“တရားဝင် မဟုတ်ပေမယ့် ကျနော်တို့ လူ့အဖွဲ့အစည်းထဲက အခြေခံ လူတန်းစားတွေဟာ ကိန်းဂဏန်းတွေကို စိတ်ကူးယဉ် ကြတယ်၊ ဂဏန်းတွေက လွတ်မြောက်မှု ပေးလိမ့်မယ်၊ ဂဏန်းတွေ အပေါ် ယုံကြည်လွန်းနေကြတယ်၊ ဂဏန်းတွေနဲ့ မျှော်လင့် ခြင်းကို မွေးမြူဖို့ နေသားကျနေကြတယ်၊ တနည်းပြောရရင် ဂဏန်းများနဲ့ မျှော်လင့်ချက်များ အကြောင်းလို့ ဆိုနိုင်ပါတယ်” လို့ ပန်းချီမြင့်စံမြင့်က ပြောဖူးပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၀ ကနေ ၂၃ ရက်နေ့ အထိ လောကနတ် ပန်းချီပြခန်းမှာ ပြုလုပ်တဲ့ သူ့ရဲ့ Flying Numbers (ဝဲပျံနေသော ဂဏန်းများ) လို့ အမည် ပေးထားတဲ့ ဒုတိယ အကြိမ် တကိုယ်တော် ပန်းချီပြပွဲမှာပါ။
အခုလည်း လာမယ့် အောက်တိုဘာ ၆ ရက်နေ့မှာ Think အနုပညာပြခန်းမှာ သူ့ရဲ့ Our Mother (ကျွန်ုပ်တို့ရဲ့ မိခင်) လို့ အမည်ပေးထားတဲ့ တတိယ တကိုယ်တော် ပြပွဲကို ကျင်းပဦးမယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် ခင်းကျင်းပြသတဲ့ ပြပွဲမှာတုန်းက သူခင်းကျင်းပြသထားတဲ့ ပန်းချီပြပွဲတွေကို ပြန်လည်သုံးသပ်ရရင် စီးရီး ၂ ခု ပါဝင်တာတွေ့ရပါတယ်။ ပထမ စီးရီးမှာ Silkscreen သုံးပြီး တီဗီမျက်နှာပြင် တခုကို ရေးဆွဲဖန်တီးထားတာ ဖြစ်ပြီး အဲဒီတီဗီမျက်နှာပြင်ပေါ်က ကိန်းဂဏန်းတွေကို စောင့်ကြည့်နေတဲ့ လူတွေရဲ့ မျှော်လင့်နေပုံကို ဖန်တီး တင်ပြထား ပါတယ်။ နောက်စီးရီးတခုက လူအုပ်စုပုံတွေ၊ ဈေးရောင်း ဈေးဝယ်နေရာတွေ ရေးဆွဲထားတဲ့ အပေါ်မှာ ၁၊ ၂၊ ၃၊ စတဲ့ ဂဏန်းတွေကို ထည့်သွင်း ရိုက်နှိပ်ဖန်တီးထားတာပါ။
ရုတ်တရက်ဆိုရင် လူတွေ၊ ဂဏန်းတွေ၊ ရုပ်ပုံတွေ ဘယ်လိုချိတ်ဆက်နေတယ် ဆိုတာ စဉ်းစားနေတုန်း ပန်းချီကား တခုစီရဲ့ Title တွေကို ကြည့်တော့မှ “ဒီမနက် ဘာဂဏန်းထွက်မလဲ၊ ညနေမှာရော ဘာဂဏန်းကောင်းလဲ၊ အာဖို့လည်း မမေ့နဲ့၊ တကွက်ကောင်းမို့ ပုံအောလိုက်တယ်” … စသဖြင့်တွေ့ရတော့ ဘာကို ဆိုလိုတယ် ဆိုတာ အားလုံးသိမြင်သွားရတယ်။ အထူးသဖြင့် ဆင်ခြေဖုံး ရပ်ကွက်တွေ ရောက်ဖူးသူ၊ နေထိုင်ဖူးသူတွေ အနေနဲ့ အခြေခံ လူတန်းစားတွေရဲ့ မျှော်လင့် အိပ်မက်ကို ပိုမိုနားလည်ကြမယ် ထင်ပါတယ်။
အခြေခံလူတန်းစားတွေရဲ့ မပြေလည်နိုင်တဲ့ ဝမ်းရေး အတွက် နေ့စဉ် အလုပ်တွေ လုပ်နေကြရပေမယ့် ဝင်ငွေကနည်းပါး၊ ကုန်ဈေးနှုန်းကမြင့် ဆိုတော့ အနီးဆိုတဲ့ မနက်ဖြန်အရေး ဆိုတာတောင် မပြောနဲ့ ဒီနေ့ အတွက်တောင် အနိုင်နိုင် ဖြစ်နေကြရပါတယ်။
