ပန်းချီဆရာ သန်းကျော်ဌေးရဲ့ လက်ရာတွေကို လေ့လာကြည့်ရင် ပအိုဝ့်ခေါင်းပေါင်း ပန်းချီကားတွေက လူသိများ ပါတယ်။ အထူးသဖြင့် အရောင်တောက်တောက်တွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေက ကြည့်ရှုသူကို ချက်ချင်း ဆွဲဆောင်နိုင်တာ တွေ့ရသလို သူ့ရဲ့ သီးခြား ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှုနဲ့ အားကောင်းတဲ့ အရောင် ဖွဲ့စည်းမှု (Color Composition) ကိုလည်း သတိပြုမိပါတယ်။
ပန်းချီဆရာ သန်းကျော်ဌေးရဲ့ Silent Sweat (တိတ်ဆိတ် ချွေးစက်များ) လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကိုလည်း ဇွန် ၁၉ ကနေ သြဂုတ် ၁၈ ရက်နေ့ အထိ ပြင်သစ်နိုင်ငံ၊ Avignon မြို့မှာ ပြုလုပ်သွာမယ်လို့လည်း သိရပါတယ်။ River Gallery က ဦးစီး စီစဉ်ပေးတာလို့လည်း ဆိုပါတယ်။
ပြင်သစ်မှာ ပြသမယ့် Silent Sweat ပန်းချီ ပြပွဲမှာတော့ သူ့ရဲ့ ပန်းချီကားတွေက ပအိုဝ့်ခေါင်းပေါင်းတွေ၊ Color Compositon တွေ မဟုတ်တော့ဘဲ ရခိုင်ဒေသ နောက်ခံမှာ ရေခပ်နေတဲ့ လူပုံသေးသေးတွေကို ပြောင်းလဲ ရေးဆွဲလာပါတယ်။ ဘာကြောင့် ဘယ်လို ပြောင်းလဲသွားပါလိမ့်။ ပန်းချီ သန်ကျော်ဌေးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
`ဟုတ်ပါတယ်။ ပြောင်းသွားတယ် ဗျ။ ဘာဖြစ်လို့ ပြောင်းတာလဲ ဆိုတော့ စိတ်ကိုက အရင်ရေးဆွဲနေတာကို ငြီးငွေ့လို့ ပြောင်းသွားတာလို့ ဆိုနိုင်ပါတယ်။ စိတ်ရဲ့ အပြောင်းအလဲ အတိုင်း ပန်းချီကားတွေ ပြောင်းလာတာပါ။ အဲဒီ အပြောင်း အလဲကို ကျနော် ယုံတယ်။ အပြောင်းအလဲတိုင်းမှာတော့ စိန်ခေါ်မှုတွေ ရှိတာပေါ့နော်။ ကျေနပ်မှုရှိလား ဆိုတာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးခဲ့ရတယ်´ လို့ အသက် ၃၈ နှစ် အရွယ် ပန်းချီသန်းကျော်ဌေးက ပြောပါတယ်။
အစောပိုင်းမှာ သူဟာ အကြောင်းအရာစုံကို သရုပ်မှန် ပန်းချီရေးဆွဲနည်းနဲ့ ရေးဆွဲခဲ့တယ်လို့လည်း ပြောပါတယ်။
သူဟာ ၁၉၉၇ မှာ ပန်းချီကျောင်း စတက်ပြီး ၂၀၀၀ မှာ ကျောင်းဆင်းပါတယ်။ ကျောင်းဆင်းပြီးနောက် Color Composition New Treasure Gallery မှာ အဖွဲ့ဝင်ပန်းချီဆရာ တဦး ဖြစ်လာပြီးနောက် ၂၀၀၄ မေမှာ ပထမဆုံး တကိုယ်တော် ပန်းချီ ပြပွဲကို New Treasure Gallery မှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပုဂံရှုခင်းပုံနဲ့ အကြောင်းအရာ အမျိုးမျိုး ပါဝင်တယ်လို့ ဆိုပါတယ်။
