ယခုခေတ်မှာ လက်ဝဲတို့၊ လက်ယာတို့က ဒီမိုကရေစီအဟောင်းအသစ်တွေကို ဂုဏ်ပြိုင်နေကြတယ်။ ပဒေသရာဇ်စနစ်ကို တွန်းလှန် သူဟာ နင်ပဲ ငါပဲ စသဖြင့် လက်ဝဲသမားအချင်းချင်းတောင် ငြင်းခုံ ခွက်စောင်းခုတ်နေကြတယ်။ ဘာသာရေးဆိုတာ ဘိန်းဘင်း ကဇော်လို လူထုကို အမြင်မှန်မရအောင် မှိုင်းတိုက်မှုတရပ်လို့ ပုတ်ခတ်ကြတယ်။ ဘုရားတွေမှာ အဲသလောက် အဆော်အနှက် ခံရရင် နတ်တွေမှာတော့ နေစရာမရှိဘူးပေါ့။
သို့သော်လည်း စတာလင်တို့၊ လီနင်တို့၊ အက်တလီတို့၊ အိုက်ဆင်ဟောင်ဝါတို့က သူတို့ဝါဒတွေကိုအဘယ်မျှ အမွှမ်းတင် ဝါကြွားနေ စေကာမူ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် စထွင်စီမံသူ၊ ပဒေသရာဇ်ကို ဦးစွာ တော်လှန်သူများဟာ ပန်းပဲမောင်တင့်တယ် အမှူးရှိတဲ့ ပုပ္ပား ၃၇ မင်း နတ်များသာလျှင် ဖြစ်တယ်။
ဗမာနတ်စနစ်ဟာ လွန်ခဲ့တ့ တကောင်းခေတ် နှစ်ပေါင်း ၂၀၀၀ ကျော်က စတင်ပေါ်ပေါက်ခဲ့လို့မို့ ပဒေသရာဇ် တော်လှန်ရေးဆိုတာ ယခု ဖဆပလ ဦးနုတို့၊ တောပုန်း သခင်သန်းထွန်းတို့ခေတ်ကျမှ ကြားဖူး မြင်ဖူးခြင်း လုံးဝမဟုတ်၊ အသက်ဦးဆံပိုင်ခေတ်မှာပဲ ရှင် ဘုရင်များကို ထိုင်၍ ရှိခိုးစေအောင်၊ ရှင်ဘုရင်ရဲ့ မှားယွင်းမှုများကို ကမ္ဘာသချေၤ ရှုတ်ချပြစ်တင်လို့မဆုံးအောင် ကြံဖန်နည်းလမ်းရှာပြီး ထိရောက်စွာ လုပ်ပြနိုင်ခဲ့သူများဟာ မောင်တင့်တယ်တို့ နတ်သမဂ္ဂအဖွဲ့နှင့်တကွ ၎င်းတို့ကို အားပေးထောက်ပံ့သူ ဝိုင်းတော် သား မြန်မာလူထုတို့သာလျှင် ဖြစ်တယ်။
ကြည့်ပါ။ စဉ်းစားကြည့်ပါ၊ရှေးခေတ်က အသက်ဦးဆံပိုင်တဦးရဲ့ ရက်စက်မှု၊ ရမ်းကားမှုကို နတ်စနစ်ဖြင့်သာ နိုင်နင်းစွာ တော်လှန်ဆန္ဒပြနိုင်ခဲ့ကြတယ်မဟုတ်ပါလား။ တကောင်းမင်းက မောင်တင့်တယ်ကို အကြောင်းမဲ့သတ်တယ်၊ သူ့နှမကို လီဆယ် လက် ထပ်ပြီး ယောက်ဖကို ဖိုကျင်ထိုးသတ်တယ်၊ မညှာမတာ ရက်စက်စွာ သတ်လိုသူက လွတ်လပ်စွာ သတ်နိုင်ပါတယ်။
