လာမယ့် ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာမှာ ဒုတိယ စိတ်ဝင်စား အခံရဆုံးလို့ ပြောကြတဲ့ Miss World 2015 ပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ် ပါမယ်။ အဲဒီ Miss World ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် Miss Myanmar World 2015 ကိုလည်း ရွေးချယ်ပြီး ဖြစ်ပါတယ်။ သူကတော့ အရပ် ၅ ပေနဲ့ ၈ လက်မရှိတဲ့ မန္တလေးသူလေး ခင်ရတနာသိန်းမြင့်ပဲ ဖြစ်ပါတယ်။
ဒီလို Miss တယောက်ဖြစ်ဖို့ ချောမောလှပရုံတခုတည်းနဲ့လည်း မဖြစ်နိုင်ဘဲ အဘက်ဘက်က ပြည့်စုံပြီး အသိပညာ ပိုင်းမှာ ဗဟုသုတနဲ့ ပြည့်စုံနေဖို့ အများကြီးလိုတယ် ဆိုတာ ရှေ့က ကျင်းပပြီးဖြစ်တဲ့ Miss ရွေးပွဲတွေက သက်သေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ ကျနော်၊ ကျနော်နဲ့ ကိုယ်စားပြု ပြောတတ်တဲ့ မန္တလေးသူလေး ခင်ရတနာသိန်းကို ပြိုင်ပွဲ အတွက် ပြင်ဆင်ခဲ့တဲ့ အပိုင်း၊ တရုတ်နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်မယ့် အချိန်မှာလည်း ဘာတွေ ပြင်ဆင်သွား မလဲ ဆိုတာ ဧရာဝတီသတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ခင်ရတနာသိန်းမြင့်ရဲ့ အကြောင်း အရင်ဆုံး သိချင်ပါတယ်။
ဖြေ။ ။ ကျနော့် အသက်က ၂၂ နှစ် ရှိပါပြီ၊ မန္တလေးမှာနေပါတယ်။ UFL မှာ ဂျာမဏီ ဘာသာစကားနဲ့ ကျောင်းပြီး ထားပါတယ်။ မောင်နှမက သုံးယောက်ပါ၊ အစ်ကိုတယောက် မောင်တယောက် ရှိပါတယ်။ ကျနော်က မန္တလေးမှာ အင်္ဂလိပ်ပိုင်းနဲ့ ပတ်သတ်ပြီး Tour Guide လဲ လုပ်ပါတယ်။ အဲဒါက မန္တလေးနဲ့ ပြင်ဦးလွင်နဲ့ နှစ်နေရာမှာ ပါပဲ။
မေး။ ။ Miss ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာက ဒါပထမဆုံးလား။
ဖြေ။ ။ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်က Miss Myanmar International 2014 ကို ဝင်ပြိုင်ခဲ့ဖူး ပါတယ်။ အဲဒီပြိုင်ပွဲတုန်းကတော့ ညီမက Top 4 အထိတော့ ဝင်ခဲ့ပါတယ်။ အဲဒီမှာ အတွေ့အကြုံတော့ ရခဲ့တာ ပေါ့။
မေး။ ။ Miss World Myanmar ပွဲကိုရော ဘယ်လိုကြောင့် ဝင်ပြိုင်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ Miss World ပွဲကို ရှေ့နှစ်ပြိုင်ကတည်းက ပြိုင်ချင်နေတာ။ ဒါပေမယ့် အဲဒီတုန်းက အကြောင်းတခုကြောင့် မပြိုင်ဖြစ်ခဲ့ဘူး။ မပြိုင်ဖြစ်တော့ နောင်နှစ်ကျရင်တော့ ပြိုင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာ။ ဒါနဲ့ Facebook က Miss World page ကို Like လုပ်ထားပြီး သတင်းတွေကို တချိန်လုံးစောင့်ကြည့်နေတာပါ။ အဲဒီမှာ ဖောင်တွေတင်ဖို့ ခေါ်နေပြီ ကြားတာနဲ့ကို ဖောင်သွားတင်ထား လိုက်တာပါ။
