လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၇ နှစ်လောက်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာ စာသင်ခန်းတွေ ထဲကနေ တောတောင်တွေဆီ ပြေးဝင် သွားခဲ့ရတဲ့ ကျောင်းသားတွေ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်က ကျည်ဆံမိုးအောက် အသက်ပေးခဲ့ရသူ များစွာ၊ တောတောင်ထဲမှာ အသက်ဆုံးရှုံးခဲ့ကြသူများစွာ ရှိခဲ့ပါတယ်။
ကိုယ်ချစ်မြတ်နိုးတဲ့ တိုင်းပြည် အတွက်၊ ဒီမိုကရေစီအရေး အတွက် စွန့်လွှတ်စွန့်စားဝံ့ခဲ့ ကြသူတွေရဲ့ ခေတ်ကာလကို အပြည့်အဝ မသိမီလိုက်ပေမယ့် သူတို့တွေ အကြောင်း ဘယ်အချိန်မှာပဲ ကြားနာရသည် ဖြစ်စေ ကြက်သီးထမိတဲ့ အထိ လေးစားစမြဲပါ။ ဒီခံစားချက်ကို မကြာသေးခင်က ကျင်းပတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသတဲ့ “ဒီလို အချစ်မျိုး” (This kind of Love) မှတ်တမ်းရုပ်ရှင် ကြည့်နေရင်းနဲ့ပဲ ခံစားခဲ့မိပြန်ပါတယ်။
“ဒီလိုအချစ်မျိုး” မှတ်တမ်းရုပ်ရှင်ဟာ အပေါ်ယံအားဖြင့် ကြည့်ရင် အဓိက ဇာတ်ရုပ်ဖြစ်တဲ့ ဦးအောင်မျိုးမင်း (Equality Myanmar) ရဲ့ ဘဝမှတ်တမ်း တစိတ်တပိုင်း ဖြစ်တယ် လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ရုပ်ရှင်ကို တကယ်ခံစား ကြည့်မယ် ဆိုရင်တော့ လူတဦးတယောက်ရဲ့ ဘဝချည်းသာ မဟုတ်ဘဲ အရေးအခင်းကာလက တက်ကြွ လှုပ်ရှားသူတို့ရဲ့ ပုံရိပ်တွေ၊ လူရှေ့သူရှေ့ ရောက်မလာနိုင်ဘဲ ထောင်ထဲမှာတင် အသက် ဆုံးရှုံးခဲ့ကြသူတွေကိုပါ ပြန်ပြောင်း သတိရနိုင် ကြမှာပါ။ မငြိမ်းချမ်းမှုရဲ့ ဆိုးကျိုးအဖြစ် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေး ကြရတဲ့ တိုင်းရင်းသားတွေ၊ သူတို့ရဲ့ ရင်သွေးငယ်တွေရဲ့ ဘဝ ဘဝတွေကိုလည်း ဒီရုပ်ရှင်က ပြဆိုတယ်။
လူသားတိုင်း တန်းတူညီတူ အခွင့်အရေး ရရှိမှုနဲ့ တဦးချင်းစီမှာ ရှိရမယ့်၊ လူလူချင်း ထားအပ်တဲ့ ချစ်ခြင်းမေတ္တာ ကိုလည်း ရုပ်ရှင်က မီးမောင်းထိုး ပြခဲ့ပါတယ်။
မောင်ရှင်လောင်း ဝတ်စုံဝတ် ကလေးငါးဦးရဲ့ အဖြူအမည်း ဓာတ်ပုံရယ်၊ နောက်ခံ ကြေးစည်သံ သာသာလွင်လွင် ရယ်နဲ့ “ဒီလိုအချစ် မျိုး” ရုပ်ရှင်ကို စဖွင့်ပါတယ်။ “မြန်မာပြည်ဟာ ကျနော့် တိုင်းပြည်ပါ။ ဘာကြောင့်များ ဘဝကို တိုင်းပြည်နဲ့ အဝေးမှာ ဖြတ်သန်းနေရသလဲ၊ ကျနော့်မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ” ဆိုတဲ့ အဖွင့်စကားသံကို နောက်ခံ ပြောကြားသူကတော့ ဦးအောင်မျိုးမင်း ကိုယ်တိုင်ပါပဲ။ ရွေးချယ်စရာ မရှိခဲ့လို့ပါ ဆိုတဲ့ စကားသံနဲ့အပြိုင် မီးတောက် မီးလျှံတွေ ယိမ်းထိုးလို့။ ကျနော့်အိမ်ဟာ ကျနော့် တိုင်းပြည်ပါပဲတဲ့ …။ ပြန်သွားပြီး အမြဲတမ်း နေချင်ပေမယ့် ပြန်ဖို့ ဆိုတာကလည်း မလွယ်လှပါဘူးလို့ သူက ဆိုတယ်။
ရုပ်ရှင်ရဲ့ နောက်ထပ်မြင်ကွင်းကတော့ ရထားခုတ်မောင်းပုံပါ။ ခေတ်ကာလ ရွေ့တော့မယ် ထင်ပါရဲ့လို့ ကျမ တွေးလိုက်တုန်းမှာပဲ ဆက်တိုက် ဆိုသလို မြင်လိုက်ရတာ ကတော့ ၁၉၈၈ မြင်ကွင်းတွေပါပဲ။ လူထုလူတန်းစား အသီးသီး ပါဝင်ခဲ့ကြတဲ့ အရေးတော်ပုံ မှတ်တမ်းဟာ အရုပ်တွေ မှုန်ဝါးနေပေမယ့် လောလောလတ်လတ် ကြုံလိုက်ရ သလို၊ မြင်လိုက်ရသလို ထင်ရှားလို့ပါ။
နှစ်တွေ ဘယ်လောက်ပဲ ကြာသည် ဖြစ်စေ စိတ်အာရုံမှာ မပျောက်ပျက်ကောင်းတဲ့ ပုံရိပ်တွေ။ အဲဒီ တချိန်တုန်းက ကလေးအရွယ်သာ ရှိသေးတဲ့ ကျမတို့ ဒီလို ခံစားရရင် တကယ် ကြုံတွေ့ခဲ့ရသူတွေဆို ဘယ်အချိန် ပြန်တွေးတွေး အသစ်ဖြစ်နေ၊ နာကျင်နေမှာပါပဲ။ ဦးအောင်မျိုးမင်းရော အတိတ် တချိန်ကို ဘယ်လိုများ ပုံဖော် မြင်ယောင်ခဲ့ပါသလဲ။
“၁၉၈၈ တုန်းက ကျနော်က တက္ကသိုလ် ကျောင်းသား၊ တက္ကသိုလ်မှာ အင်္ဂလိပ်စာပေ အကြောင်း သင်ကြားတဲ့ နည်းပြ တယောက် ဖြစ်လာဖို့ဟာ ကျနော့်အိပ်မက်ပဲ”
ဦးအောင်မျိုးမင်းလိုပဲ တက္ကသိုလ် ကျောင်းသားပေါင်း များစွာမှာ ကိုယ်စီ အိပ်မက်တွေ ရှိခဲ့ကြမှာပဲ။ ဒါပေမယ့် သူတို့ အိပ်မက်တွေဟာ တိုင်းပြည်အရေးနဲ့ ထိပ်တိုက်တွေ့တော့လည်း နောက်တန်း ရောက်ရတယ်။ တိုင်းပြည်အရေးကိုသာ သူတို့ ရှေ့တန်းတင်ပြီး ဒီမိုကရေစီ ခရီးကို အစချီခဲ့ကြပါတယ်။ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကိုသာ ရဟန်းရှင်လူ ပြည်သူတွေ၊ ကျောင်းသားတွေက တောင်းဆိုခဲ့ပေမယ့် အရာအားလုံးဟာ သွေးသံတရဲရဲ မြင်ကွင်းနဲ့သာ အဆုံးသတ် ပါတယ်။
“ဒီသွေးမြင်ကွင်းတွေဟာ ခုထိ ကျနော့် နှလုံးသားထဲမှာ ရှိနေတုန်းပဲ” လို့ ဦးအောင်မျိုးမင်း ပြောလိုက်ပုံနဲ့ ရုပ်ရှင်ကို ဆက်ပါတယ်။
ကျောင်းသား ခေါင်းဆောင်တွေထဲက တဦး ဖြစ်လာတဲ့ နောက်တော့ စစ်တပ်က ရှာတာနဲ့ပဲ နယ်စပ်ကို တိမ်းရှောင် ရတယ်။ တိမ်းရှောင် ရပြီ ဆိုတာကို ခိုငှက်တွေ ဝုန်းကနဲ ထပျံပုံ၊ မြစ်ထဲ သဗ္မာန်တစင်း လျှပ်တိုက် ပြေးပုံ စတာတွေနဲ့ ပြတာ အနုပညာဆန်လှ ပါတယ်။ မိခင်ကိုတော့ စိတ်မပူပါနဲ့ တပတ်အတွင်း ပြန်လာမှာပါ လို့ စာပို့ခဲ့ပါ သတဲ့။ ဒါပေမယ့် အဲဒီခဏဟာ နှစ်ပေါင်း ၂၄ နှစ်လောက် ကြာခဲ့တာပါ။
