပြီးတစ်ယောက် အသက်စွန့်ကာ အစာငတ်ခံ ဆန္ဒပြသွားခဲ့ကြသူများကို တခြားအဖြစ်အပျက်များနှင့် နှိုင်းယှဉ်ချိန်ထိုးပြီး ခံစားနားလည်ခဲ့ရ၊ အလေးအနက် ထားနေခဲ့ရသည်များ ရှိပါသည်။
ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် အောင်ဒင်ရေးသည့် ‘နွေတညမှ အစပြု၍’ စာအုပ်ထဲက အဖြစ်အပျက်တစ်ခုကိုလည်း စာဖတ် နေရင်းက သွားပြီးသတိရဖြစ်အောင် ရနေပါသေးသည်။
သည်တုန်းက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် ကွယ်လွန်သည့်အချျိန်က ဖြစ်သည်။
အောင်ဒင် အပါအဝင် ကျောင်းသားတစ်စုက ကုန်သည်လမ်းပေါ်တွင်ရှိသည့် မြန်မာ့သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်း အဆောက် အအုံကိုသိမ်းယူရန် ကြံစည်စဉ်းစားစီစဉ်ခဲ့ကြဖူးသည်။ စစ်အစိုးရအနေဖြင့် လူထု၏ ဒီမိုကရေစီတောင်းဆိုမှုများကို အလွယ်တကူ လိုက်လျောလိမ့်မည်မဟုတ်ဟု သုံးသပ်ကာ တစုံတရာ အရင်းအနီးပေးပြီးမှ တောင်းဆိုကြရန် စဉ်းစားခဲ့ကြခြင်းဖြစ်သည်။
ယင်းအဆောက်အအုံကို သိမ်းပိုက်ပြီးနောက် ဝန်ထမ်းများကို မောင်းထုတ်မည်။ ခြံစည်းရိုးနှင့်တံခါးများကို သော့အထပ်ထပ်ခတ် မည်။ အထပ်လေးထပ်တွင် သပိတ်စခန်းဖွင့်မည်။ စစ်အစိုးရကို အချိန်အကန့်အသတ်ဖြင့် တောင်းဆိုချက်များ တောင်းမည်။ တောင်း ဆိုချက်များ လိုက်လျောလာစေရေးအတွက် ကျောင်းသားများ အထပ်လေးထပ် ပြတင်းပေါက်မှ ၂ နာရီခြား တစ်ယောက်ပြီး တစ်ယောက် ခုန်ချသတ်သေကာ ဆန္ဒပြတောင်းဆိုကြရန် ဆုံးဖြတ်ခဲ့ကြသည်။ (ခုန်ချသတ်သေရန် ဆုံးဖြတ်ခဲ့ကြသူများထဲတွင် ယခု ၈၈ ငြိမ်းပွင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးက ခုန်ချသူ နံပါတ်စဉ် ၂ ဖြစ်သည်။) နွေတညမှအစပြု၍ စာအုပ် စာမျက်နှာ ၂၇၉၊ ၂၈၀၊ ၂၈၁။ သို့သော် ဒေါ်ခင်ကြည်ဈာပနကို အနှောင့်အယှက်ပြုရာ ရောက်မည်ဖြစ်သဖြင့် အားလုံးစီစဉ်ပြီးကာမှ ယင်း အစီစဉ် ကို ဖျက်သိမ်းခဲ့ကြသည်။
ထက်မြက်၏ ‘အမှောင်ထုကို ဖြတ်သန်းခြင်း’ စာအုပ်ဖတ်နေစဉ် ကျနော့်စိတ်များက ဖတ်နေသည့်စာအုပ်မှခွာကာ အလားတူ အာ ဏာရှင် စနစ်ဆန့်ကျင်ရေး အခြားလှုပ်ရှားမှုများအကြောင်း အသွားအပြန် တွေးနေမိသည်။
ခေတ်အဆက်ဆက် မိမိတို့ပြည်သူများ၊ လူထုခေါင်းဆောင်၊ ကျောင်းသားလူငယ် ခေါင်းဆောင်များ ပေးဆပ်ဖြတ်သန်းကြရသည့် အမှောင်ထုအတွင်း ခရီးကြမ်းကြီးကို ခန့်မှန်းတိုင်းတာ တွက်ဆရင်း ကြေကွဲစွာ ဂုဏ်ယူနေမိသည်။