မေး။ ။ ဇာတိက မန္တလေးကဆိုတော့ ရန်ကုန်မှာ ပြိုင်ပွဲ လာဝင်တဲ့အခါ ကိုယ့်အတွက် ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရသေးလဲ။
ဖြေ။ ။ အခက်အခဲက ကြီးကြီးမားမားတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရန်ကုန်မှာက အမျိုးတွေ ရှိတယ် လေ။ သူတို့က အားလုံး လိုက်လုပ်ပေးကြတယ်။ အခက်အခဲဆိုလို့ တနေရာနဲ့ တနေရာ မသိလို့ သိပ်ပြီး မသွားတတ် တာ လောက်ပဲ ရှိပါတယ်။ ကျနော်က အပြင်လည်း သိပ်မသွားတတ်တော့ အဲဒါလေးတော့ အခက်အခဲ ဖြစ်ပါတယ်။
မေး။ ။ Miss World Myanmar ပြိုင်ပွဲဝင်ဖို့ Training ကာလမှာရော ကိုယ့်အတွက် ဘယ်လို အခက်အခဲ၊ အတွေ့အကြုံတွေ ရခဲ့လဲ။
ဖြေ။ ။ Training ကာလမှာ အတွေ့အကြုံ အမှတ်တရတွေ ကတော့ အများကြီးပါပဲ။ အချိန်ကလည်း နှစ်လလောက် ကြာတယ် ဆိုတော့လေ။ သူငယ်ချင်း အသစ်တွေလည်း ရလာတယ်။ ခရီးတွေလည်း တူတူသွားရတော့ သူတို့နဲ့လည်း သံယောဇဉ်တွေ ဖြစ်မိတယ်။ ပြီးတော့ ဘဝအတွက် အတွေ့အကြုံတွေလည်း အများကြီးရတယ်။ ဖူးခက်မှာ လိပ်လွှတ် ရတာ ဆိုရင် အမြဲအမှတ်ရ နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လိပ်ကို Micro chip လေး ထိုးပေး လိုက်တယ်။ သူ့ကိုပေးထားတဲ့ ကိုယ်ပိုင်နာမည်လေးနဲ့ ပင်လယ်ထဲကို လွှတ်လိုက်တာလေ။ ကိုယ့်လိပ်က အသက်ရှိသေးလား ဆိုတာ ပြန်သွားရှာရင်လည်း ရတယ်။ အဲဒါလေးတော့ အရမ်းအမှတ်ရတယ်။
မေး။ ။ စင်ပေါ်မှာ ပြိုင်ပွဲဝင်နေတဲ့ အချိန်မှာရော ကိုယ့်အတွက် ဘယ်လို အမှတ်ရစရာတွေ ရှိခဲ့သေးလဲ။ ကိုယ် Winner ဖြစ်ရမယ် ဆိုတဲ့စိတ်ရော ထည့်ထားလား။
ဖြေ။ ။ စစခြင်း ပထမဆုံး Round ထွက်တော့ အရမ်းစိတ်လှုပ်ရှားတယ်။ နောက်ပိုင်းကျတော့ ပရိသတ်ကလည်း အားပေးတယ်။ အဲဒီမှာ ကိုယ် အကောင်းဆုံး ကြိုးစားပြရမယ် ဆိုတဲ့ စိတ်ဖြစ်မိတယ်။ ရလဒ်က ဘယ်လိုပဲ ဖြစ်ပါစေ အကောင်းဆုံး ကြိုးစားမယ် ဆိုတဲ့ စိတ်နဲ့ ယှဉ်ပြိုင်ခဲ့တယ်။ ဆုရမယ် ထင်လား ဆိုတော့၊ ကိုယ်က ကြိုးတော့ ကြိုးစားခဲ့တယ်။ ရတာ၊ မရတာက သူ့အပိုင်း ဆိုပြီး စိတ်ထားခဲ့တာ။ အခုလို Winner ဖြစ်ခဲ့တော့လည်း အရမ်း ပျော်ပါတယ်။