၁၉၈၈ အရေးတော်ပုံ ပြီးတဲ့နောက်မှာ ဦးအောင်မျိုးမင်းလိုပဲ ထောင်ပေါင်းများစွာသော ကျောင်းသားတွေဟာ တောတွင်းကို တိမ်းရှောင် ခဲ့ကြပါတယ်။ တိုင်းရင်းသား စစ်တပ်များနဲ့ ပူးပေါင်းခဲ့ကြပါတယ်။ ကျောင်းသား တယောက် အတွက် လက်နက်ကို ပြင်ပမှာ အနီးကပ်မြင်ဖူးတာ လက်နက်ကိုင်သူတွေကို မြင်ဖူးတာ ပထမဆုံး ပါပဲတဲ့။ စာသင်ခန်းထဲက ဘဝတွေနဲ့ ကွာခြားခဲ့ပြီ။ တောတွင်းမှာ ညီအစ်ကို မောင်နှမတွေလို တသားတည်း ရှိခဲ့ကြပြီ။ မတရားမှု အတွက် တိုက်ခိုက်ဖို့ အသင့်ဖြစ်လာခဲ့ပြီ။ တောတွင်းက ဦးအောင်မျိုးမင်းရဲ့ ဘဝ။ ကျောင်းသားများရဲ့ ဘဝ။
ဒီနေရာမှာ ပြောစရာ ရှိလာတာက “ဒီလိုအချစ်မျိုး” ရုပ်ရှင်ရဲ့ အနုပညာမြောက်မှု၊ တည်းဖြတ်မှု အတတ်ပညာ လှပမှု ပါပဲ။ တောတောင်ထဲက လူသွားလမ်းလေးထက်မှာ လူတွေ တအိအိ လျှောက်နေကြပုံဆီ မြင်ကွင်း ပြောင်းပါတယ်။ စစ်အုပ်ချုပ်ရေး အောက်က ပဋိပက္ခ တွေကြောင့် ထောင်ချီတဲ့ တိုင်းရင်းသားတွေ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ကြတဲ့ အချိန်။ မိသားစုလိုက် ထွက်ပြေးရသူတွေဟာ ပစ္စည်း တနိုင်သာ သယ်နိုင်ကြတယ်။ အပြစ်မဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေ၊ သက်ကြီးရွယ်အိုတွေရဲ့ ပူပန်ကြောင့်ကျ မျက်နှာပြင် တွေဟာ ကျမကို မျက်ရည်ဝဲစေ ပါတယ်။
သူတို့တွေ ခိုလှုံကြရတာ ကတော့ မယ်လ ဒုက္ခသည် စခန်းပါ။ ဒီလို ရွှေ့ပြောင်းခိုလှုံရသူတွေ အတွက် တခုခု လုပ်သင့်တယ် လို့ ယူဆတဲ့ အတွက် ထိုင်းနိုင်ငံ မဲဆောက်မှာ ရွှေ့ပြောင်း ကလေးငယ်တွေ အတွက် ကျောင်းကို ဦးအောင်မျိုးမင်းက ထူထောင်ခဲ့ပါတယ်၊ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး သင်ကြားပေးပါတယ်။ သူတို့တွေဟာ ဦးအောင်မျိုးမင်းရဲ့ ဘဝ တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။
အနုပညာက တဆင့် လူမှုရေးနဲ့ ဆက်နွှယ်ပြီး အသိပညာပေးတယ်။ သူတို့ချင်း အတွေ့အကြုံ ဖလှယ်တာနဲ့ပဲ သူတို့ကို ပြန်ကုစား စေတယ်။ ဒါဟာ သူ့ကိုယ်သူ ကုစားခြင်းလည်း ဖြစ်တယ် လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ သူဟာ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေသူ၊ မိခင်ကလည်းပဲ သူချစ်တဲ့ သားကို မတတ်သာလို့ လူသိရှင်ကြား စွန့်လွှတ် လိုက်ရသူ …။