သည်စာအုပ်တွင် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသည့်အချက်တချို့မှာ ကျွန်းမှ တိတ်တဆိတ် ဖောင်ဖွဲ့ကာ ထွက်ပြေးလွတ်မြောက်သွားသည့် အဖြစ်အပျက်ဖြစ်သည်။
သည်ဆောင်းပါး၏ အစဦးပိုင်းက ဖော်ပြခဲ့သည့် မန်းငြိမ်းမောင်နှင့် ကိုအောင်ငွေ၊ မန်းအောင်ကြည်တို့သည် ကိုကိုးကျွန်းမှ တိတ် တဆိတ်ဖောင်ဖွဲ့၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည့် အဖြစ်အပျက်ဖြစ်သည်။ (ထိုသုံးဦးသည် မိခင်တိုင်းပြည်ကမ်းခြေပေါ် ကံကောင်းထောက်မစွာ ပြန်လည်ရောက်ရှိသည့်တိုင် ကမ်းပေါ်ရောက်ကာမှ ပြန်လည်အဖမ်းခံကြရပြန်ပါသည်။)
နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသည့်အချက် ရှိပါသေးသည်။ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်နေစဉ် လက်နက်ချအရှုံးပေးပြီး တိုက်ပွဲကိုစွန့်ခွာသွားသူ သုံးဦးရှိခဲ့သည့်အချက် ဖြစ်သည်။ ပထမနှစ်ဦးမှာ တိုက်ပွဲခေါင်ဆောင်များကို အတိအလင်းဖွင့်ဟပြောဆို ကာ အစာငတ်ခံဆန္ဒပြပွဲမှ နုတ်ထွက်သွားကြရုံသာ ရှိသည်။ နောက်ဆုံးတစ်ဦးကမူ ထောင်အာဏာပိုင်များထံ အရှုံးပေး အညံ့ခံ သည့်အပြင် ထောင်အာဏာပိုင်များထံ သူ့အတွက် လုံခြုံရေးကိုပင် တောင်းဆိုသည်အထိ တိုက်ပွဲမှ စွန့်ခွာသွားခဲ့သူဖြစ်သည်။
အရေးတော်ပုံကာလများအတွင်း မိမိအသက်ကိုပင် စွန့်လှူသွားသူများရှိသလို အရေးတော်ပုံကြီးကို သစ္စာဖောက်သွားသူများကလည်း အနည်းငယ်တော့ရှိသည်။ မပြောပလောက်ပါဘူးဟု ဆိုသည့်တိုင် သည်အချက်မှာ သင်ခန်းစာယူရမည့် ကိစ္စဟု ဆိုရပါမည်။ ထိုကဲ့သို့သော လူစားမျိုးများသည် အကျဉ်းထောင်များအတွင်းနှင့် ယုတ်စွအဆုံး ဒုက္ခသည်စခန်းများ အတွင်းတွင်ပင် ရှိနေ တတ်သည်။
အကျဉ်းထောင်ထဲတွင် ထောင်အာဏာပိုင်များနှင့်ပေါင်းကာ ဘဝတူအကျဉ်းသားများအပေါ် ခြိမ်းခြောက် အနိုင်ကျင့်ပြီး မိမိအခွင့် အရေးရရန် ပြုလုပ်သူများ၊ ဒုက္ခသည်စခန်းများထဲတွင် စခန်းတာဝန်ရှိသူ အာဏာပိုင်များနှင့်ပူးပေါင်းကာ ဘဝတူ ဒုက္ခသည်များအပေါ် အမြတ်ထုတ် အနိုင်ကျင့်ကာ မိမိကိုယ်ကျိုး လုပ်ကြသူများလည်း ရှိခဲ့သည်။