“There is no life without hope.” ဆိုတဲ့ အတိုင်း ဘဝက ရှိနေတော့ မျှော်လင့်ချက်လည်း ရှိနေရမှာပါ။ သူတို့ ဘာကို မျှော်လင့်နေကြမလဲ၊ သူတို့ ဘာကို မျှော်လင့်ရမလဲ၊ သူတို့ ဘာကို မျှော်လင့်လို့ ရမလဲ …။
သေချာတာက သူတို့ အနေနဲ့ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး ဆိုတာတွေက ဘာမှ မသက်ဆိုင်၊ သူတို့ မျှော်လင့်မိ တာက ငွေကြေး တစုံတရာ မျှသာပါ။ အဲဒီငွေကြေး တစုံတရာအတွက် သူတို့ ဘာလုပ်ကြမလဲ။ သူတို့ဟာ ၂ လုံး၊ ၃ လုံး စတဲ့ တရားမဝင် ထီကို ထိုးကြမယ်၊ လောင်းကစား လုပ်ကြမယ်ပေါ့။ အစိုးရက ထီတစောင်က ကျပ် ၂၀၀ ဆိုပေမယ့် အပြင်မှာ ကျပ် ၂၅၀ ပေးမှ ကံစမ်းလို့ ရတာ ဆိုတော့ သူတို့လို လူတွေ ဘယ်မှာ ကံစမ်းနိုင်ကြပါ့မလဲ။ ဒါနဲ့ သူတို့ဘဝတွေဟာ လောင်းကစားနဲ့ လုံးချာလည် ချာလည်လုံးရင်း ဆိုသလို ဖြစ်နေရတာပေါ့။
ဒီအကြောင်း ပန်းချီမြင့်စံမြင့်က ပြန်လည်တင်ပြရာမှာတော့ သနားစရာ အဖြစ် ဇာတ်နာအောင် ရေးဆွဲတင်ပြတာလည်း မဟုတ်၊ ပြစ်မှု ပြစ်ဒဏ် ခံရတတ်တယ်လို့ အသိပေး ပညာပေး သတိပေး တင်ပြတာလည်း မဟုတ်၊ ဒီလိုလူတွေကို လှောင်ပြောင် သရော် ရယ်မောစရာ အဖြစ် ဖန်တီးရေးဆွဲတင်ပြတာလည်း မဟုတ်ဘူး ဆိုတာ အသေအချာ တွေ့မြင်ခဲ့ ရပါတယ်။ သူ တွေ့မြင် ဖြတ်သန်းရတဲ့ သူ့ဝန်းကျင်က လူအများစုရဲ့ နိစ္စဓူဝ ဖြတ်သန်းနေရမှုကို သူ့ပယောဂ မပါဘဲ သီးသီးသန့်သန့် ထင်ဟပ်ပြတာ တွေ့ခဲ့ရပါတယ်။ သို့ပေမယ့် လူသားနဲ့ မျှော်လင့်ခြင်း ကြားမှာ ဂဏန်းတွေက ဆက်စပ် ပေးနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ငွေ့ငွေ့ကိုတော့ သူ့ရဲ့ပန်းချီကားတွေမှာ တွေ့ရပါတယ်။
ပန်းချီမြင့်စံမြင့်ကို ၁၉၆၅ ခုနှစ်၊ ရခိုင်ပြည်နယ် ဂွမြို့မှာ မွေးဖွားပြီး ၁၉၈၆ မှာ ရန်ကုန်တက္ကသိုလ်က ရူပဗေဒ အဓိကနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ပန်းချီပညာကိုလည်း ပန်းချီဦးသိန်းတန်၊ ဦးလွန်းကြွယ်တို့ ထံမှာ သင်ယူခဲ့ပါတယ်။ ၁၉၈၆ ကနေ ၁၉၉၂ ခုနှစ် အထိ ရခိုင်ပြည်နယ်မှာ ကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့သူပါ။
၂၀၀၅ ခုနှစ်က စပြီး သူဟာ အုပ်စုပန်းချီပြပွဲပေါင်း များစွာမှာ ပါဝင်ပြသခဲ့ပြီး အစောပိုင်း သူ့ရဲ့လက်ရာတွေက Realism အခြေပြု ဖန်တီးရေးဆွဲမှုတွေ ဖြစ်တာ တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ ကိုယ်တိုင်တွေ့ကြုံ ခံစားရမှုကို ပုံဖော်တင်ပြဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။