နောက်ကြောင်းပြန် ပြကွက်ကတော့ ဇာတ်လမ်းကို အရှိန် တဆင့် တင်လိုက်တာပါပဲ။ ဦးအောင်မျိုးမင်းနဲ့ သူ့ရဲ့ လိင်တူချစ်သူ ဇော်သန်းတို့ရဲ့ အတိတ် ပုံရိပ်တွေ။ အဲဒီအတိတ် တချိန်ဟာ လိင်တူချင်း ချစ်ကြိုက်တာကို လုံးလုံး လက်မခံနိုင်တဲ့ အချိန်။ သို့သော် သူတို့ ချစ်ခြင်းဟာ သဘာဝအတိုင်း နှလုံးသားထဲက ပေါ်ပေါက်လာပါသတဲ့။ စိန်ခေါ်မှုတွေ ကြုံလာရတဲ့ အခါ သူကတော့ မမှားဘူးထင်ပေမယ့် သူ့ချစ်သူ ဇော်သန်း ကတော့ ဖိအားတွေ ရင်မဆိုင် နိုင်တော့တဲ့ အခါ ရပ်ဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီနောက် ဦးအောင်မျိုးမင်းက ကျောင်းသား တပ်မတော်ကို စွန့်ခွာ ခဲ့တယ်။ ရွှေ့ပြောင်း ကလေးငယ်တွေ အရေး အတွက်၊ ပြည်တွင်းမှာ လုပ်ခွင့် မရတဲ့ လူ့အခွင့်အရေး အသိပညာ ပေးမှုတွေ အတွက် ဘဝကို မြှုပ်နှံခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ပြန်လာဖို့ ဦးအောင်မျိုးမင်း ဖိတ်ခေါ်ခံရပါတယ်။ သူတို့ ဘယ်လောက် ရိုးသားမလဲ၊ အတုလား၊ ပြယုဂ် သဘောလား ဆိုတာမျိုး သူ တွေးခဲ့ပါသတဲ့။ နောက်ဆုံးတော့လည်း နှစ်ပေါင်း အတော်ကြာ ခွဲနေရတဲ့ အမေနဲ့သား ပြန်ဆုံရပါ တော့တယ်။
“သူက လက်ပြန်ပြတယ်။ သူ့ကို မြင်တော့မှ အိပ်မက် မက်နေတာ မဟုတ်ဘူး” လို့ ဦးအောင်မျိုးမင်း မိခင်က မျက်ရည်ဝဲရင်း ပြောရှာတယ်။ ဒီမိခင်ဟာ နိုင်ငံ့ အရေးကြောင့် အိမ်၊ ရေမြေကို စွန့်ခွာရတဲ့ သား၊ သမီးတို့ရဲ့ မိခင်များစွာကို ကိုယ်စားပြုနေမှာပါ။
“ပြန်လာတာ ဆိုတာထက် ပိုပါတယ်။ နှောင့်ယှက်မှု ကင်းကင်းနဲ့ လူ့အခွင့်အရေး အသိပညာပေးမှုကို ဘယ်လောက် လုပ်နိုင်မလဲ။ နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရ အုပ်ချုပ်မှုအောက် ရှိခဲ့တဲ့ နိုင်ငံက ပြည်သူတွေဟာ လူ့အခွင့်အရေး ဆိုတာ သူတို့အတွက် ဘယ်လို အဓိပ္ပာယ်ရှိနေသလဲ လေ့လာခွင့် မရခဲ့ကြပါဘူး” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ တို့မှာ သုံးနှစ်ကျော် ရိုက်ကူးထားတဲ့ “ဒီလိုအချစ်မျိုး” မှတ်တမ်းရုပ်ရှင်မှာ လိင်တူချစ်သူများနဲ့ ပတ်သက်လို့လည်း သတင်းစကား ပေးထားပြန်ပါတယ်။ လိင်တူချစ်သူ (LGBT) တွေ အပေါ် ခွဲခြားဆက်ဆံမှုကို လိင်တူ ချစ်သူတွေ ကိုယ်တိုင် ရင်ဖွင့်ပြောပြတယ်။
