“စိတ်ကူးအိပ်မက်ထဲမှ
ထူးခြားဆန်းကြယ်
နှစ်လိုဖွယ်ကောင်းလွန်းလှသော
နတ်စီတဲ့ အိပ်မက်ဆိုတာကို
တကယ်တမ်း လက်တွေ့ဘဝမှာ
ရယူပိုင်ဆိုင်နိုင်ဖို့ ဆိုတာဟာ …”
ဟူသော စာစုလေးဖြင့် ဆရာဏီလင်းညိုက သူ၏ “နတ်စီတဲ့အိပ်မက်ဆိုတာ” လုံးချင်းဝတ္ထုထဲသို့ စာဖတ်ပရိသတ်ကို လိုက်ပါစီးမျောဖို့ ဖိတ်ခေါ်ခဲ့သည်။
ဆရာဏီလင်းညိုမှာ Online တွင် ဝတ္ထုတိုများ ရေးသားရာမှ နာမည်ရလာသော စာရေးဆရာတဦး ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလထဲမှာ စာရေးဆရာမ ရွှေအိမ်စည်မေနှင့် နှစ်ယောက်တွဲ၍ ဝတ္ထုတိုပေါင်းချုပ် တအုပ်ကို “မီးခိုးရောင် ကြွင်းတဲ့ ညဉ့်ဦးယံ” အမည်ဖြင့် ထုတ်ဝေခဲ့သေးသည်။ ထို့အပြင် ထိုနှစ်မှာပင် ထုတ်ဝေသော လူငယ် ဝတ္ထုတိုသမား များ၏ အချစ်နှင့်ဘဝ အကြောင်းအရာ အားဖြင့် တယောက်လျှင် ဝတ္ထု နှစ်ပုဒ်စီ ဖော်ပြထားသည့် “ဆယ့်နှစ်ကြိုးတပ် နှစ်ဆယ့်လေး သံစဉ်” ဝတ္ထုတို ပေါင်းချုပ်တွင်လည်း ဆရာဏီလင်းညို၏ လက်ရာ ဝတ္ထုများကို ဖတ်ခဲ့သေးသည်။ ဝတ္ထုတို ပီပီသသနှင့် တင်ပြရေးဖွဲ့ပုံ ကောင်းမွန်သော လူငယ်စာရေးဆရာ တယောက်ဖြစ်ကြောင်း တွေ့ရပါသည်။
ယခုတော့ စာဖတ် ပရိသတ်ထံသို့ ပထမဆုံး လုံးချင်းဝတ္ထုကို ပေးအပ်ခဲ့လေပြီ။ သူ့စာအုပ်ကို Online စာရေးဆရာ လူငယ်များ၏ လက်ရာများကို ဦးစားပေး ထုတ်ဝေလေ့ ရှိသည့် မိုးစာပေမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ လူငယ်စရိုက်တွေ ပေါ်အောင် ရေးသားနိုင်ပြီး အရေးအသား ကောင်းမွန်သလို ဝတ္ထုအစမှ အဆုံးသို့ ဆက်လက် ဖတ်ချင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိသော ဝတ္ထုတပုဒ် အဖြစ် ညွှန်းချင်ပါသည်။
သူ၏ “နတ်စီတဲ့ အိပ်မက်ဆိုတာ” တွင် လူငယ် ဂီတဝါသနာရှင် သိင်္ခကျော်၏ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်သီချင်းဖြင့် ဂီတ နယ်ထဲသို့ တိုးဝင်ဖို့ ကြိုးစား ရုန်းကန်ခဲ့ရပုံများကို ဖော်ပြထားပါသည်။
သူ့စာအုပ်ကို ဖတ်ရှုစဉ် TV ဖန်သားပြင်တွင် ညစဉ်ဆိုသလို တွေ့မြင်ရလေ့ ရှိသော သီချင်းချစ်သူ လူငယ် တေးသံရှင် တို့၏ Level အလိုက် ပြိုင်ပွဲများကိုလည်း မြင်ယောင်စေပါသည်။ တီဗီချယ်နယ် တခု၏ Level 1,2,3,4,5 စသည့် အဆင့်လိုက် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရင်း ကြုံတွေ့ ဖြတ်သန်းခဲ့ရသော သိင်္ခကျော် ဆိုသူ လူငယ်တဦး၏ ဘဝ ပုံရိပ်များကို မြို့ပြ အင်ဂျင်နီယာ နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သည့် ညတညဖြင့် စတင် ထားခဲ့သည်။
