အရင်ခေတ်တွေဆီက Abstract Expression ပန်းချီကို စိတ္တဇ ပန်းချီလို့ အမည်ပေး ကင်ပွန်းတပ်ခဲ့ပါတယ်။ (စိတ္တ = စိတ်၊ ဇ = ကြောင့် ဖြစ်သော) စိတ်ကြောင့်ဖြစ်သော ပန်းချီ လို့ ဆိုလိုပါတယ်။ သို့ပေမယ့် စိတ္တဇ ဆိုတဲ့ စကားကို လူအများက ရူးသွတ်နေခြင်း၊ စိတ်မူမမှန်ခြင်း လို့ပဲ လက်ခံထားတာကြောင့် လူအများကြား စိတ္တဇပန်းချီကို ခံစားဖို့ လက်ခံဖို့ နောက်တွန့်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်း ဒြပ်မဲ့ပန်းချီ ဆိုပြီး ပြောင်းလဲ သုံးစွဲပေမယ့် လူအများ လက်ခံအားပေးမှု အားနည်းခဲ့ပါတယ်။ ယခု အထိလည်း မြန်မာ့ပန်းချီလောကမှာ Abstract Expression ပန်းချီကို လက်ခံအားပေးမှု နည်းပါးနေသေးတာ တွေ့ရပါတယ်။
တကယ်တော့ ဒုတိယ ကမ္ဘာစစ် မတိုင်မီ ၁၉၄၀ က အမေရိကန်နိုင်ငံ ပန်းချီလောကမှာ Abstract Expression ပန်းချီ လှုပ်ရှားမှုနဲ့ အတူ Abstract Expression ပန်းချီ ရေးဆွဲဖန်တီးမှု ခေတ်စားလာခဲ့တာပါ။ နယူးယောက်မြို့က စတင်ခဲ့ ရာကနေ ကမ္ဘာတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးသွားတာပါပဲ။
မြန်မာ အမျိုးသမီး ပန်းချီဆရာမ အများစုဟာ Realism အခြေပြု ပန်းပုံ၊ ချစ်စရာတိရစ္ဆာန်ပုံ ပန်းချီကားများ၊ ရှုခင်းပုံ ပန်းချီကားများနဲ့ Still Life ပန်းချီကားများ ရေးဆွဲကြတာ တွေ့ရပြီး အနည်းစုသာ Abstract Expression ပန်းချီ ရေးဆွဲတာ တွေ့ရပါတယ်။ လက်ခံအားပေးမှု နည်းပါးနေပေမယ့် Abstract Expression ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲနေတဲ့ အမျိုးသမီး ပန်းချီဆရာမ တဦးကတော့ ဥမ္မာပါ။
သူ့ရဲ့ Abstract Expression ပန်းချီကားတွေကို အကြမ်းအားဖြင့် ခွဲခြားကြည့်မယ် ဆိုရင် Geometric ဆန်တဲ့ ပန်းချီကား၊ ကာလာ ကွန်ပိုဇေးရှင်း ပန်းချီကားနဲ့ Figurative ပန်းချီကားတွေ ဆိုတာ တွေ့ရပါတယ်။ သူ့ရဲ့ Geometric ဆန်တဲ့ ပန်းချီကား တွေမှာတော့ စနစ်တကျ စီစဉ်ရေးဆွဲပြီး ဒီဇိုင်းကျွမ်းကျင်မှုကို ပြနေပါတယ်။ အရောင်တွေ တွန်းထိုး ရုန်းကြွဖန်တီးတဲ့ ပန်းချီကားတွေမှာတော့ သူ့ရဲ့ စိတ်ခံစားမှုကို မြင်သာနိုင်တာ တွေ့ရပါတယ်။
