ဒီမိုကရေစီအရွေ့တွေ လှိုင်းထလာနေချိန်မှာ နိုင်ငံရေးဆန်တဲ့ တေးသီချင်း ပုံစံတွေလည်း ဟိုတကွက် သည်တကွက် ရွှေ့လျား စီးဆင်းလာတာကို တွေ့ရပါတယ်။ အနီးစပ်ဆုံး သာဓကက လင်းလင်းရဲ့ “သံမဏိလိပ်ပြာ” အခွေပဲ ဖြစ်ပါ တယ်။ လင်းလင်းဟာ အနုပညာ “ဇ” ရှိရုံသာမက နိုင်ငံရေး စိတ်ဓာတ် “ဇ” ရှိသူဖြစ်တယ် ဆိုတာ အဲဒီ Album ထဲက သီချင်းတွေက မီးမောင်းထိုးပြထားပါတယ်။ အဲဒီအခွေဟာ မထွက်ခင်းကတည်းက ဂီတအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ လူငယ်တွေ အကြားမှာ ပြန့်နှံ့နေခဲ့ပြီး အခွေ စဖြန့်ဖြန့်တဲ့နေ့မှာပဲ ဂီတဈေးကွက်ကို စံချိန်တင် လှုပ်ခတ်စေခဲ့ပါတယ်။
အဲဒီလို အရှိန်တခု ရလိုက်တဲ့ လင်းလင်းဟာ “သံမဏိလိပ်ပြာ” အခွေနဲ့ သိပ်မဝေးကွားလှတဲ့ ကာလအတွင်းမှာပဲ “စတုတ္ထမြောက် တော်လှန်ရေး” အခွေကို ချပြလာခဲ့ပြန်ပါတယ်။ အခုအခွေဟာလည်း အခွေ မထွက်ခင်ကတည်းက ရေပန်းစား နေခဲ့ပြီး အခွေဖြန့်တဲ့ နေ့မှာတော့ ဂီတဈေးကွက်ကို ဒုတိယ စံချိန်တင် လှုပ်ခတ်စေခဲ့ပြန်ပါတယ်။
ဒါကြောင့် လင်းလင်းဟာ မြန်မာပြည် ဒီမိုကရေစီအရွေ့ရဲ့ အလှုပ်အခတ်တွေ အကြားမှာ နိုင်ငံရေးဆန်တဲ့ သီချင်းတွေ နဲ့ လုပ်စားနေပြီးလား ဆိုတဲ့ အတွေးမျိုး ဝင်မိတာကြောင့် အခုအခွေကို အထပ်ထပ်အခါခါ အလေးအနက်ထားပြီး နားထာင် ကြည့်ဖြစ်တဲ့ အခါ လင်းလင်းရဲ့ ဖြူစင်တဲ့ နိုင်ငံရေး အမြုတေ စိတ်ဓာတ်နဲ့ သူတတ်ကျွမ်းတဲ့ ဂီတအနုပညာနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ လူ့အခွင့်အရေး စိတ်ဓာတ်တွေ မြင်သာလာအောင်၊ ရှင်သန်ဖွံ့ဖြိုးလာ အောင် အကျိုးပြု ဖန်တီးနိုင်ခဲ့တာ တွေ့ရလို့ ဒီ Album တခုလုံးကို ခြုံငုံပြီး အနှစ်ချုပ် သုံးသပ်ပြချင်မိပါတယ်။
သေချာတာတခုက လင်းလင်းဟာ အခု “စတုတ္ထမြောက် တော်လှန်ရေး” Album ကိုကော “သံမဏိလိပ်ပြာ” Album ကိုပါ နိုင်ငံရေး သီချင်းများလို့ တံဆိပ် ကပ်နှိပ် မထားပေမယ့် လူငယ်တွေကို နိုင်ငံအသိအမြင် စိတ်ဓာတ်တွေ နိုးကြား လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ သီချင်းတွေကို အဲဒီ Album ၂ ချပ်လုံးမှာ ခံစားခွင့် ရနိုင်မှာ ဖြစ်ပါတယ်။