သို့သော် သေဆုံးသူကို တိုင်းပြည်လူထုက နတ်အဖြစ်နှင့် တင်မြှောက်ပသပူဇော်ကြတဲ့အခါမှာ အဲဒီရှင်ဘုရင်ဟာ ရာဇဝင် အဆက် ဆက် အဖတ်ဆယ်မရအောင် နာမည်ပျက်ပြီး ငါးပါးမှောက်ရတော့တာပဲ။ အဲ့ဒီရှင်ဘုရင်ရဲ့မျက်မှောက်မှာလည်း လူထုက နတ်ကန္နားပေး ကြတယ်။ နတ်ကိုသနားစရာကောင်းကြောင်း၊ သတ်သူများက တရားလွန်ကြောင်းကို အတိအလင်းဖွဲ့နွဲ့ ပြောဆိုကြတယ်။
ရှင်ဘုရင်လုပ်သူမှာလည်း တကောင်းမင်းပင်ဖြစ်စေ၊ အနော်ရထာပင်ဖြစ်စေ၊ နရပတိ စည်သူပင်ဖြစ်စေ ဘာမျှ မတတ်နိုင်တော့ဘဲ အဲသလို နတ်စနစ်အရ အာဏာဖီဆန်သူများကို လက်ပိုက် ကြည့်နေရတော့တယ်မဟုတ်လား။ နတ်သံတွေမှာ အကြည်ညိုပျက်စေ တဲ့ အသုံးအနှုန်းများ ပါရှိစေကာမူ ဆင်ဆာမလုပ်နိုင်တော့ဘူး။ အာဏာပိုင်များအဖို့ အသရေဆည်စရာ တလမ်းပဲရှိတော့တယ်။ အဲဒါက မိမိ ကွပ်မျက်ခဲ့သူအတွက် နတ်ကွန်း၊ နတ်နန်း အလှူအတန်းများ ပြုလုပ်ပြီး နတ်ကန္နားပွဲမှာ အများပြည်သူနှင့် ရောနှောကခုန်ဖို့ပဲ ရှိတော့တယ်။ ဒါကြောင့် နတ်စနစ်ဟာ ပဒေသရာဇ်ကို အစွယ်ချိုးရာမှာ ဦးစွာပထမ ပေါ်ပေါက်ခဲ့တဲ့နည်းလမ်းဖြစ်ပြီး ဘယ့်ကလောက် ထိရောက်တယ်ဆိုတာ ထင်ရှားမနေပါလား။
ရာဇာမင်းများ၊ သနားငယ်မှမညှာ၊ မယ်ကထောက်လျှင် ယောက်ဖပါလို့၊ မကြာငယ်မှမြိုက်မြိုက်၊ မယ့်မောင်ကြီးကို မီးနှင့်တိုက်လို့၊ ဆူလှိုက်ကယ်မှဗျာပါ၊ နန်းတောင်ညာက ပြေးလာချက်ချင်း၊ နှမငယ် ပန်းပင်၊ မောင်ရွှေစင်ကို၊ ကြင်နာပြင်းလို့၊ သည်းတွင်းလှိုက်လာ၊ မီးပုံချာကို ဝင်ကာဆင်းသော်၊ ဆံထုံးဇာပေါက်၊ ကြော့ယဉ်ညှောက်ကို၊ နောက်ကနွှဲလို့ ဆွဲကြရာတွင် ၊ မျက်နှာသာကျန်ရစ်—-။
အဲ့ဒါကတော့ နှမတော်ကြီး ရှင်ထွေးလှခေါ် ရွှေမျက်နှာရဲ့ နတ်သံပဲ။ ဒီနတ်သံကို ရာဇဝင်အဆက်ဆက် သီဆိုသူအပေါင်းတို့ဟာ ရှင် ထွေးလှပူသလို ရင်တွင်းမှာ လှိုက်ဆူလာကြမှာပဲ။ ရှင်ဘုရင်ရဲ့ ယုတ်မာပုံကိုလည်း ကမ္ပည်းထိုးထားတာထက် ခိုင်မြဲလူသိများသေး တယ်၊ ကျောက်စာဆိုရင် လူတိုင်းလည်း မဖတ်တတ်၊ ရိုက်ချိုးရင်လည်း ဖြစ်နိုင်တယ်။
တရုတ်ပြည်ဂန္ဓာရ၊ ချီကြပါစို့ ဗိုလ်များပေါင်၊ ပွဲရညီနောင် ခန့်တိုင်းငယ်အောင် ကျိုးတော်ဆောင်မှန်ဆုံး၊ နှစ်ချပ်ကယ် အုတ်မြေနှင့် လူ့ပြည်မှာ အသေရှုံး၊ ပွဲရတောင်ပြုံး။