`ကျမက ကိုယ့်ရဲ့ စိတ်ကျေနပ်မှုကို ရှာဖွေတင်ပြရတာမို့ Abstract Expression ပန်းချီကားတွေကို နှစ်သက်တာပါ။ ဒီလို ပန်းချီကားတွေ ရေးဆွဲ ဖန်တီးရတာကို ကျေနပ်တာပါ´ လို့ အသက် ၃၆ နှစ်အရွယ် ပန်းချီဆရာမ ဥမ္မာက ပြောပါတယ်။ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ ပန်းချီဆရာ ခင်ဇော်လတ်ကလည်း အောင်မြင်ထင်ရှားတဲ့ ပန်းချီဆရာ တဦးပါ။
ရိုးရိုးယဉ်ယဉ် ဝတ်စားဆင်ယင်သူ ဖြစ်ပေမယ့် သူဟာ Hip Hop, Rap စတဲ့ ဂီတကိုလည်း နှစ်သက်သူလို့ ပြောပါတယ်။
`မြန်မာ့ရိုးရာ ဂီတကို နားထောင်သလို ကျမက Hip Hop, Rap တွေကိုလည်း ကြိုက်ပါတယ်။ ကျမ အထင်အရ ပြောရမယ် ဆိုရင် အဲဒီ သီချင်းတွေက တော်လှန်တဲ့ သဘော၊ အရွဲ့တိုက်တဲ့ သဘောတချို့ ပါနေတယ် လို့ ထင်ပါတယ်။ ဒါကြောင့် ကျမ ကြိုက်နှစ်သက်တာ ဖြစ်နိုင်ပါတယ်။ ကျမ ကိုယ်တိုင်ကလည်း နည်းနည်းတော့ ဆန့်ကျင်စိတ် ရှိနေတယ် ထင်ပါတယ်´ လို့ ပန်းချီဥမ္မာက ပြောပါတယ်။
ခေတ်အဆက်ဆက် အနုပညာရှင်များဟာ သူတို့ ဖြတ်သန်းနေရတဲ့ ခေတ်ကာလကို လည်းကောင်း၊ ဖြစ်တည်မှုကို လည်းကောင်း၊ ရိုးရာ ဓလေ့ထုံးတမ်းများကို လည်းကောင်း မကျေမလည် ဖြစ်တတ်ကြပါတယ်။ အဲဒီလို မကျေမလည် ဖြစ်တတ်တဲ့ သူတွေထဲမှာ ပန်းချီဆရာများ အပြင် စာရေးဆရာများ ကဗျာဆရာများ လည်းပါဝင်ပါတယ်။
ပန်းချီဥမ္မာ နည်းနည်း ဆန့်ကျင်စိတ် ဖြစ်နေတာ ဘာကို ပါလိမ့်။
`ဘာကို နည်းနည်း ဆန့်ကျင်စိတ် ဖြစ်နေတာလဲ ဆိုတော့ လက်ရှိ လည်ပတ်နေရတဲ့ အစဉ်အလာ ကနေ ခွဲထွက် ချင်တဲ့ စိတ် ရှိနေတာပါ။ Abstract Expression ပန်းချီကားတွေကို Figure တွေ မပါဘဲ ဖန်တီးချင်တာမျိုး၊ ကိုယ့်စိတ်မှာ ခံစားရတာကို ဦးစားပေး ဖန်တီးတင်ပြချင်တာ မျိုးတွေ လိုလားပါတယ်။ ရောင်းရဖို့တို့ ရလာမယ့် ငွေကြေးတို့ကို မမျှော်ဘဲပေါ့။ အဲဒီလို ဖန်တီးနိုင်ဖို့ဆိုတာက ဆန့်ကျင်စိတ် နည်းနည်းတော့ ရှိဖို့လိုတယ် လို့ ကျမ ထင်ပါတယ်´ လို့ ပြောပါတယ်။
ပန်းချီဥမ္မာကို ၁၉၇၉ ခုနှစ် ဇွန် ၂ ရက်နေ့မှာ ဖခင် ဦးသန်းရွှေခေါ် ဦးပြူး၊ မိခင် ဒေါ်ကြည်ညွန့်တို့က မွေးဖွားခဲ့တာဖြစ် ပြီး မွေးချင်း ညီအစ်မ ၅ ဦးရှိတယ်လို့ သိရပါတယ်။ မွေးရာဇာတိက တောင်တွင်းကြီးပါ။ သူဟာ ၁၉၉၈ ကနေ ၂၀၀၂ ခုနှစ်အထိ ရန်ကုန်ယဉ်ကျေးမှု တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ပန်းချီ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ပန်းချီခင်ဇော်လတ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။