မေး။ ။ ပြိုင်ပွဲမဝင်ခင် ပွဲအတွက် Knowledge တွေ၊ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ လေ့ကျင့်မှုတွေကို ဘယ်လိုများ လုပ်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ Knowledge ပိုင်း အတွက်ဆိုပြီး ပြိုင်ပွဲဝင်မှ ထွေထွေထူးထူး လေ့လာတာတော့ မရှိပါဘူး။ ညီမက အရင် ကတည်းက စာဖတ်တာ ဝါသနာပါတော့ စာအရမ်းဖတ်တယ်။ ပြိုင်ပွဲကာလ တလျှောက်မှာလည်း နေ့စဉ် သတင်းစာ တွေ၊ တခြား ဗဟုသုတ ရမှာတွေကိုတော့ အမြဲဖတ်နေတယ်။ ခန္ဓာကိုယ် အတွက်ကကျတော့ ပြိုင်ပွဲ စစဝင်ချင်း တုန်းက ညီမက နည်းနည်းပြည့်နေတယ်။ အဲဒီမှာ Balance Fitness Center က စပွန်ဆာပေးတော့ အဲဒီမှာ နေ့တိုင်း ကစားပါတယ်။ အဲဒီမှာ နှစ်လလောက် ကစားလိုက်တယ် ပေါ့။ နေ့စဉ်အတွက် ဒီမှာ Activity တွေ လုပ်တယ်၊ ပရဟိတတွေ သွားလုပ်တယ်။ မရှိတဲ့ ရက်တွေ ဆိုရင်တော့ အိမ်မှာပဲ နားဖြစ်တယ်။ အိမ်မှာ စာဖတ်တယ်။
မေး။ ။ ပရဟိတနဲ့ ပတ်သတ်ပြီး အခု Miss ပြိုင်ပွဲဝင်မှ လုပ်ဖြစ်လာတာလား၊ အရင်က လုပ်ခဲ့ဖူးပါလား။
ဖြေ။ ။ ပရဟိတက အရင်ကတည်းက လုပ်ပါတယ်။ မန္တလေးမှာ ဆိုရင် ကျနော်တို့ ကျောင်းတက်ကတည်းက ထူထောင်ထားတဲ့ အသင်းလေးရှိတယ်။ အသင်းနာမည်က Future Life Charity ပါ။ အခုနောက်ပိုင်းကျမှ အဲဒီ အသင်းက လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်တော့တာ။ အရင်တုန်းကတော့ အသင်းလှုပ်ရှားမှုက တော်တော်လေး ရှိတယ်။ နောက်ပြီး ကျနော့် မွေးနေ့မှာ ဆိုရင်လည်း မိဘမဲ့ကလေး ကျောင်းတွေကို သွားလှူတာ၊ အားပေးတာ မျိုးတွေလည်း လုပ်ဖြစ်ပါတယ်။ အဲဒီအသင်းမှာ ဆိုရင် လူငယ်တွေပဲ ပါဝင်တာပါ။ အသင်းဥက္ကဋ္ဌဆိုရင် ကျနော်တို့ ထက်တောင် ငယ်သေးတယ်။ အသက် ၂၀ လောက်ပဲရှိသေးတယ်။ သူက ဦးဆောင်ပြီး လိုက်လုပ်တာပါ။ အဓိက ကလေးတွေအတွက် Target ထားပြီး လှူဖြစ်ကြတယ်။ ကလေးတွေအတွက် ကျောင်းဆောက်လှူဒါန်းတာတို့၊ စာအုပ်တွေ လှူဒါန်းတာတွေပေါ့။ အဖွဲ့မှာက လူငယ်တွေ ဆိုတော့ ကျောင်းတက်နေတဲ့ သူတွေ များတယ်။ ဒါကြောင့် အသင်းက လှုပ်ရှားမှု သိပ်မရှိတော့တာ။ ဒါကြောင့် နောက်ပိုင်း ပြန်လှုပ်ရှားဖို့ နှိုးဆော်တာတွေ လုပ်နေကြတယ်။
မေး။ ။ Miss World သွား မပြိုင်ခင်နဲ့ အခု စပ်ကြား အချိန်တွေမှာရော ဘာတွေ လုပ်ဖြစ်နေမလဲ။
ဖြေ။ ။ သွားမပြိုင်ခင်နဲ့ အခုစပ်ကြား အချိန်မှာ ပြိုင်ပွဲအတွက် အထောက်အကူဖြစ်မယ့် အရာတွေ လေ့လာမယ်။ ခန္ဓာကိုယ်ပိုင်း အတွက်လည်း Fitness မှာ သွားကစားနေရမယ်။ ဗဟုသုတရမယ့် စာတွေ ဖတ်မယ်၊ နောက်ပြီးအဓိက အင်္ဂလိပ်စာကိုလည်း ပိုပြီးတော့ တိုးတက်မှု ရှိအောင် လုပ်သွားဖို့ ရှိပါတယ်။