အခု Album ထဲမှာ မောင်မောင်ဇော်လတ်ရဲ့ လက်ရာလို့ ယူဆလို့ ရနိုင်တဲ့ “ခွေးဇာတ်ခင်းတဲ့ သီချင်း” ဟာ နိုင်ငံရေး အရကော၊ ပုဂ္ဂလ လူ့အဖွဲ့အစည်းတိုင်း အတွက်ပါ ခေတ်အဆက်ဆက် အကျုံးဝင်နေမယ့် သီချင်းကောင်း တပုဒ်ဖြစ် သလို၊ ဒီ Album ရဲ့ အဖွင့်သီချင်း ဖြစ်တဲ့ Rock ဟစ်တိုင် သီချင်းမှာ Bridge အပိုဒ်က စကားလုံး အသုံးအနှုန်း တချို့ ဟာ သူများ ဦးနှောက်ကို ဖောက်စားပြီး အောင်မြင်မှု ပလ္လင်ပေါ်မှာ ယစ်မူးနေသူတွေကို တပ်လှန့်ပေးလိုက်တဲ့ Alter bridge အငွေ့အသက်တွေ မွှန်းထုံနေတဲ့ Rock သီချင်းကောင်းတပုဒ်ပဲ ဖြစ်ပါတယ်။
ဒီ Album ကို သီချင်းကောင်း အချို့နဲ့ ရစ်ဖွဲ့ထားတဲ့ Album ကောင်း တချပ်လို့ ဆိုနိုင်ပေမယ့် တချို့ သီချင်းလေး တွေဟာ “သံမဏိလိပ်ပြာ” Album ထဲက သီချင်းတချို့နဲ့ Melody အယူအဆတွေ ခပ်ဆင်ဆင် တူနေတာကတော့ ဒီ Album ရဲ့ အားနည်းချက် တခုလို့ မြင်မိပါတယ်။ ဒါ့အပြင် ဒီ Album ရဲ့ Cover Design အပြင်အဆင်ကို ရိုးရိုးလေးနဲ့ ဆွဲဆောင်မှု ရှိအောင် စိတ်ကူးဆန်းကလေးနဲ့ ဖန်တီးထားပေမယ့် သီချင်း စာအုပ်မှာ မောင်မောင်ဇော်လတ်နဲ့ NAYWAK နာမည်တွေ တပ်မထားတာ ကတော့ လူသစ်တန်း တေးရေးဆရာ NAYWAK အတွက် ပိုပြီး မချင့်မရဲ ဖြစ်မိ ပါတယ်။
ဘာကြောင့်လဲဆိုရင် လူသစ်တန်း တေးရေးဆရာ တယောက် အတွက် နာမည်ရ အဆိုရှင်တဦးရဲ့ Album မှာ ပထမဆုံး ပါဝင်ရတဲ့ သီချင်းမို့ ကိုယ်ရေးသား ဖန်တီးထားတဲ့ သီချင်းပုံစံကို ပရိသတ်များ သိရှိမှသာ ကိုယ်ရဲ့ အနုပညာ အရည်အသွေးကို ဆန်းသစ် ဝေဖန်နိုင်မှာဖြစ်လို့ပါ။
ဒါကလည်း Album တခုလုံးကို အားစိုက်ထားပြီးမှ ရေးကြီးခွင်ကျယ် မဟုတ်ဘူးလို့ ယူဆထားတဲ့ အမှားတချို့ရဲ့ ဓမ္မဓိဋ္ဌာန်ကျမှုကို မြင်သာလာစေချင်လို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အနုပညာ ဓာတ်ခံအား ကောင်းသူတဦး အားထုတ် ကြိုးစားထားတဲ့ လက်ရာကောင်း သီချင်းတချို့ ပါဝင်တဲ့ “သံမဏိလိပ်ပြာ” Album ထဲက သီချင်းတွေ လောက် အားမရပေမယ့် လက်ရှိ မြန်မာပြည်သူ အများ ခံစားနေရတဲ့ ခံစားမှုနဲ့ ထပ်တူကျတဲ့ အကြောင်းအရာ မျိုးလေးတွေ ပါဝင် နေတာကြောင့် ဒီကနေ့ ဖြစ်တည်နေတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တထောင့်တနေရာက ထောက်ပြ နိုင်ခဲ့တဲ့ Album တချပ်ဆိုတာ ကတော့ ငြင်းလို့ ရမယ် မထင်ပါဘူး။