ပန်းချီဥမ္မာရဲ့ ရေးဆွဲဖန်တီးမှုကို ရဲရင့် အားကောင်းသွားစေတာက ၂၀၀၆ ခုနှစ် Singapore Art Fair ပါ။ ဘာကြောင့် လဲ ဆိုတော့ အဲဒီမှာ နိုင်ငံတကာက Abstract Expression ပန်းချီကားတွေ အများကြီး တွေ့ရှိလိုက်ရလို့ပါ။ မြန်မာ နိုင်ငံမှာ Abstract Expression ပန်းချီကို အားပေးမှု မရှိပေမယ့် အဲဒီမှာတော့ အားပေးဝယ်ယူတာတွေ အများကြီး တွေ့လိုက်ရပြီး သူတို့လိုပဲ ဖန်တီးရေးဆွဲဖို့ အားဖြစ်လာတယ်လို့ သူက ပြောပြပါတယ်။
`ပန်းချီကား တခုကို ရေးဆွဲဖို့ ဘယ်လို ပြင်ဆင်လဲ ဆိုတော့ – ပန်းချီရေးမယ် ဆိုတဲ့ ရည်ရွယ်ချက်က ရှိပြီးသားပေါ့ နော်၊ ကင်းဗတ်ရှေ့မှာ ထိုင်တယ်၊ ဘာကို ရေးမယ် ဆိုတာ စဉ်းစားတယ်၊ ကိုယ့်စိတ်မှာ ဘာခံစားရတယ် ဆိုတာ ကြည့်တယ်။ စိတ်ခံစားမှုတွေကို အရောင်တွေနဲ့ ထင်ဟပ်ပြမယ် ပေါ့။ တခါတလေ တခုခုကို မကျေမချမ်း ဖြစ်နေတာ လည်း ပန်းချီကားပေါ်မှာ အဲဒီခံစားမှုတွေ တင်လိုက်တယ် လို့လည်း ဆိုနိုင်ပါတယ်။ စိတ်ထွက်ပေါက်က ပန်းချီကား ပေါ်မှာပဲ ရှိတယ်´ လို့ ပြောပါတယ်။
သူ မကျေမချမ်း ဖြစ်တတ်တာကိုလည်း အခုလို ဆက်ပြီးပြောပြပါတယ်။
“မိန်းကလေး ဖြစ်ရတာကို မကျေမချမ်း နည်းနည်း ဖြစ်နေမိတာ လို့ ထင်တယ်။ ကျမ အမျိုးသားက အေးအေး ဆေးဆေး နေတတ်တဲ့သူ ပါ။ ဒါပေမယ့် သူ အိမ်အပြန် နောက်ကျနေတဲ့ အခါမျိုးတွေမှာ သူ့ကို ယုံကြည်စိတ်ချပေမယ့် မမျှော်ဘဲ၊ စိတ်မပူဘဲ မနေနိုင်သလို ဖြစ်ဖြစ်နေရတယ်။ ကျမ အဲဒါကို မကျေနပ်သလို ဖြစ်နေမိတာမျိုးပါ။ အရမ်းကြီး ပေါက်ကွဲ တာမျိုးတော့ မဟုတ်ဘူး။ လက်ရှိ ဖြစ်နေတာကို လက်မခံနိုင်တာလည်း မဟုတ်ဘူး” လို့ သိမ်မွေ့တဲ့ သူ့စိတ်ခံစားချက် ကို ပြောပြတယ်။
သူ လေးစား အားကျတဲ့ ပန်းချီဆရာတွေက ပြည်တွင်းပြည်ပက Abstract Expression ပန်းချီဆရာတွေလို့လည်း ဆိုပါတယ်။ ပန်းချီနဲ့ ပါဖောမင့် အနုပညာရှင်များ ဖြစ်ကြတဲ့ အေးကို၊ ငြိမ်းချမ်းဆုနဲ့ ပန်းချီမျိုးခင်တို့ရဲ့ လက်ရာတွေကို နှစ်သက်တယ် လို့ ပြောပါတယ်။
ပန်းချီဥမ္မာဟာ ခင်ပွန်းဖြစ်သူ ပန်းချီခင်ဇော်လတ်၊ သား သမီး ၂ တို့နှင့် အတူ အမှတ် ၁၈၄/၈၄ (အေ)၊ ရွှေတောင်တန်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မှာ နေထိုင်လျက်ရှိပါတယ်။