ယခုလည်း တိုက်ပွဲက ပြင်းထန်မြင့်မားလာသည်နှင့်တပြိုင်နက် အာဏာပိုင်များထံ အညံ့ခံလျက် တိုက်ပွဲအပေါ်၊ ဘဝတူရဲဘော်များအပေါ် သစ္စာဖောက်သွားသူများ ရှိခဲ့သည်။ သည်လိုအဖြစ်အပျက်မျိုးသည် မပြောပလောက်ဘူးဟု ဆိုသော်ငြားလည်း၊ မဆန်းပါဘူး ဟု ဆိုသော်ငြားလည်း မိမိတို့အဖို့ သင်ခန်းစာမယူပဲ လျစ်လျူရှုရမည့် ကိစ္စတော့ မဟုတ်ပါ။
ထက်မြက်၏ ‘အမှောင်ထုကိုဖြတ်သန်းခြင်း’ စာအုပ်သည် အမှန်စင်စစ် ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားများ ဖြတ်သန်းခဲ့ရသည်များ တစ်ခုတည်းကိုသာ ဦးစားပေး ရေးသားသည့်စာအုပ် မဟုတ်ပါ။ စာရေးသူ၏ နိုင်ငံရေးဖြတ်သန်းမှု တစ်စုံလုံးကို ပြန်လည် ရေး သား မှတ်တမ်းတင်သည့်သဘောဖြစ်သည်။
ထို့ကြောင့် စာမျက်နှာအစမှ စာမျက်နှာ ၁၁၆ အထိ(အခန်း ၁ တစ်ခုလုံး)မှာ စာရေးသူ၏ အဦးအစ နိုင်ငံရေးဖြတ်သန်းမှုအကြောင်း များ ဖြစ်သည်။ အခန်း ၂ မှသည် နောက်ဆုံးအခန်းဖြစ်သည့် အခန်း ၇ အထိမူ ကိုကိုးကျွန်းအတွေ့အကြုံများအပေါ် မူတည် ရေးသား သည်ကို တွေ့ရသည်။
စာအုပ်တစ်အုပ်လုံး ဦးစားပေးရေးသားသည့်အကြောင်းအရာမှာ ကိုကိုးကျွန်းကျ နိုင်ငံရေးသမားများ ကြုံတွေ့ဖြတ်သန်းကြရသည့် အကြောင်းအရာများက အဓိကဖြစ်ပါသည်။
မှတ်သားရမည့်အချက်များမှာ မြန်မာပြည် မျက်မှောက်နိုင်ငံရေးသမိုင်းတွင် ကိုကိုးကျွန်း အကျဉ်းစခန်းဆိုသည်ကို မည်သူတွေက စတင် အကောင်အထည်ဖော်ခဲ့သနည်း။ မည်သည့်ရည်ရွယ်ချက်အထိ စဉ်းစားရည်ရွယ်ပြီးမှ သည် ကိုကိုးကျွန်းအကျဉ်းစခန်းကြီးကို တီထွင်ခဲ့ကြသနည်း။ မည်သည့်အတွက်ကြောင့် ကျွန်းအကျဉ်းစခန်းစနစ် ဖျက်သိမ်းလိုက်ရသနည်းဆိုသည့်အချက်များ၏ အဖြေကို ‘အမှောင်ထုကို ဖြတ်သန်းခြင်း’ စာအုပ်က ရှင်းလင်းပြတ်သားစွာ အဖြေပေးနိုင်သည်ကို တွေ့ရသည်။
* * * * *
မိမိတို့တိုင်းပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလ ရောက်လာသည့်အခါ တချိန်က ပြည်သူတို့ဘက်မှ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြ သူများသည် မိမိတို့ဖြတ်သန်းကျင်လည်ခဲ့ကြရသည့် အမှောင်ခေတ်ကြီးအတွင်း အတွေ့အကြုံများကို စာတတန်ပေတဖွဲ့ ပြန်လည် ရေးသား ထုတ်ဝေလာခဲ့ကြပါသည်။
ထိုနည်းတူစွာ အာဏာရှင်များဘက်က တစ်သက်လုံး ရပ်တည်ခဲ့ကြသည့် တချိန်က စစ်ခေါင်းဆောင်ဟောင်းများသည်လည်း သူတို့ဖြတ်သန်းတာဝန်ယူခဲ့ရသည့် ဘဝအတွေ့အကြုံများကို သူတို့ကိုယ်တိုင် ပြန်လည်ရေးသားခြင်း စာအုပ်များ ထုတ်ဝေကြပါသည်။