အဲ့ဒီလို စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိတဲ့ သီချင်းတွေကတော့ “သန်းခြောက်ဆယ်အိပ်မက်”၊ “မေတ္တာပို့ခြင်း”၊ “Rock ဟစ်တိုင်” သီချင်းတွေပဲ ဖြစ်ပါတယ်။ အဲဒီသီချင်းတွေမှာ ပေးချင်တဲ့ Message ကို Rock ဂီတရဲ့ ပုံသဏ္ဍာန်နဲ့ လိုက်ဖက်အောင် ခပ်ကြမ်းကြမ်း စကားလုံးတွေ သုံးပြီး တိုက်ရိုက်တည့်တိုး ချပြထားတာ ဖြစ်လို့ ရည်ရွယ်ရာ ပစ်မှတ်ကို တန်းတန်းမတ်မတ် ရောက်ရှိခဲ့တဲ့ သီချင်းတွေလို့ ဆိုရမှာ ဖြစ်ပေမယ့် တည့်တိုး ဆန်လွန်းအားကြီးတော့ လေးနက်မှု မရှိသလို ခံစားရပါတယ်။
ဒီ Album ထဲမှာ အဲဒီလို ပစ်မှတ်ကို တိုက်ရိုက်မှန်အောင် ပစ်တဲ့ သီချင်းပုံစံမျိုးလေးတွေရှိသလို၊ ပစ်မှတ်ကို ရောက်အောင် ကွေ့ဝိုက်ပြီး ပါးပါးနပ်နပ်ကလေး ပစ်သွင်းထားတဲ့ သီချင်းလေးတွေလည်း ရှိပါတယ်။ အဲဒီ သီချင်းတွေကတော့ “နွေပီသတဲ့မြို့” ၊“ခွေးဇာတ်ခင်းတဲ့သီချင်း”၊ “ကျနော်နဲ့ အိမ်ရှေ့က ဂစ်တာသမား”၊ “သစ်ပင်စိုက်”၊ သီချင်းတွေပဲ ဖြစ်ပါတယ်။
အဲဒီသီချင်းတွေဟာ Rock ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူ့ Music Style နဲ့ သူရည်ရွယ်ရာ ပစ်မှတ်ကို ပါးပါးနပ်နပ်ကလေး ရောက်ရှိအောင် ပစ်နိုင်ခဲ့တာကြောင့် ဂီတပုံသဏ္ဍာန်အရရော၊ အကြောင်းအရာအရပါ ခေတ်အဆက်ဆက် လူငယ်များ အတွက် လေးနက်တဲ့ Message တွေကို ပုံဖော် ပေးနိုင်ခဲ့တဲ့ သီချင်းတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။
နောက် ထူးခြားချက်တခုက လင်းလင်းရဲ့ Album တွေမှာ တွေ့ရခဲတဲ့ Progressive Rock ဂီတအငွေ့အသက် တချို့ကို ဒီ Album ထဲမှာ မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ အဲဒီလို Progressive Rock ဂီတဟန်တွေနဲ့ Dream Theater ရဲ့ အရိပ်တွေ စွန်းထင်နေတဲ့ သီချင်းတွေကတော့ “ကိုယ့်သမိုင်းနဲ့ ကိုယ်” နဲ့ “ခေတ်ပျက် စင်ဒရဲလား” ဆိုတဲ့ သီချင်းတွေ ပဲ ဖြစ်ပါတယ်။ သာမန်ကာလျှံကာ နားထောင်ကြည့်လိုက်ရင် သမားရိုးကျ Rock သီချင်းတွေပဲလို့ မှတ်ယူနိုင်ပေမယ့် အသေအချာ နားထောင်ကြည့်လိုက်ရင် ဒီသီချင်း ၂ ပုဒ်ကို Arrange လုပ်သွားတဲ့ Music Style နဲ့ Solo တီးခတ်မှု ဟန်တွေက Progressive Rock လမ်းကြောင်းပေါ်မှာ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။
