မြန်မာပြည်ကို ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့စစ်တပ်က ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ တော်လှန်ရေးကောင်စီ ဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပါတယ်။ ဒီ အုပ်ချုပ်ရေး အဖွဲ့ဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ဆိုရှယ်လစ်ပုံစံနဲ့ အကောင်အထည် ဖေါ်မယ် ဆိုပြီး ၁၉၆၃ ဇွန်လ နဲ့ သြဂုတ်လတွေမှာ လုပ်ငန်းရှင်များရဲ့ လုပ်ငန်းမှန်သမျှ ပြည်သူပိုင် အဖြစ် နိုင်ငံတော်က သိမ်းပိုက်ရေး အစီစဉ်ကို အကောင်အထည် ဖေါ်ပါတယ်။
အဲဒီအချိန်က မြန်မာ့စီးပွားရေးကို အဓိက မောင်းနှင်နေခဲ့တာက အိန္ဒိယအနွယ်တွေနဲ့ တရုတ်အနွယ်တွေ ပါ။ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ သူ့စစ်တပ်ရဲ့ အမျိုးသား ဆိုရှယ်လစ်ဆိုတဲ့ ကြွေးကြော်သံအောက်မှာ အိန္ဒိယနဲ့ တရုတ်အနွယ် လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်း အကြီးအငယ်ပေါင်းများစွာ လုယက်သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။
ဒါတင် မကသေးပါဘူး၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့စစ်တပ်ဟာ တဆင့်တက်ပြီး သူတို့က နိုင်ငံခြားသားလို့ သတ်မှတ်ထားတဲ့ အိန္ဒိယ နွယ်ဖွားတွေနဲ့ တရုတ်တွေကို တိုးမြှင့် ဖိအားပေးရာကနေ ဒီလူတွေ မြန်မာနိုင်ငံက ထွက်သွားစေဖို့ ဖြစ်လာခဲ့ ပါတယ်။ ဒီနေရာမှာ အိန္ဒိယက သူ့အနွယ်ဖွားတွေကို ပြန်လာဖို့ လက်ခံကြိုဆို သလို ပြန်လာဖို့လည်း သင်္ဘောကြီးတွေ စေလွှတ် ပေးပါတယ်။
၁၉၆၄ မှာ အိန္ဒိယအနွယ်ဖွား ၃ သိန်းလောက် အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ တကယ်တော့ ဒီလို ပြန်သွားခဲ့ကြသူ အိန္ဒိယ အနွယ်ဖွားတွေ ထဲမှာ အိန္ဒိယပြည်မှာ သူတို့ရဲ့ ဆွေမျိုးသားချင်း ရှိသူတွေက အနည်းအကျဉ်းပဲ ဖြစ်ပြီး အများစုက အင်္ဂလိပ်ကိုလိုနီ ဖြစ်တဲ့ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက် ကတည်း အခြေချ နေထိုင်လာသူတွေရဲ့ မြန်မာ ပြည်ပေါက် မျိုးဆက်တွေ ဖြစ်ကြပါ သတဲ့။ ဒီလိုနဲ့ သူတို့အတွက် တစိမ်းပြင်ပြင် ဖြစ်တဲ့ သူတို့ ဘိုးဘွားတွေရဲ့ နေရပ်ကို သူတို့ ပြန်ခဲ့ကြရတယ်။ မြန်မာပြည် ကနေ အိန္ဒိယအနွယ်ဖွားတွေ မောင်းထုတ်ခံရတဲ့ အဖြစ်အပျက်ဟာ မြန်မာတွေကြားမှာတော့ မှတ်ထားဖို့ မလိုတဲ့ သမိုင်းအဖြစ်လေး တခုအနေနဲ့ ဝေဝေဝါးဝါး ပါပဲ။
ဒါပေမယ့် ဒီအကြောင်းကို တို့ထိတားတဲ့ တမီလ်ရုပ်ရှင်ကားလေး တကား ၂၀၁၅ မှာ ထွက်ရှိလာပါတယ်။ အမည်က Anegan တဲ့။ မြန်မာပြည်ရဲ့ အင်းလေး၊ တောင်သမန်၊ စတဲ့ အထင်ကရ နေရာတွေ အပါအဝင် ကမ္ဘောဒီယား၊ မလေးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ သွားရောက် ရိုက်ကူးထားတဲ့ လွမ်းမောဖွယ် အချစ်နဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းလေးပါ။ အိန္ဒိယ ကားတွေ နှစ်သက်တတ်တဲ့ ပရိသတ်တွေ အနေနဲ့တော့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။
ဒီ ရုပ်ရှင်ထဲမှာတော့ ဇာတ်လိုက် မင်းသမီးရဲ့ အဖြူအစိမ်းဝတ် ကျောင်းသူဘဝ၊ ကျောင်းစာသင်ခန်းထဲက သူငယ်ချင်း အောင်ဆန်းစုကြည်၊ ဦးပိန်တံတားနဲ့ ကြည်နူးစရာ ဇာတ်ဝင်ခန်းတွေ၊ အင်းလေးနဲ့ ကြေးကွင်းစွပ် ကယန်းတိုင်းရင်းသူကြီး တွေ၊ ပုဂံအက အလှတွေ နောက်ခံနဲ့ ချစ်သူနှစ်ဦးရဲ့ Romantic ဆန်တဲ့ ဇာတ်ဝင်ခန်းတွေကို တွေ့ရမှာပါ။
ဒီဇာတ်ကားမှာ အထူးသဖြင့် ဓာတ်ပုံတွေက ထူးခြားပါတယ်။ မြန်မာပြည်ရဲ့ သဘာဝရှုခင်း အလှအပတွေကို သူတို့အမြင် သူတို့ တင်ပြပုံက မြန်မာ ဓာတ်ပုံဆရာတွေ ရိုက်ကူးနေကျပုံစံနဲ့ ကွာခြားပါတယ်။ နောက်ဆုံးပြကွက်လေးကတော့ အလှဆုံးပါပဲ။ သစ်လုံးကြီးတွေ တင်ထားတဲ့ ကားကြီးထဲမှာ မင်းသမီးနဲ့ မင်းသား သူတို့နာမည်ကို ဒါးနဲ့ထွင်းပြီး ၁၉၆၂ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ သစ်ပင်လည်း ပါလာပါတယ်။ ဒါကိုကြည့်ပြီး ဇာတ်ကားရဲ့ Message ဘာပေးချင်သလဲဆိုတာ ကြည့်တဲ့ သူတိုင်း သိနိုင်မှာပါ။ ကဲ တမီလ်ရုပ်ရှင် Anegan ကို ခံစားကြည့်ကြပါဦး။ ။