နော်ရထာ ရွှေကြိမ်လုံးနဲ့ သုံးချက်ဆင့် ရိုက်ကာခေါ် တို့ညီနောင် ဖောင်တော်ဦးမှာ ဒူးတုပ်လျက်ပေါ် ဗုံထောင် ငယ်ဆော်၊ မြဲသော် ခိုင်စွ၊ နော်ရထာစံပျော်တဲ့ ရွှေဖောင်တော် မစုန်ရအောင် ဆွဲစို့ညီလှ။
အုတ်နှစ်ချပ်ကယ်နှင့် ဓားသတ်ကိုတဲ့ ခံရတယ်၊ တို့ညီနောင် နှစ်ကိုယ်တည်း၊ ဝမ်းနည်းလှတယ်၊ တို့ကိုငယ်လွယ်၊ မွေးမယ်မယ်မြင် လှည့်ပ၊ ဘကုလားငယ်နှင့် ပုပ္ပားတောင်ခြေရင်းကို ဆင်းလို့ ကြိုလှည့်။
ထုံးတန့်သားလို့၊ စော်ဘွားကြောက်အောင်၊ ရှင့်ကျေးဇူးကို၊ အထူးငယ်ဆောင်သည်၊ နောင်ညီနောင်သော်၊ ထမ်းပါသော်လည်း၊ ဘုန်းမော်မင်းပျို၊ နှစ်ချပ်ကယ်မှ အုတ်နေ၊ ယွင်းမပြေလို့၊ သေစေဆိုသည်၊ လူပျိုဘာဝ၊ ကစားမိသည်၊ မသိကြလို့၊ လပ်ရပါသည်။
အဲ့ဒီတောင်ပြုံး မင်းညီနောင်တို့ရဲ့ နတ်သံကလေးတွေကလည်း ဘယ်လောက်ကြေကွဲစရာကောင်းလဲ။ ဂန္ဓာလရာဇ်သို့ ချီတက်ရာမှာ အရေးတော်မလှရှိနေတုန်း ဒီကောင်ကလေးနှစ်ကောင်ရဲ့ အစွမ်းကြောင့် ဥတည်ဘွားကို ထုံးသုံးချက်တားနိုင်ခဲ့ပေတယ်။ ကလေး တို့ သဘာ၀ ကစားနေမိကြလို့ အုတ်နှစ်ချပ် လစ်ဟင်းရာမှာ ပြင်းစွာသော သေဒဏ်ကို မပေးသင့်ပါဘူးနော်။ ရိုက်နှက်ဆုံးမသင့်တဲ့ အရွယ်မဟုတ်ပါလား။
နော်ရထာမင်းကြီးရဲ့ ကောင်းမှုကုသိုလ်တွေ၊ မျိုးချစ်စိတ်ဓာတ်တွေ မည်မျှထင်ရှားကြီးမားသော်လည်း တောင်ပြုံး ကိစ္စမှာဖြင့်ယနေ့တိုင် မမေ့နိုင်အောင်ဘဲ အသည်းနာမိကြတော့တယ်။ မင်းညီနောင်တို့ရဲ့ အထိန်းတော် မန္တလေးမှ ဘိုးတော်ပုဏ္ဏားကြီးနှင့် နှမတော် ရှင်ကုန်းတို့လည်း ဒီကိစ္စမှာ ရောနှောအသတ်ခံကြရတယ်။ ဘိုးတော်က ဆင်ကျောက်ရုပ်ကို ဆီမန်းကွင်းစွပ်ပြီး အသက်သွင်းကာ စီးပြေးဖို့ကြောက်အားလန့်အား ကြံစည်ပုံတွေ၊ သေခါနီး “ငါ့မှာ လက်တဆစ်မှ အပြစ်မရှိ” လို့ မြည်တမ်းပြီးလက်ဆစ်ကို ထောက်ပြ ခဲ့ပုံတွေဟာ ပဒေသရာဇ်ခေတ်ရဲ့ ခိုကိုးရာမဲ့ အယူခံမဲ့ဘဝကို နှလုံးမသာနိုင်အောင် ထင်ရှားစေပါတယ်။