`ဒါပေမယ့် ၂၀၀၅၊ ၂၀၀၆ လောက်မှာတော့ ကျနော် ပြောင်းလာတယ်။ ပအိုဝ့် ခေါင်းပေါင်းပုံ ပန်းချီကားတွေပေါ့။ သူငယ်ချင်းတယောက် ရေးတဲ့ ပအိုဝ့်ပုံတချို့တော့ မြင်ဖူးခဲ့တယ်။ ဒါပေမယ့် အပြင်မှာ မမြင်ဖူးသေးဘူး။ ကျနော်တို့ ပန်းချီကျောင်းတုန်းက ပုဂံကို ပျော်ပွဲစားထွက်တုန်းက ဗူးဘုရားမှာ ပအိုဝ့်တွေကို မြင်ခဲ့ဖူးပေမယ့် ပအိုဝ့်မှန်း မသိခဲ့ဘူး။ ကျနော်က ခေါင်းပေါင်းက အရောင်လှတယ်။ Tone လည်း ပါတယ်၊ ခေါင်းပေါင်းက အရောင်၊ အလင်းနဲ့ တွေ့ရင် ပြီးပြီ ဆိုပြီး တွေးမိတယ်။ ဒါနဲ့ ပအို့ဝ်ခေါင်းပေါင်း ပန်းချီကားတွေ အဆက်မပြတ် ရေးဖြစ်ခဲ့တာပါ´ လို့ အရပ်မနိမ့်မမြင့် ပန်းချီ သန်းကျော်ဌေးက သူ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပြောပါတယ်။
တချို့ ပန်းချီကားတွေက တောက်ပတဲ့ အရောင်တွေနဲ့ လှပဆွဲဆောင်ပေမယ့် Compositon က မွန်းကြပ်မှုကို ခံစားရစေတာ တွေ့ရတယ်။ ဘာဖြစ်လို့ပါလိမ့်။
`အဲဒီလို ဖြစ်တာက ကျနော့် စိတ်ကြောင့်လို့ ထင်ပါတယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာထဲမှာ ဆင်းရဲနွမ်းပါး မပြည့်စုံတာတွေ၊ မလွတ်လပ်တဲ့ အခြေအနေတွေကို ကျနော့်ခံစားမိပြီး အဲဒီခံစားမှုရဲ့ ရောင်ပြန်ထင်ဟပ် ဖန်တီးမှုလို့ လည်း ပြောနိုင်မယ် ထင်ပါတယ်။ အနုပညာ ဆိုတာ စိတ်ရဲ့ အလုပ် ဖြစ်တယ် မဟုတ်လား။ ပန်းချီဆွဲနေချိန်မှာတော့ အလင်းကို လျှော့မယ်၊ အရောင်ကို ဦးစားပေးမယ်၊ တခုခု ဖန်တီးယူမယ် ဆိုတာမျိုး စိတ်မှာ မရှိပါဘူး။ နောက်ပိုင်းကျမှ တဖြည်းဖြည်း ပြန်စဉ်းစားမိလာတာပါ´ လို့ ပြောပါတယ်။
သန်းကျော်ဌေးရဲ့ ဇာတိက ရခိုင်ပြည်နယ် စစ်တွေမြို့ပါ။ ငယ်စဉ်ကတည်းက ရခိုင်ဒေသ ရခိုင်အငွေ့အသက်နဲ့ ကြီးပြင်းလာတာ ဖြစ်လို့ ရခိုင်ဟာ သူ့စိတ်ဝိညာဉ်မှာ အမြဲလွှမ်းမိုးနေပါတယ်။ သူ့ကို လွှမ်းမိုးထားတဲ့ ရခိုင်ဒေသရဲ့ အလှအပတွေက ပန်းချီကားရေးဆွဲရာမှာ ထင်ဟပ်လာတာကလည်း စိတ်ဝင်စားစရာပါ။
`ကျနော် ငယ်ငယ် စစ်တွေမှာ နေထိုင်တုန်းက ရေခပ်ခဲ့ရတာကို အမှတ်ရနေပါတယ်။ ရန်ကုန်မှာ နေထိုင်ဖြတ်သန်းပြီး နောက် စစ်တွေကို အလည်ပြန်ရောက်ပါတယ်။ အဲဒီမှာဗျာ.. ရေခပ်ဖို့ တန်းစီနေတာ ကျနော် ငယ်ငယ်က ရေခပ်ခဲ့ သလိုပဲ တွေ့ရတယ်။ ကျနော့်ခံစားမှုကို အဲဒီမြင်ကွင်းက ရိုက်ခတ်သွားတယ်။ ဒါနဲ့ ကျနော် Documentry အတိုလေး လည်း အမှတ်တရ ရိုက်ဖြစ်ခဲ့သေးတယ်။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့တယ် ပေါ့။ နောက် ကျနော့်စိတ်ကို ရိုက်ခတ်နေတဲ့ အဲဒီ အကြောင်းအရာတွေ ပန်းချီပြန်ရေး ဖြစ်သွားတယ်´ လို့ သူရဲ့ အပြောင်းအလဲနဲ့ စိတ်ခံစားမှု အကြောင်း ပြောပြပါတယ်။