သည်နေရာတွင် ထင်ထင်ရှားရှားကြီး မြင်နေရသည့်အချက်က ပြည်သူတို့ဘက်မှ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ ရေး သား သည့်စာအုပ်များထဲတွင် ၎င်းတို့ဖြတ်သန်းရသည့် ခေတ်ကြီးအတွင်း ၎င်းတို့၏ ဆောင်ရွက်ချက်များအပေါ် ခြွင်းချက်မရှိ ဂုဏ်ယူဝံ့ကြွားစွာ နောင်တမဲ့စွာ ရေးကြသားကြ သဘောထားမှတ်ချက်ပြုကြသည်ကို တွေ့ရသည်။
စစ်အာဏာရှင်များဘက်က ရပ်တည်ခဲ့ကြသည့် စစ်ခေါင်းဆောင်ဟောင်းများ၏ စာအုပ်များတွင်မူ ၎င်းတို့ ဖြတ်သန်း တာဝန်ယူခဲ့စဉ် အတွင်း တချို့သော အဖြစ်အပျက်များအပေါ် မိမိတို့၏ တိုက်ရိုက် လုပ်ဆောင်ချက်များ မဟုတ်သယောင်ယောင်၊ တာဝန်ပေးချက် အရ လုပ်ခဲ့ကြရခြင်းသဘောနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ သမိုင်းများအပေါ် မဝံ့မရဲစိတ်နှင့် ဝန်ခံသည်လည်းမဟုတ် ယုံကြည် သည်လည်းမဟုတ်သလို အဓိပ္ပာယ်သက်ဝင်သည့် အရေးအသားများ ပါဝင်နေသည်ကို အထင်အရှားပင် တွေ့ရတတ်ပါသည်။
သည်အချက်ကတော့ ဘက်နှစ်ဘက်က စာရေးသူများ၏ ထူးခြားထင်ရှားသည့် မတူကွဲပြားခြားနားလှသည့် အချက်ဖြစ်နေသည်ကို တွေ့ကြရပါသည်။
မိမိတို့သည် အမှောင်ခေတ်ကြီးတစ်ခေတ်အတွင်းမှ အလင်းကို ကိုယ်စားပြုသူများအကြောင်း မလွဲမသွေ လေ့လာကြရပါမည်။ သမိုင်းသင်ခန်းစာများကို ထို အလင်းလူသားများထံမှ သင်ယူကြရပါမည်။ ထို့ပြင် ယင်းအလင်းလူသားများထဲကမှ ပိုမိုလင်းလက် တောက်ပသူများကိုလည်း ရှာဖွေကြ အတုယူကြ အလေးအနက် ထားကြရပါမည်။
ထိုနည်းတူစွာပင် အမှောင်ထုကို အကာအကွယ်ယူကာ အမှောင်ထုကို ကာကွယ်ကြ အမှောင်ထုကြီး ကြီးစိုးသထက် ကြီးစိုးနိုင်ရေး ကြိုးပမ်းခဲ့ကြသည့်၊ အမှောင်ထုကြီးကို ကျားကန်ပေးခဲ့ကြသည့် အမှောင်လူသားများကိုလည်း မလွဲမသွေ လေ့လာကြရပါမည်။
ထိုအမှောင်လူသားများကိုကြည့်ပြီး မိမိတို့အတွက် ဆောင်ရန်ရှောင်ရန်နည်းလမ်းများကိုလည်း သင်ခန်းစာယူကြရပါမည်။
ထို့ကြောင့် ထက်မြက်၏ ‘အမှောင်ထုကိုဖြတ်သန်းခြင်း’ စာအုပ်ကိုဖတ်ကာ မိမိသည် အလင်းထဲမှ အလင်းကိုရှာရ၊ အမှောင်ထဲမှ အမှောင်ကို ရှာရသည့်လုပ်ငန်းကို အထိုက်အလျောက် လုပ်နိုင်ခဲ့သည်ဟု ယူဆမိပါသည်။ ။
ဝန်ခံချက်။ ။ ဆောင်းပါး ခေါင်းစဉ်မှာ ဒဂုန်တာရာ၏ ကဗျာတစ်ပုဒ်မှ စာသားတချို့ကို လေးစား နှစ်သက်မှုဖြင့် ယူသုံးထားခြင်းဖြစ်ပါသည်။