ဝေဠုဝတီ၊ သိင်္ဂီစံလှော်၊ ယဉ်ဆုံးကျော်ကို နောင်တော်မင်းက နန်းနှင်းသည်ဟု ညွတ်ကြည်လျှောက်က၊ ဘယ်လောက်မကြာ၊ မူတော်ဆောင်မည်၊ ငအောင်စွာ၊ မင်းမှာဖြစ်စေ၊ နောင်တော်ယုတ်ကို လုပ်ကြံချေဟု မိန့်ရွေသာကြည်၊ မူတော်ပြီးလျှင်၊မရီးတော်နှင့် သူကောင်းတင်အောင် မြှောက်မြင်မည်ဟု မိန့်ရည်စကား မမှန်ညီလို့၊ ထွီဆိုမှားသော်၊ မင်းများဧကရာဇ်၊ မန်တော်ယစ်လို့၊ ပြစ်တော် ပေးသည်၊ ကျေးဇူးသခင်၊ အရှင်တမည်၊ မချစ်ကြည်က၊ လူရည်လျော့ပါး၊ ကျွန်ုပ်နည်းသာ၊ မပြုပါနှင့်၊ စကြာတော်ရင်း၊ မြဲဝပ်စင်း သည်၊ မင်းအများတို့။
အဲဒါကတော့ နရပတိစည်သူမင်းရဲ့ ကျွန်ယုံတော် အောင်စွာငယ်အသံပဲ။ ကြင်ရာတော် ဝေဠုဝတီကို အလစ်မှာ မီးခွက်မှုတ်တဲ့ နောင်တော် နရသိင်္ခမင်းကို အမိန့်တော်အတိုင်းလုပ်ကြံပေးခဲ့တယ်။ အောင်မြင်သောအခါ မရီးတော်တယောက်နှင့် ပေးစားမည်လို့ ပြုခဲ့တဲ့ကတိကို ဖောက်ဖျက်လို့ ငအောင်စွာက “ထွီ” ဆိုမိရာမှာ အကွပ်မျက်ခံရတယ်။ မင်းမှာသစ္စာ၊ လူမှာကတိဆိုတဲ့စကားကို နရပတိစည်သူ ကိုယ်တိုင် ဖောက်ဖျက်ပြီး ကိုယ့်တပ်ကိုယ်ပြန်နင်းခြင်းဟာ မည်သူမျှ ကဲ့ရဲ့လို့ ဆုံးနိုင်ဖွယ်မရှိပါ။ သို့သော် အောင်စွာငယ်ကတော့ “သု့လို့မဖြစ်ကြပါစေနှင့်” လို့ နတ်ဘဝမှနေပြီး ဆုတောင်းပထနာပြုရှာပါတယ်။
အောင်ချာပူရံ၊ ပုဂံဧကရာဇ်၊ စောမွန်နစ်မှာ၊ အချစ်ကယ်ညာဖျား၊ ကမ္မူဆောင်းလို့၊ အပေါင်းမျိုးဆွေ၊ သုံးရရွှေနှင့် ကျမမိဖုရား ရွှေစကားတဲ့ သည်းချာငယ်မှ ဝမ်းဝင်၊ နန်းလုံးကေသွယ်၊ ရွှေစင်ရုပ်တုလို နုနုနယ်သည်၊ အမယ်လေး ငါ့သားချစ်ကြီး ရွှေစစ်သင်ရေ၊ မောင့်အဖြစ်အင်ကို မေမေမမြင်ဝံ့ပါကလား။
ပုဂံစောမွန်နစ်က သားတော်ရွှေစစ်သင်မင်းသားကို စစ်ချီစေရာမှာ ပေါ့လျော့စွာ ကြက်တိုက်စားနေလို့ ခမည်းတော်က မြေထိပ် ခတ်ထားရာ အနိစ္စရောက်သွားရှာတယ်။ မြေထိပ်ခတ်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းမြေကြီးထဲမှာ တွင်တူးမြှုပ်နှံကာ ဒဏ်ပေးခြင်းပဲ။ အရှင်လတ်လတ်မြေမြှုပ်တာထက် အခံရခက်မှာပေါ့။ မယ်တော်ရွှေစကားမှာ သားတော်ရဲ့ ဖြစ်ပုံကိုအဘယ်မှာ ကြည့်ရက်နိုင် ပါတော့မလဲ။ ဒါကြောင့် လွမ်းဆွတ်ကြေကွဲပြီး သားတော်နှင့်အတူ လှိုင်းတက်အရပ်မှာ နတ်ဖြစ်ရှာတယ်။