ပန်းချီကားတွေထဲမှာတော့ ကျယ်ပြန့်တဲ့ ရခိုင်ဒေသ မြင်ကွင်းကျယ် နောက်ခံ Background မှာ ရေအိုးကိုယ်စီ၊ ရေပုံးကိုယ်စီနဲ့ ရေခပ်နေတဲ့ လူပုံ သေးသေးငယ်ငယ်လေးတွေကို ထည့်သွင်း ရေးဆွဲထားပါတယ်။ မှိုင်းမှိုင်းမှုန်မှုန် နောက်ခံ ဘက်ဂရောင်းရဲ့ ရှေ့မှာ လူတွေဟာ နေပူကျဲကျဲထဲ ဖြတ်လျှောက်ရင်း ရေခပ်နေပါတယ်။ အလိုက်ဖက်ဆုံး ဖန်တီးမှုက သန်းကျော်ဌေးရဲ့ ဘီးဖြစ် နည်းစနစ်ပါ။ ဘီးခြစ် လက်ရာတွေက ပန်းချီကားထဲမှာ တံလျှပ်တွေလို တဖျတ်ဖျတ် ဖြာကျနေပုံမျိုး တွေ့ရပါတယ်။ နွေနေပူအောက်မှာ ရေခပ်နေကြသူတွေ ဘယ်လိုခံစားနေရမလဲ၊ ဘယ်လို မျှော်လင့်နေကြမလဲ။ သြော်… တိတ်ဆိတ်ချွေးစက်တွေ ကြားမှာ သူတို့ ရှင်သန်နေကြတာ လို့ အတွေးစဉ်ဖြန့် ခံစားမိစေပါတယ်။
`ကျနော် ရေခပ်နေတဲ့ပုံ ပန်းချီကားတွေ ၂၀၁၁ ခုနှစ်က ရေးဖြစ်ခဲ့တယ်၊ Vital ဆိုတဲ့ အမည်နဲ့ ပြပွဲ လုပ်ဖြစ်ခဲ့တယ်။ အဲဒါ ဒုတိယ တကိုယ်တော်လို့ ပြောနိုင်ပါတယ်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ Silent Sweat အမည်နဲ့ River Gallery မှာ တတိယ အကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ အခု ပြင်သစ်မှာ လုပ်မယ့်ပွဲက စတုတ္ထအကြိမ် မြောက် တကိုယ်တော်ပွဲ ပါပဲ။ နိုင်ငံရေး အပြောင်းအလဲနဲ့ ဆက်စပ်ပြီး ပြောရရင်တော့ ခေါင်းစဉ်အရတော့ ပြောင်းနေ ပါပြီ၊ အနှစ်သာရအားဖြင့်တော့ အရင်ကနဲ့ သိပ်မကွာခြားသေးဘူး။ ပြပွဲ စိစစ်ရေး မရှိတော့ အလုပ်ရှုပ် သက်သာတာ တော့ ရှိတယ်´ လို့ ပန်းချီသန်းကျော်ဌေးက ပြောပါတယ်။
အနုပညာ သမား တယောက်အနေနဲ့ ဖန်တီးရာမှာ ဘယ်လို စိတ်မျိုး ထားသလဲ ဆိုတာ မေးမြန်းဖြစ်ပါတယ်။ သူက – `အနုပညာ သမားတယောက် အနေနဲ့ ကျနော့်စိတ်မှာ ဘာဖြစ်နေတယ်၊ ကျနော့်စိတ်ကို ဘာက ထိခတ်ပြီး ဆွဲဆောင် နေတယ် ဆိုတာကို ပြန်ရှာတယ်၊ ပြန်ကြည့်တယ်၊ အဲဒါကို ကျနော်က ကိုယ်နားလည်သလို ကျေနပ်မှု ရတဲ့ အထိ ပြန်လည် ဖန်တီးတင်ပြတာပါ။ ကျနော်က စိတ်ကို ပြန်ကြည့်တယ်၊ ပြန်ရှာတယ်၊ ပြီးမှ ပြန်လည်ဖန်တီးတယ်ပေါ့´
သန်းကျော်ဌေးကို ၁၉၇၈ ခုနှစ်၊ ရခိုင်ပြည်နယ် စစ်တွေမှာ မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ရန်ကုန်မှာ ပန်းချီပန်းပုကျောင်း တက်ရောက်ခဲ့ပါတယ်။ ၂၀၀၁ မှာ မနော်ဆေးဟဲနဲ့ အိမ်ထောင်ကျပြီး သမီး ၂ ယောက်နဲ့ အတူ ရန်ကုန်မှာ နေထိုင် လျက် ရှိပါတယ်။ ။