လင်းလင်းဟာ ဒီ Album ကို အရင် Album တွေထက် Music ပုံသဏ္ဍာန်စုံအောင် အားထုတ်ထားပေမယ့် အထက်မှာ ပြောခဲ့သလို တချို့ သီချင်းပုံစံ လေးတွေဟာ လင်းလင်းရဲ့ ရှေ့က သီချင်းပုံစံခွက်ထဲမှာပဲ ရှိနေတာကြောင့် စကားလုံး အကြောင်းအရာက လွဲလို့ ထူးမခြားနား Music ပုံစံမျိုးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
ဒီ Album ထဲက နိုင်ငံရေး ဆန်ဆန် လူမှုဘဝ ဒဿနဆန်ဆန် သီချင်းတွေ ကြားမှာ ရှားရှားပါးပါး ပါဝင်လာတဲ့ အချစ် အကြောင်းအရာဖွဲ့ သီချင်းလေးတပုဒ်ကတော့ တေးရေး NAYWAK ရဲ့ လက်ရာလို့ ယူဆလို့ ရနိုင်တဲ့ “ဘုရား ပေးတဲ့ လက်ဆောင်” သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ အကြောင်းအရာ အရရော၊ Music ပုံစံအရပါ သီးခြား ခွဲထွက်နေတဲ့ သီချင်း တပုဒ်ဖြစ်ပါတယ်။ အထူးသဖြင့် ဒီသီချင်းမှာ သီချင်းအကြောင်းအရာနဲ့ လိုက်ဖက်စွာ Piano Riff တွေရဲ့ လှပပြီး စွဲမက်ဖွယ်ရာ Melodic ဖြစ်မှုကြောင့် ဒီ Album ထဲမှာ ရှားရှားပါးပါး ပါဝင်လာတဲ့ ဒီအချစ်သီချင်းလေးကို တခုတ်တရ အကြိုက်တွေ့ ကြမှာတော့ အသေအချာပါပဲ။
Album Title ဖြစ်တဲ့ “စတုတ္ထတော်လှန်ရေး” ကို “သံမဏိလိပ်ပြာ” လို Title song အဖြစ် မြင်တွေ့ ခံစားခွင့် မရခဲ့ပေမယ့် Album Title ရဲ့ စကားလုံး အားကောင်းမှုက ဒီ Album အပေါ်ပိုပြီး စိတ်ဝင်စားစရာ ဖြစ်စေတဲ့ အကြောင်း တချက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု Album ထဲက သီချင်းတွေဟာ “သံမဏိလိပ်ပြာ” Album ရဲ့ လောင်းရိပ်အောက်က ရုန်း မထွက်နိုင်ခဲ့တာကြောင့် မျှော်လင့်ထားသလောက် မရခဲ့တဲ့ Album တချပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ ဒီမိုကရေစီအရွေ့တွေ ကြားမှာ၊ ခေတ်ရဲ့ ဖြစ်တည်မှု အခြေအနေအချိန်အခါနဲ့ ကိုက်ညီတဲ့ အခုလို သီချင်းကောင်းတွေကို နိုင်ငံကို ချစ်တဲ့စိတ်၊ လူငယ်တွေအပေါ် နိုင်ငံရေး စိတ်ဓာတ် အသိအမြင်တွေ ရှိစေလို တဲ့ စိတ်စေတနာနဲ့ ဖန်တီးထားတဲ့ Album တချပ်ဖြစ်တာမို့ လင်းလင်းရဲ့ “စတုတ္ထ တော်လှန်ရေး” ဟာ ဒီကနေ့ ဂီတ လောကမှာ ရာသီစာ သမိုင်းစာမျက်နှာတခု ထပ်တိုး ဖန်တီးပြခြင်း မဟုတ်တာတော့အမှန်ပါပဲ။