အဲ့သလို မောင်တင့်တယ်တို့၊ ရွှေဖျဉ်းညီနောင်တို့၊ မင်းအောင်စွာတို့၊ ရွှေစစ်သင်တို့ကို မြန်မာလူထုက နတ်ဘဝသို့ မြှောက်တင်ခြင်း ဟာ ရှေးခေတ်ရှေးအခါနှင့်လျော်ညီစွာ ပဒေသရာဇ်စနစ်ကို တော်လှန်ခြင်း၊ ဆုံးမခြင်းပဲမဟုတ်လား။ လွတ်လပ်စွာပြောဆိုခွင့် မရှိတဲ့ခေတ်မှာ ရှင်ဘုရင်ရဲ့မကောင်းမှုများကို နတ်သံထဲမှာ သွတ်သွင်းကြေညာကြတယ်။ လွတ်လပ်စွာ စည်းရုံးမှုကို ပိတ်ပင်တယ် ဆိုရင်လည်း နတ်ပွဲကျင်းပပြီး အတိုက်အခံစိတ်ဓာတ်နှင့် အင်အားစုများဟာ နှယ်နှယ်မဟုတ်ကြောင်း ထင်ရှားစွာ ဆန္ဒပြနိုင်ခဲ့ကြ ပေ တယ်။
အဲဒီနတ် ဒီမိုကရေစီစနစ်ဟာ ကားလ်မတ် ပဋိသန္ဓေမတည်မီ ချာချီတို့ ဘိုးအေများဂူထဲမှာ အမဲရိုးကိုခွေးနှင့်အတူ လုစားကြစဉ် ရှေးနှစ်ပေါင်း ၂၀၀၀ ခန့်က မြန်မာပြည်မှာ စတင်ပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားတယ်မဟုတ်လား။ ၃၇ မင်းတို့ရဲ့ ဂုဏ်ကျေးဇူးပဲ မဟုတ်လား။
၃၇ မင်း၏ ပြည်ထောင်စုနမူနာ
၃၇မင်း ဒီမိုကရေစီမှာ လူတန်းစားခွဲခြားမှုလည်း မတွေ့ရဘူး။ အယုတ်အလတ် အမြတ် ခွဲခြားမှုမရှိရုံသာမက လူမျိုးရေးခွဲခြားမှု၊ အဖိုအမခွဲခြားမှု၊ အကြီးအငယ်ခွဲခြားမှု၊ စိပ်ပုတီးသမားနှင့် အရက်သမားတို့က သူမြတ်တယ်၊ ငါသာတယ် စသဖြင့် ခွဲခြားငြင်းခုံမှုများလည်း ဘာတခုမျှမတွေ့ရဘူး၊ သာတူညီမျှ ဥပဒေကို တကယ်ထိန်းသိမ်း ကျင့်သုံးသူများ မြင်တွေ့ချင်ရင် မော်စကိုမှာလည်း မရှိ၊ လန်ဒန်မှာလည်း မတွေ့နိုင်၊ အမေရိကန်မှာလည်း ရှာမှရှား၊ ပုပ္ပားတောင်ပေါ်မှာသာ ဒင်ပြည့်ကျပ်ပြည့်၊ မဝါမကြွား၊ ထင်ရှားစွာ အားပါးတရ ရှုစားကြရမယ်။