မေး။ ။ အရင် Miss World ပြိုင်ပွဲတွေကိုရော ကြည့်ဖူးလား။
ဖြေ။ ။ ဟုတ်ကဲ့။ အရင် ဝိုင်းလေးသွားပြိုင်ခဲ့တဲ့ International ပွဲကိုတော့ ကြည့်ဖူးပါတယ်။ ပြိုင်ပွဲက တော်တော် လေးကို အဆင့်မြင့်တယ်။ နိုင်ငံတကာက မယ်တွေကလည်း တော်တော်လေးကို လှကြ၊ တော်ကြတယ်။ သဘောလည်း ကျတယ်။
မေး။ ။ အခုနောက်ပိုင်းမှာ Miss ပြိုင်ပွဲတွေ အများကြီး ရှိလာတယ်။ စင်ပေါ်က Miss တွေကိုလည်းကြည့်ပြီး အားကျနေတဲ့ သူတွေအများကြီး ရှိလာတယ်။ ဒါပေမယ့် Miss တယောက်အနေနဲ့ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိခဲ့လဲဆိုတာ သိပ်မသိကြဘူး။ ခင်ရတနာသိန်းက ပြောပြပေးပါဦး။
ဖြေ။ ။ မိန်းကလေးတိုင်းကတော့ သူတို့ရဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေ ရှိကြတာပဲလေ။ တချို့ကျတော့လည်း မော်ဒယ်လ်လိုင်း ဘက်ကို ကြိုက်တယ်။ တချို့ကလည်း နိုင်ငံကိုယ်စားပြုတဲ့ Miss တယောက်ဖြစ်ချင်တယ် ပေါ့။ နိုင်ငံ အကျိုးပြုတဲ့ လုပ်ငန်းတွေ ဆိုတာကလည်း Miss ဖြစ်မှ မဟုတ်ပါဘူး၊ သူ့နယ်ပယ်နဲ့သူ လုပ်နိုင်ပါတယ်။ ကျနော်တို့ Miss World မှာ ဆိုရင်လည်း စကားလုံး ရှိတယ် ပေါ့နော်။ အရည်အချင်းပြည့်ဝမှ မြန်မာ အမျိုးသမီးများ အလှ ဆိုပြီး တော့ပေါ့။ အမျိုးသမီးတယောက်က လှပနေရုံနဲ့လည်း မပြီးသေးဘူးလေ။ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ ပညာအရည်အချင်း၊ စိတ်နေ စိတ်ထားပေါ့။ Miss တယောက်မှာ အများကြီး လိုအပ်ချက်တွေ ရှိပါတယ်။ ကိုယ်တိုင်လည်း အဲဒီ အရည် အချင်းတွေ ပြည့်ဝနေအောင် အမြဲ ဖြည့်ဆည်းမှုတွေ ရှိပါတယ်။ စင်ပေါ်မှာအဓိက စိန်ခေါ်မှု အပိုင်းတွေက မေးခွန်းတွေ ဖြေတဲ့အခါမှာ ပါ။ အဲဒီမှာ ကိုယ့်ရဲ့ အရည်အချင်းကို အတတ်နိုင်ဆုံး ထုတ်ပြနိုင်မှ ရမယ်လို့ ထင်ပါတယ်။
မေး။ ။ မေးခွန်းတွေ ဖြေတဲ့အခါမှ အကောင်းဆုံး ဖြေဆိုနိုင်ဖု့ိ ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ထားဖို့ လိုပါမလဲ။
ဖြေ။ ။ စင်ပေါ်မှာ အကောင်းဆုံး ဖြေဆိုနိုင်ဖု့ိ အဓိက စိတ်ကို တည်ငြိမ်အောင် ထားဖို့ လိုအပ်ပါတယ်။ စိတ် တည်ငြိမ်မှလည်း ကိုယ်က အဖြေကို အကောင်းဆုံး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေနိုင်မှာလေ။ ဒါကြောင့် စိတ်တည်ငြိမ်ဖို့ ကလည်း အရမ်း အရေးကြီး ပါတယ်။ ဖြေတဲ့အခါမှာလည်း မေးခွန်းနဲ့ အဖြေက တသားတည်း ကျဖို့ လိုတယ်လေ။ စိတ် မလှုပ်ရှားဘဲ မေးတဲ့မေးခွန်းကို သေချာနားထောင်၊ ပြီးရင် ဘာကို ဆိုလိုတာလဲ သေချာဖြေပေါ့နော်။ မေးခွန်းတွေ ဖြေနိုင်ဖို့ ကလည်း အဓိက စာဖတ်တာပေါ့။