အနုပညာလက်ရာ (Artwork) တခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ပါသလဲလို့ ပန်းချီမြင့်စံမြင့်ကို မေးဖြစ်ခဲ့ပါတယ်။ သူက – “ကျနော်ရဲ့ Artwork တွေက ကျနော် ကျင်လည် ဖြတ်သန်းရတဲ့ ဝန်းကျင်ရဲ့ Theme တွေ၊ Issue တွေပါ။ Artwork တခု ဖန်တီးဖို့ ပထမဆုံး ကျနော့် ပတ်ဝန်းကျင်ကို လေ့လာတယ်၊ ကျနော် ခံစားရတာကို ကြည့်တယ်၊ အဲဒီ ခံစားရတာကို ပုံဖော်တင်ပြဖို့ စဉ်းစာားတယ်၊ အဲဒီမှာ Technique ကို ရွေးချယ်ပြီး ခံစားရမှုကို ပေါင်းဆင့်ဖန်တီး တင်ပြတာပါပဲ” လို့ ပြောပါတယ်။
အနုပညာရှင်တဦး ဖြစ်ရတဲ့ ဘဝကို ဘယ်လို သဘောထားသလဲ လို့ မေးကြည့်တော့ သူက -“ကျနော့် ရွေးချယ်မှု အတိုင်း Artist တဦး ဖြစ်လာရလို့ ကျေနပ်ပါတယ်” လို့ သူက ပြောပါတယ်။
ထပ်ဆင့်ပြီး အောင်မြင်တဲ့ Artist တဦးဆိုတာနဲ့ ပတ်သက်လို့တော့ သူက “Best Seller ဖြစ်နေတိုင်းလည်း အောင်မြင်တဲ့ Artist လို့ မဆိုနိုင်ပါဘူး။ ပညာရှင်တွေရဲ့ အသိအမှတ်ပြု ခံရခြင်းနဲ့လည်း ဆက်စပ်နေပါသေးတယ်။ အောင်မြင်တဲ့ ပန်းချီဆရာ ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် အောင်မြင်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ။ လိုချင်တာကို ရအောင် လုပ်လို့ ရရင် အောင်မြင်တာပါပဲ။ ငွေလိုချင်တဲ့ ပန်းချီဆရာက ငွေရရင် အောင်မြင်တယ်၊ အနုပညာ လိုချင်တဲ့ ပန်းချီဆရာက အနုပညာ ရရင် အောင်မြင်တယ်။ အနုပညာရပ် ဆိုင်ရာ ကိစ္စရပ်မှာတော့ အသိ အတတ်၊ ရသခံစားမှု စတာတွေနဲ့ တိုင်းတာပြီး ပြောရမယ်လို့ ကျနော် ထင်ပါတယ်။ သာမန်အားဖြင့် ပြောရရင် ကိုယ်ကျင့်တရား ဆိုင်ရာ ဗလ ငါးတန် နဲ့ ပြည့်စုံသူ ဖြစ်ရင် အောင်မြင်တယ်လို့ ပြောရမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
ပန်းချီ မြင့်စံမြင့်ရဲ့ ခေတ်ပြိုင်ကို ခံစား ပုံဖော်တင်ဆက်တဲ့ (Flying Numbers) ပန်းချီကား တချို့ကို နိုင်ငံတချို့က ဝယ်ယူ စုဆောင်းတာတွေ ရှိခဲ့ပါတယ်။ သူဆက်လက် တင်ဆက်မယ့် Our Mother ဆိုတဲ့ ပြပွဲမှာ ခေတ်ကို ဘယ်လို ထင်ဟပ်ပြနိုင်မယ်ဆိုတာ စောင့်ကြည့်လေ့လာကြရမှာ ဖြစ်ပါတယ်။
“ကျနော် ၂၀၁၂ ခုနှစ်က ပန်းဆိုးတန်း ပြခန်းမှာ ပြသခဲ့တဲ့ တကိုယ်တော်ပြပွဲ Sense of Layer မှာ ဖန်တီးခဲ့သလို ကျနော်တို့ အားလုံး အားထားမျှော်လင့်ရာ အမေနဲ့ ဆက်စပ်ပြီး Layer တွေနဲ့ ဆန်းသစ်တင်ပြဖို့ ကြိုးစား ဖန်တီးထားပါတယ်” လို့ လာမယ့် အောက်တိုဘာ ၆ ရက်မှာ ပြုလုပ်မယ့် သူ့ပြပွဲနဲ့ပတ်သက်ပြီးပန်းချီမြင့်စံမြင့်က ဆိုပါတယ်။ ။