ကြည့်ပါ။ ၃၇ မင်း အသိုက်အအုံထဲမှာ တာဝတိံသာက သိကြားမင်းလည်းပါတယ်။ အယုတ်ညံ့ဆုံးဘဝမှ ညောင်ချင်းအိုးနတ်ဆိုတဲ့ အနူအရွဲကြီးလည်းပါတယ်။ ဒန်းမောင်ရှင်ကတော့ ရှင်သာမဏေဘဝမှာ ဒန်းစီးရာကလိမ့်ကျသေဆုံးပြီး နတ်ဖြစ်လာတယ်။ မင်းကျော်စွာကတော့ အရက်သည် မဘို့မယ်ရဲ့ ယောကျာ်၊ ထိပ်သီးအရက်သမား ကြက်သမားကြီးပေပဲ။ မင်းရဲအောင်ဒင်နှင့် မောင်းမင်းဖြူ နတ်တို့ကတော့ အရက်သောက်ရုံသာမက ဘိန်းစားပြီး ဘင်းရှူလိုက်ကြသေးတယ်။ ရွှေဖျဉ်းညီနောင်တို့ကတော့ ကုလားလူမျိုးကွဲဖြစ်သဗျ။ မန္တလေးဘိုးတော်ဆိုတာလည်း ပုဏ္ဏားကြီး။ သူ့နှမရှင်ကွကတော့ ပုဏ္ဏေးမပေါ့ဗျာ။ ယွန်းဘုရင်ဆိုတာ ဇင်းမယ်ကို ဘုရင့်နောင်ကသိမ်းယူရာမှ ဖမ်းခဲ့ပြီး ရန်ကုန်မှာ ဝမ်းရောဂါနှင့်ကွယ်လွန်တဲ့ ဇင်းမယ်ဘုရင် ဗြသံဖြစ်သတဲ့။ အသက်အကြီးဆုံး နတ်က ၈၀ ကျော် ကွမ်းဆော်မင်းဟောင်း ထီးဖြူဆောင်းနတ်၊ အငယ်ဆုံးကတော့ နှစ်ခါလည်သမီး မနဲလေး။ မောင်ပိုးတူဆိုတာက လက်ဖက် ကုန်သည်ဗျ။ တပင်ရွှေထီးနတ် ကတော့ တောင်ငူဘုရင်ဗျ။
အမျိုးအစားစုံလင်စွာပါဝင်တဲ့ ၃၇ မင်းတွေကို ဒီ့ထက်ကျယ်ပြန့်စွာ သတ္ထုချကြည့်မယ်ဆိုရင် ယောက်ျား ၂၇ ဦး၊ မိန်းမ ၁၀ ဦး၊ ရဟန်း ၃၊ လူ ၃၃၊ သိကြား ၁၊ မြန်မာ ၂၀၊ မွန် ၂၊ ရှမ်း ၁၊ ကုလား ၃၊ ယွန်း ၁၊ ပုဏ္ဏား ၂၊ ရှင်ဘုရင် ၁၀၊ မင်းမျိုးမင်းနွယ် ၆၊ မိဖုရား ၆၊ မင်းမှုထမ်းအရာရှိ ၈၊ ဆင်းရဲသား ၆ ။
အဲ့ဒီစာရင်းကို ကြည့်ခြင်းအားဖြင့် ကျား-မ၊ ရှင်လူ၊ မျက်နှာကြီးငယ် လုံးဝမခွဲခြားဘဲ တကယ့် ဒီမိုကရေစီဝါဒအရ သူတို့ဆိုင်ရာ နတ် ကွန်းမှာ ၃၇ ပါးစလုံး တပျော်တပါးကြီး ပူးတွဲနေထိုင်ကြပုံဟာ ကမ္ဘာအရပ်ရပ်မှ ပြည်ထောင်စုနိုင်ငံ ထူထောင်သူတိုင်း စံနမူနာ ယူလောက်စရာပါပဲဗျာ။ ။
ဒီမိုကရေစီအစ ၃၇ မင်းက နိုင်ငံရေး သရော်စာကို စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေသည့် ညိုမြ(မောင်သုမန) ရေးသားသော ၃၇ မင်းနှင့် ဒီမိုကရေစီ စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ၁၉၅၅ ခုနှစ်ထုတ် ရှုမဝ မဂ္ဂဇင်း အမှတ် ၁၀၀ ပြည့် အထူးထုတ်တွင် အိုးဝေ ဦးညိုမြက မောင်သုမန ကလောင် အမည်ဖြင့် ရေးသားသော ဖဆပလ ခေတ် နိုင်ငံရေး သရော်စာကို အမှတ်တရ ပြန်လည် ထုတ်ဝေခြင်း ဖြစ်သည်။