မေး။ ။ စာက ဘယ်လိုစာတွေ ဖတ်ဖြစ်လဲ။
ဖြေ။ ။ ကျနော်က သုတလည်း ဖတ်တယ်၊ ရသလည်း ဖတ်တယ်။ ဒါပေမယ့် ကြိုက်တာက သုတထက် ရသစာပေကို ပိုကြိုက်တယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာမ ဂျူး တို့ဆိုတာက ကျနော် အရမ်းကြိုက်တဲ့ စာရေးဆရာတွေ ပေါ့။ သူတို့စာအုပ်တွေ ဆိုရင် အကုန်ဖတ်ဖူးတယ်။ ဗဟုသုတ ရမယ့်ဟာ ဆိုရင် သုတစာအုပ်တွေ အပြင် အိမ်မှာ သတင်းစာကို နေ့တိုင်းဖတ်တယ်။
မေး။ ။ ခုနက နိုင်ငံ အကျိုးပြု လုပ်ငန်းတွေ ဆိုပြီး ပြောခဲ့တော့ ကိုယ်တိုင်ရော နိုင်ငံရဲ့ ဘယ်လိုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်ဆောင်ရွက် ပေးချင်တာမျိုး ရှိလဲ။
ဖြေ။ ။ ရှိပါတယ်။ ကျနော်တို့ နိုင်ငံမှာက လိုအပ်ချက်တွေက အများကြီး ရှိသေးတယ်လေ။ ကျနော် အဓိက လုပ်ချင်တာ လူတိုင်း စာတတ်မြောက်ရေးပေါ့။ ကလေးတွေ ကျောင်းနေနိုင်ဖို့ အဓိကထား လုပ်ချင်တယ်။ နောက် တောရွာဘက် တွေမှာ ဆိုရင်လည်း လျှပ်စစ်မီးရရှိနိုင်ဖို့ ပေါ့။ အဓိကကတော့ ကလေးသူငယ်တွေ စာတတ်မြောက်ရေး အတွက် လုပ်ပေးချင်တယ်။
မေး။ ။ Miss တယောက်အနေနဲ့ တခြားလူငယ်တွေကို အကျိုးရှိမယ့် စကား တခွန်းလောက် ပြောပြပါဆိုရင် ဘာများ ပြောပြချင်လဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ကျနော် ပြောချင်တာက ကိုယ့်စိတ်ကို အောင်နိုင်ခြင်းကသာ အရာအားလုံးကို အောင်နိုင်ခြင်း ဖြစ်ပါတယ်လို့။ အဓိက ကိုယ့့်စိတ်ကို နိုင်ရမယ်၊ ဆုံးဖြတ်နိုင်ရမယ်၊ ဒါလုပ်မယ် လို့ ဆုံးဖြတ်ထားရင် အောင်မြင်အောင် လုပ်နိုင်ရမယ်၊ ကိုယ့်စိတ်ကို နိုင်ဖို့က အရေးကြီးဆုံးပါပဲလို့ ပြောချင်ပါတယ်။
မေး။ ။ Miss World Myanmar ရလာတဲ့ အခါ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတော့ ဘယ်လိုခံစားမိလဲ။
ဖြေ။ ။ လူတိုင်းကတော့ Perfect ဖြစ်တယ် မရှိဘူးပေါ့။ လိုအပ်ချက်တွေ ကတော့ ရှိတာပဲလေ။ ဝေဖန်တာတွေ လည်း ရှိမှာပဲ၊ အဲဒီအတွက် ဝေဖန်တာတွေကိုလည်း နားထောင်ပါတယ်။ အားနည်းချက်တွေ ရှိနေရင်လည်း အဲဒီ အားနည်းချက်ကို အတတ်နိုင်ဆုံး ဘယ်လိုကောင်းအောင် လုပ်မလဲ ပေါ့။ အားနည်းချက်တွေကို အားသာချက်တွေနဲ့ ဘယ်လို ဖုံးဖိမလဲ ပေါ့။ ဒါကြောင့် ဝေဖန်တာတွေလည်း လက်ခံပါတယ်။ အားနည်းချက်တွေ ကိုလည်း ကြိုးစားပြီး ပြင်သွားမှာပါ လို့။
