ပန်းချီ ရွှေသိန်းရဲ့ ပန်းချီကားတွေကို Expressive Colors in Emotive Dancing Hue Paintings တွေလို့ ပြောနိုင် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပန်းချီကားထဲက အရောင်တွေဟာ အပြင်မှာ တကယ်မရှိတဲ့ အရောင်အစစ်တွေ ဖြစ်ပြီး သူ့စိတ်ခံစားမှုကို ကိုယ်စားပြုတဲ့ အရောင်တွေ ဖြစ်နေတာရယ်၊ ပြီးတော့ အဲဒီ အရောင်တွေနဲ့ အတူ ယှဉ်တွဲ ဖြစ်ပေါ် လာတဲ့ Subject တွေက Tone အားကောင်းကောင်းနဲ့ စိတ်လှုပ်ရှားဖွယ် လှုပ်ခတ်နေတာရယ်ကို တွေ့မြင်ရ တာကြောင့် ပါပဲ။ အစ်ဇင်အနေနဲ့ ဆိုရင်တော့ Expressionism လို့ ဆိုရမှာပါ။ သို့ပေမယ့် အဲဒီထဲမှာ နက်ရှိုင်းတဲ့ သူ့စိတ် သူ့ ခံစားချက်တွေလည်း ပန်းချီကားတွေမှာ ထင်ဟပ်တွေ့မြင်ရပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ပန်းချီရွှေသိန်းဟာ ပန်းချီကို ငယ်စဉ်ကတည်းက စိတ်ဝင်စား ရေးဆွဲခဲ့သူပါ။ သူ ပန်းချီပန်းပု ကျောင်း တက်ရောက်ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။
“ကျနော် ငယ်ငယ်ကတည်းက ပညာရေးမှာ အားနည်းတယ်၊ စိတ်ဝင်စားမှု နည်းခဲ့တယ်။ ကျောင်းတက်ရမှာ ကြောက်တယ်။ ဒါနဲ့ အဖေက ကျနော် ပန်းချီကို စိတ်ဝင်စားတာကို သိတော့ ကျောင်းတက်မှာလား၊ ပန်းချီ ကျောင်းတက်မှာလား ဆိုပြီး မေးတယ်။ ကျနော် ပန်းချီပဲ သင်မယ် လို့ ပြောခဲ့တယ်။ အဖေက ပန်းချီကျောင်းတက်ဖို့ သေချာစုံစမ်းပေးတယ်၊ ကျောင်းတက်နိုင်အောင် အစီအမံကောင်းတွေနဲ့ ကျနော့်ကို ပံ့ပိုးပေးခဲ့လို့ ကျနော် အခုလို ပန်းချီဆရာ ဖြစ်လာတာ။ တခြား အထောက်အပံ့တွေလည်း အများကြီး ပါတာပေါ့” လို့ ရိုးရိုးရှင်းရှင်းပဲ ပြောပြပါတယ်။
ပန်းချီဆရာ ရွှေသိန်းကို အဖ ဦးဘမောင်၊ အမိဒေါ်သိန်းစောဦးတို့က ၁၉၈၁ ခုနှစ်မှာ မွေးဖွားပါတယ်။ ဇာတိက ကျောက်တော်မြို့ပါ။ မွေးချင်းမောင်နှမ ၄ ဦး ရှိပြီး၊ သူမှာ အစ်ကို တယောက်နဲ့ ညီမ နှစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်သူက သမဝါယမလုပ်ငန်းစုမှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက ဆိုင်းဘုတ်ရေး တာတွေ၊ ကြော်ငြာ ပိုစတာတွေ၊ အင်္ကျီဒီဇိုင်းတွေ ရေးဆွဲပေးရင်းနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ ရန်ကုန်ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ သင်တန်းဆင်းပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းဆင်း တဦးဖြစ်တဲ့ ပန်းချီဆရာမ မတင်တင်စန်းနဲ့ အိမ်ထောင် ကျခဲ့ပါတယ်။
သူ ကျောင်းဆင်းပြီးနောက် ပန်းချီပြပွဲပေါင်းများစွာမှာ ပါဝင်ပြသခဲ့သလို တကိုယ်တော် ပန်းချီပြပွဲတွေကို ပြည်တွင်းမှာ ရော ပြည်ပမှာရော ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ရန်ကုန်မြို့ ဆူးလေအိမ် အနုပညာပြခန်းမှာ The Burma Hues အမည်နဲ့ ပထမ အကြိမ် တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၄ မှာလည်း Pansodan Scene ပန်းချီ ပြခန်းမှာ ဒုတိယ အကြိမ် တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Neilson Library မှာ Espression Of freedom အမည်နဲ့ တတိယ တကိုယ်တော် ပြပွဲ ပြုပလုပ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ်မှလည်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ artha gallery မှာ စတုတ္ထ တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။
အနုပညာ သမားတယောက် အနေနဲ့ သူဖြတ်ခဲ့ရာ ကာလ၊ သူဖြတ်သန်းရာ ဒေသကို သူ့စိတ်မှာ စွဲထင်ပြီး ပြန်လည် ထင်ဟပ်ရေးဆွဲ ပြသတာတွေ ရှိပါတယ်။ အဲဒီထဲမှာ ပန်းချီရွေသိန်းလည်း တဦး အပါအဝင်ပါ။ သူ့ရဲ့ အစောပိုင်း ပန်းချီကားတွေထဲမှာ ရခိုင်လူမျိုးတို့ရဲ့ ရိုးရာကျင်ကိုင်အားကစား ပြိုင်ပွဲကို ထင်ဟပ်ရေးဆွဲ တင်ပြသလို၊ နောက်ပိုင်းမှာ ရခိုင်ဒေသ နောက်ခံ ပင်လယ်ရှုခင်းနဲ့ လှေသမ္ဗာန်တို့ကို့ ထင်ဟပ်ရေးဆွဲ တင်ပြလာပါတယ်။
အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာပဲ အများဆုံးတွေ့နိုင်တဲ့ ရွက်တိုင်တွေ၊ ရွက်လိပ်တွေပါရှိတဲ့ သမ္ဗာန်တွေကို သူ ငယ်စဉ်ကတည်းက တွေ့မြင် မှတ်မိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုလို ပန်းချီရေးဆွဲတင်ပြတဲ့ အခါမှာ သူ့စိတ် သူ့ အာရုံမှာ ထင်ဟပ်စွဲလမ်းနေတဲ့ Seascape လို့ ခေါ်နိုင်တဲ့ ရှုခင်းတွေကို သူစိတ်ထဲမှာ ရှိတဲ့ အရောင်များနဲ့ ဆန်းသစ် ရေးဖွဲ့တာ လို့ သုံးသပ်ရပါတယ်။
သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲတွေထဲမှာ မှတ်မှတ်ရရ ဖြစ်နေတာက ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ပန်းချီကားများနဲ့ ရခိုင်ပင်လယ် ကမ်းခြေက လှေသမ္ဗာန်တွေရဲ့ လှုပ်ရှားသွားလာမှုကို ထင်ဟပ်တဲ့ ပန်းချီကားတွေပါ။ သူ အဲဒီလို ပန်းချီကားတွေ ရေးဆွဲဖို့ ဘယ်လို ပြင်ဆင်ပါသလဲ လို့ သူ့ကို မေးကြည့်ပါတယ်။
“ကျနော်တို့ရဲ့ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို ရေးဆွဲတဲ့ ပန်းချီကားတွေ သမားရိုးကျ အမြင်နဲ့ သမားရိုးကျ ရေးဆွဲမှုတွေပဲ ရှိနေသေးလို့ ကျနော် စိတ်အားရ မကျေနပ်နိုင်သေးဘူး။ ဒီထက်ပိုပြီး ရေးဆွဲနိုင်ဦးမှာပါ။ ပန်းချီကားတွေကို ရေးဆွဲဖို့ ဘယ်လို ပြင်ဆင်သလဲ ဆိုတော့…၊ ကျနော် စိတ်ဝင်စားရာ Subject တွေ၊ လူတွေကို ဓာတ်ပုံရိုက်ယူတယ်။ တချို့ကို စကက်ချ်တွေ ရေးတယ်ပေါ့။ ဒါပေမယ့် ဓာတ်ပုံတွေကို ချက်ချင်း ပန်းချီမရေး ဖြစ်ဘူး။ အချိန်နည်းနည်း ကြာပြီးမှ ဓာတ်ပုံတွေ ပြန်ကြည့်တယ်၊ ပန်းချီပြန်ရေးတယ်၊ ဒါပေမယ့် ဓာတ်ပုံအတိုင်း ဘယ်တော့မှ မရေးဘူး၊ ပုံထဲက ကျနော် ရေးချင်တာကို အဓိက ဦးစားပေးပြီး စကက်ချ်ထုတ်တယ်၊ မရေးချင်တဲ့ အပိုင်းတွေကို ဖယ်ထုတ်ပစ်လိုက်တယ်။ အရောင်တွေကိုလည်း နဂိုကျနော် မြင်ခဲ့တဲ့ အရောင် မဟုတ်ဘဲ လက်ရှိ ကျနော် ရေးဆွဲနေချိန်မှာ ဖြစ်လာတဲ့၊ ပေါ်လာတဲ့ အရောင်တွေကို ရှာဖွေပေါင်းစပ်ပြီး ပန်းချီရေးပါတယ်။ အများအားဖြင့်တော့ ပန်းချီဆေးတွေရဲ့ အရောင်ရင်း အတိုင်း ရေးဖြစ်တာ များပါတယ်” လို့ သူက ရှင်းပြပါတယ်။