မိခင်ဖြစ်သူက ဘဝရှေ့ရေး အတွက် စင်ကာပူနိုင်ငံရှိ ဦးလေးထံတွင် နေထိုင်ရင်း အလုပ်လုပ်လိုက လုပ်စေ၊ ပညာ ဆက်သင်လိုကလည်း သင်စေချင်ခဲ့သည်။ သို့သော်လည်း သိင်္ခကျော်ကတော့ “သီချင်း ဆိုချင်တယ် မေမေ” ဟု တုန့်ပြန်ခဲ့သည်။ သူဝါသနာ မပါခဲ့သည့် အင်ဂျင်နီယာ အတတ်ကို မိဘတွေ စိတ်ကြိုက်သင်ယူခဲ့ပြီးပြီမို့ သူဝါသနာပါရာ သီချင်းဆိုဖို့ကို ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့သည်။
ဝါသနာနှင့် ပညာရေး တထပ်တည်း မကျနိုင်သော ကျမတို့ဆီက ပညာရေးနှင့် မိဘတွေ၏ မျှော်လင့်ချက်ကြီးမှု ကြားထဲတွင် အနုပညာဝါသနာရှင် လူငယ်လေးတို့ ဘယ်လောက်များများ မြေစာပင် ဖြစ်ခဲ့ရလေပြီလဲ တွေးနေမိ ပါသည်။
သိင်္ခကျော်က ခေါင်းမာသူမို့ ဖခင် တားမြစ်သည့် ကြားမှပင် မိခင်၏ အိမ်မှ နှင်ချခံလိုက်ရသည်။ အဆောင်တခုမှာ နေထိုင်ရင်း ဝမ်းရေး အတွက် အလုပ်ရှာစဉ် ချစ်သူ ဖြစ်လာမည့် မိန်းကလေးတယောက်နှင့် အဆင်မပြေမှုတွေ ကြားမှာ မကြာခဏ ဆုံစည်းခဲ့ရသည်။
အဆောင်တွင် ညစ်ညစ်ပေပေ နေတတ်ပြီး ပေါင်းရခက်သည့် အစ်ကိုအရွယ် အထီးကျန် လူတဦးကို ကူညီရာမှ မိတ်ဆွေရင်းခြာ ဖြစ်လာခဲ့ရ သည်။ ကိုလှိုင်ဘွားဆိုသူ စာနယ်ဇင်း သရုပ်ဖော် ပန်းချီဆရာနှင့် အဆိုဝါသနာရှင် လူငယ်လေးတို့၏ ညီအစ်ကိုရင်းပမာ သံယောဇဉ် အဖွဲ့များမှာ လှပလှပါသည်။ အသက်ဝင်လွန်းသဖြင့် ဝတ္ထုကို လက်က မချချင်။
နတ်စီတဲ့ အိပ်မက်ဆိုတာတွင် လာဘ်စားတတ်သော ဒိုင်လူကြီး တယောက်ကတော့ ဗီလိန်တယောက်လို ပါဝင်လာခဲ့ သည်။ သမိုင်းကြောင်း အဆက်ဆက် အနုပညာရှင်များ အပေါ် လုပ်စားရက်သူ တဦးအဖြစ် ပုံဖော်သခဲ့သည်။
ထို အပိုင်းမှာတော့ ဝတ္ထုသည် ဇာတ်ကောင်အားပြု ဝတ္ထုတပုဒ်မှ ဇာတ်လမ်းအားပြု ဝတ္ထုအဖြစ်သို့ ကူးပြောင်းသွား လေသလား အတွေးပွားရသည်။ သူ့စရိုက်နှင့်သူ ရှင်သန်နေသော ကိုလှိုင်ဘွားလို ဇာတ်ကောင်မျိုးကို သိင်္ခကျော် အတွက် ဘဝတခုလုံး ရင်းနှီး ပေးဆပ်လိုက်ရသည့် ဇာတ်ကောင်အဖြစ် ပြောင်းလဲသွားရပုံက ဇာတ်ကောင်ကို စာရေးဆရာက ထိန်းချုပ်လိုက်သလို ခံစားရကာ ဇာတ်လမ်းကြိုက်သူ ပရိသတ်အတွက် အားကောင်းစေနိုင် သော်လည်း ဇာတ်ကောင် စရိုက်ကို ပို၍အလးထားမိသည့် ကျမအတွက် အတွေးပွားစရာ ဖြစ်ပါသည်။ ဤနေရာတွင် ကိုလှိုင်ဘွား၏ ဂီတ အတွေ့အကြုံထက် သူ၏ညီ (သို့) ညီကဲ့သို့ ခင်မင်ရသည့် တခြားတယောက်အဖြစ် ဖော်ပြလျှင် ပိုမိုအားကောင်း လေမလား တွေးမိပါသည်။
မည်သို့ပင် ဖြစ်စေ ဖတ်စရာ ရသဝတ္ထုရှည် စာအုပ်ကောင်း ရှားပါးသည့် ယခုအချိန်တွင် လူငယ် စာရေးဆရာ တယောက်၏ ခံစားမှု အတွေ့အကြုံတို့ဖြင့် ရေးဖွဲ့ထားသော တေးချစ်သူ လူငယ်များ၏ ဘဝအကြောင်းမှာ မြန်မာစာပေ၏ လိုအပ်နေသည့် ခေတ်ပြိုင်ခံစားမှု ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်သည်ကို တွေ့ရသဖြင့် ဝမ်းသာမိသည်။ ။
စာအုပ်အမည် – နတ်စီတဲ့ အိပ်မက်ဆိုတာ..
စာရေးသူ – ဏီလင်းညို
ထုတ်ဝေသူ – ဦးသက်ဦး (မိုး စာပေ)
ထုတ်ဝေသည့်နှစ် – ၂၀၁၅၊ ပထမ အကြိမ်
တန်ဖိုး – ၂၀၀၀ ကျပ်