မေး။ ။ Miss တယောက် ဖြစ်ပြီးရင် အနုပညာနဲ့ ပတ်သက်တဲ့ တခြားတခုခုလည်း ပြောင်းလုပ်တတ် ကြတယ်။ ခင်ရတနာသိန်းမြင့် ကရော ဘယ်လိုအစီအစဉ်ရှိပါသလဲ။
ဖြေ။ ။ ကျနော် ကတော့ လောလောဆယ် အဲဒီလို အစီအစဉ် မရှိပါဘူး။
မေး။ ။ ဒီလို Miss ပြိုင်ပွဲ ဝင်ပြိုင်တဲ့အပေါ် ကိုယ့်ရဲ့ မိသားစု၊ ပတ်ဝန်းကျင်က အားပေးပံ့ပိုးမှုရော ရှိခဲ့ရဲ့လား။
ဖြေ။ ။ ကျနော့် မိဘတွေ ကလည်း အခု Miss ပြိုင်ပွဲဝင်ပြိုင်တော့ အရမ်းအားပေးတယ်။ ပြိုင်ပွဲကို လာအားပေးတဲ့ သူတွေ ဆိုရင် လူကြီးတွေပဲများတယ်။ ဦးလေးတွေ၊ အဒေါ်တွေက အစလာပြီး အားပေးကြတာ။
မေး။ ။ မိန်းကလေး တယောက်အနေနဲ့ အလှအပပိုင်း ထိန်းသိမ်းထားတဲ့ အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အသားအရေ အတွက်က အဓိက ရေများများ သောက်ပါတယ်။ တနေ့ကို ရေသန့်ဘူး နှစ်ဘူးကနေ သုံးဘူး သောက်မယ် ဆိုရင် အသားအရေ အတွက်ရော၊ ကျန်းမာရေး အတွက်ရော ကောင်းတယ် လို့ စာအုပ်တွေထဲမှာလည်း ဖတ်ရပါတယ်။
မေး။ ။ Miss World Myanmar ခင်ရတနာသိန်းမြင့်ကို စောင့်ကြည့်နေမယ့် ပရိသတ်ကို ဘာများ ပြောပြ ချင်ပါ သေးလဲ။ တရုတ်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် အခါမှာလည်း ကိုယ့်နိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေကို ချပြနိုင် အောင် ပြင်ဆင်ထား ဖြစ်မလဲ။
ဖြေ။ ။ ပရိသတ် အားပေးတာကို အရမ်း ကျေးဇူးတင်ပါတယ်။ သွားရောက် ယှဉ်ပြိုင်ရင်လည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒါကြောင့် ဆက်လက် အားပေးကြပါဦး။ သွားပြီးပြိုင်တဲ့ အခါမှာလည်း ညီမက မန္တလေးသူ တယောက်လည်း ဖြစ်တယ်၊ ကိုယ့်ရဲ့ဇာတိလည်း မြန်မာနိုင်ငံရဲ့ အထင်ကရပြယုဂ် ဖြစ်တဲ့ မန္တလေး အကြောင်း၊ သမိုင်းအကြောင်း ကိုတွေကို ဟိုက သူငယ်ချင်းတွေကို ပြောပြမယ်။ နောက် မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာတွေ အကြောင်းကို ပြောပြမယ်။ သူများနိုင်ငံ အကြောင်းတွေကိုလည်း လေ့လာမယ်။ ပြန်လာရင်လည်း ရှေ့ဆက်ပြီး ပရဟိတ လုပ်ငန်းတွေကို ဆက်လုပ်သွားမယ်။ အဲဒါက မဝိုင်းလေးတို့နဲ့ အတူတူပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ Organization နဲ့ပဲ ဖြစ်ဖြစ် ပူးပေါင်းပြီး ဆောင်ရွက်မယ့် ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်မယ်။ နောက် ရှေ့နှစ်မှာ ပြန်ရွေးမယ့် Miss World Myanmar ကိုလည်း ကိုယ့်ဘက်က အတွေ့အကြုံတွေ၊ ပြိုင်ပွဲ အကြောင်းတွေကို ပြန်သင်ပြ ပေးနိုင်အောင် လုပ်မယ်။ ။