လိင်တူချစ်သူတွေ ဘက်ကတော့ သူတို့အပေါ် နားလည်မှုပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းကနေ ကင်းဝေးဖို့ မျှော်လင့် ကြတယ်။ တဘက်မှာတော့ ယဉ်ကျေးမှုစံနဲ့ ရှုမြင်လေ့ရှိတဲ့ ပတ်ဝန်းကျင်မှာ လိင်တူချစ်သူဆိုတဲ့ အသုံး အနှုန်း ကိုတောင် လက်မခံနိုင်သေးသူ များစွာ ရှိနေပြန်တာပါ။ ဦးအောင်မျိုးမင်း ကြုံတွေ့ခဲ့ဖူးတဲ့ လိင်တူချစ်သူမို့ ခွဲခြား ရှုမြင်ခံရတာမျိုးကို ဒီနေ့ခေတ်အခါမှာလည်း ကြုံနေကြရ တုန်းပါ။ နားလည်ပေးသူတွေ ရှိသလို ကဲ့ရဲ့ နှိမ့်ချသူတွေ လည်း ရှိနေတုန်းပါ။
ဒါရိုက်တာ Jeanne Marie ရိုက်ကူးထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ ဆိုခဲ့သလို အနုပညာမြောက်ပါတယ်။ နောက်ခံတေး ကဗျာ ရွတ်ဆိုသံနဲ့ ဦးအောင်မျိုးမင်းရဲ့ ကကွက်အလှတွေကို ဇာတ်အချိုးအပြောင်းတိုင်း လိုလို အသုံးပြုထားတာက လည်း စိတ်ကူးကောင်း တခုပါ။ ဒီရုပ်ရှင်ဟာ အဓိက ဇာတ်ကောင် တဦးတည်းရဲ့ ဘဝ အစိတ်အပိုင်းတွေကို ရိုက်ကူး ပြသနေတယ်လို့ မြင်ကောင်း မြင်ရနိုင်ပေမယ့် အဲဒီဇာတ်ကောင်ကနေ ဆက်နွှယ်ပြီး လူတဦးကနေ လူ့လောက၊ လူ့ပတ်ဝန်းကျင် အပေါ် ထားတဲ့ ချစ်မြတ်နိုးစိတ်၊ လူသားချင်း တဦးအပေါ် တဦး လူမျိုး၊ ဘာသာ၊ လိင်စိတ် အပေါ် မူတည် ခွဲခြားမှု မရှိတဲ့ ချစ်စိတ်ကို ပြနေတယ်လို့ မြင်ပါတယ်။
တိုင်းပြည်အပေါ် ချစ်တယ်ဆိုရာမှာ တခြားသူတွေကိုပါ ချစ်တတ်၊ ပတ်ဝန်းကျင်ကိုပါ ချစ်တတ်ပြီး ဝိုင်းဝန်းမြှင့်တင် ပေးတာကသာ အမှန်တကယ် ချစ်ရာရောက်တယ် လို့ ရုပ်ရှင်က ဖော်ညွှန်း နိုင်တယ်။ ဒီကနေ့ခေတ် မြန်မာနိုင်ငံ အခြေအနေကိုလည်း ထင်ဟပ်တယ်။ အပေါ်ပိုင်းက ပြောင်းလဲပြီ ဆိုသော်ငြား တကယ့်တကယ် အပြောင်းအလဲမရှိတဲ့ အောက်ခြေ လူတန်းစားများရဲ့ ဘဝကိုလည်း ဒီမှတ်တမ်း ရုပ်ရှင်မှာ ရိုးကနဲ ရိပ်ကနဲ ပြနိုင်ခဲ့ပါတယ်။
ကျမတို့တတွေ ကိုယ့်တိုင်းပြည် ကိုယ့်ရေမြေကို ချစ်တယ်လို့ ပြောဖို့ရာ လွယ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအချစ်မျိုးနဲ့ ချစ်ပါသလဲ၊ အချစ်ကို ဘယ်လို နည်းမျိုးနဲ့ ပြခဲ့သလဲ၊ ပြနေသလဲ ဆိုတာကသာ ကျမတို့ ပြောနေတဲ့ အပြောတွေထက် အရေးကြီးတယ်လို့ “ဒီလိုအချစ်မျိုး” ရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက် အတွေးဆက်မိပါတယ်။ ။