ပန်းချီအနုပညာနဲ့ ပတ်သက်ပြီး ဘယ်လို ယုံကြည်သလဲလို့ မေးပါတဲ့ အခါ ပန်းချီရွှေသိန်းက – “ကျနော် ငယ်ငယ်တုန်း ကတော့ ဗုဒ္ဓဝင် ပန်းချီကားတွေ ရေးမယ်၊ သူတို့နဲ့ အတတ်နိုင်ဆုံး တူအောင်ရေးဆွဲမယ် ဆိုပြီး စိတ်မှာ ရှိခဲ့တယ်၊ အဲဒါဟာ ကျနော် ထင်နေခဲ့တဲ့ ပန်းချီ အနုပညာပေါ့။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဆရာကောင်း သမားကောင်း မိတ်ဆွေကောင်းတွေရဲ့ တွေ့ဆုံ စကားပြောကြ၊ ဝေဖန်သုံးသပ်ပြကြတော့ ကျနော့်မှာ လုပ်စရာ ကိုင်စရာ၊ ရှာဖွေစရာ၊ ပေါင်းစပ်ဖန်တီးစရာတွေ အများကြီး ရှိနေသေးပါလား ဆိုတာ တွေ့မြင်လာရပါတယ်။ ဒါနဲ့ ကျနော် ရှာဖွေတယ်၊ လေ့လာတယ်၊ ရေးဆွဲတယ်၊ ဖန်တီးတယ် ဆိုပါတော့..” လို့ ပန်းချီရွှေသိန်းက ပြောတယ်။
“အဲဒီလို အနုပညာ ဖန်တီးမှု အပေါ် ဘယ်လို ယုံကြည်ပါသလဲ” လို့ ထပ်ဆင့်ပြီး သူ့ကို မေးကြည့်ပါတယ်။ သူက အခုလို ဆက်ပြီး ပြောပါတယ်။
“ကျနော်ကတော့ ကိုယ် လုပ်ချင်တဲ့ အလုပ်ကို ကျေကျေနပ်နပ်နဲ့ ပြီးမြောက်အောင် လုပ်ဆောင်သွားဖို့ပဲလို့ ထင်ပါတယ်။ ဒါက အနုပညာနဲ့ ပတ်သက်ပြီး ကျနော် တွေးတောမိတာပါ။ ကျနော်က စကားကို သူများတွေ နားလည်အောင် မပြောပြတတ်ဘူး။ ကိုယ့်စိတ်မှာ ဖြစ်နေတာကိုလည်း နှုတ်က မပြောပြတတ်ဘူး။ ကျနော့် စိတ်မှာ ခံစားနေရတာကို ပန်းချီရေးဆွဲဖို့နဲ့ ကျနော် ကျေကျေနပ်နပ် ပြီးမြောက်အောင်ပဲ လုပ်တတ်ပါတယ်” လို့ ပြောပြတယ်။
သူဟာ ငယ်စဉ်ကတည်းက သူ့စိတ်မှာ ရှိရာကို လုပ်ကိုင်တတ်တဲ့ အကြောင်းလည်း ပြောပြပါတယ်။
“တကယ်လို့ ကျနော်ဟာ ပန်းချီဆရာ တယောက် မဖြစ်ခဲ့ရင် ဘာဖြစ်မလဲ လို့ မေးတော့ ..၊ ကျနော်က တော်တော် ဆိုးဝါးတဲ့ သူ တယောက်၊ နေရာတော်တော်များများမှာ သဟဇာတ မဖြစ်တဲ့ လူတယောက် ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က သူများ ခိုင်းတာကိုလည်း မလုပ်ချင်ခဲ့သူပါ။ ဆန့်ကျင်ချင်တဲ့ စိတ်တော့ မရှိခဲ့ဘူးပေါ့။ ပြီးတော့ အရင် ငယ်စဉ်က ကိုယ် ဘာလုပ်ချင်တာလဲ ဆိုတာလည်း မစဉ်းစား မသုံးသပ်မိခဲ့ဘူးလေ။ အနုပညာ ဖန်တီးခွင့် ရလာ ကြုံလာတဲ့ အခါ မှာတော့ သူများခိုင်းလို့ လုပ်တာထက် ကိုယ် လုပ်ချင်ရာ ကိုယ့်စိတ်မှာ ရှိရာကို လွတ်လွတ်လပ်လပ် ဖန်တီးယူလို့ ရတယ်၊ ကိုယ်ဖန်တီးချင်ရာ၊ ကိုယ်လုပ်ချင်ရာကို လုပ်နိုင်ခွင့် ရတယ်လို့ သိမြင်လာတယ်”
ပန်းချီရွှေသိန်းရဲ့ ပန်းချီကားတွေကို ကြည့်ပြီး တစုံတရာ ကျေနပ်မှုကို အပြည့်အ၀ ခံစားရမှာပါ။ အဲဒီလို ခံစားရစေ တာက ဘာကြောင့်လဲ ဆိုရင် ပန်းချီဆရာကိုယ်တိုင်ရဲ့ ကျေနပ်ပျော်ရွှင်နေတဲ့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။
ပန်းချီရွှေသိန်းရဲ့ နောက်ထပ် ပြောင်လဲရေးဆွဲမှုနဲ့ သူ့စိတ်ခံစားမှု အပြောင်းအလဲ၊ ကျေနပ်မှု အပြောင်းအလဲတွေနဲ့ ပြောင်းလဲဖန်တီး လာမှုတွေကို စောင့်ကြည့်ခံစားနေရဦးမှာပါ။ ။