Culture

ကိုယ့်ကိုယ်ကို ရှာဖွေနေရမယ်လို့ ယုံကြည်တဲ့ ချင်းတိုင်းရင်းသား ပန်းချီဆရာ မိုးဇက်ခိုင်

This article has been converted from Zawgyi One to Unicode

ကလေးမြို့ ဇာတိသား ချင်းတိုင်းရင်းသား ပန်းချီဆရာ မိုးဇက်ခိုင်ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၅ လမ်း (အလယ်ဘလောက်) ရှိ River Ayarwaddy အနုပညာ ပြခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ Beautiful Myanmar လို့ အမည် ပေးထားတဲ့ တကိုယ်တော် ပြပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ မှ ၂၂ အထိ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပန်းချီကားပေါင်း ၃၀ ကျော် ပြသခဲ့ပါ တယ်။

ပန်းချီမိုးဇက်ခိုင်ရဲ့ ပန်းချီကားတွေဟာ Realism အခြေပြု ပန်းချီကား အများစု ပါဝင်ပြီး Landscape, Portrait ပန်းချီ ကားများ ပါဝင်တာတွေ့ရပါတယ်။ ရေဆေး၊ ဆီဆေးနဲ့ အခရိုင်းလစ် မီဒီယံသုံးစွဲ ရေးဆွဲတဲ့ ပန်းချီကားတွေပါ။

ပန်းချီမိုးဇက်ခိုင် (ခေါ်) လျံရှင်းခိုင်ရဲ့ မိဘတွေက ဦးရှင်းလျံထန် (ဦးဝင်းအောင်) နဲ့ ဒေါ်ကျိန်ဟောက်ညောင် တို့ဖြစ်ပြီး သူ့ကို ၁၉၈၄ ခုနှစ်မှာ မွေးပါတယ်။ မွေးချင်း ၈ ယောက်မှာ သူက အကြီးဆုံးသား ဖြစ်ပါတယ်။ ငယ်စဉ်က ကလေးမြို့ အထက ၁ မှာ တက်ရောက်ခဲ့ပြီး ပန်းချီကို ငယ်စဉ် ကတည်းက ရေးဆွဲတာပါ။

“ကျနော် ငယ်ငယ်ကတည်းက ပုံတူလေးတွေ ရေးခဲ့တယ်ပေါ့။ သူငယ်ချင်းတွေ အဆွဲခိုင်းတဲ့ ပုံလေးတွေ၊ အရုပ် ကလေးတွေပေါ့။ အဲသလို ရေးပေးတော့ မုန့်ဖိုးရတယ်ပေါ့။ ကျနော် အရမ်းအားကျခဲ့တဲ့ စွတ်မဟာဒူးဆိုတဲ့ သူငယ်ချင်း တယောက် ရှိခဲ့တယ်။ အခုတော့ ဘယ်ရောက်လဲတော့ မသိဘူး။ သူက ကျနော်တို့ကို ပုံပြင်လည်း ပြောပြသလို ပုံပြင်ထဲမှာ ပါတဲ့ ကျောက်ဂူ၊ ကျောက်တုံးတွေ၊ သစ်ပင်တွေ၊ တောတောင်နဲ့ လူပုံ၊ တိရစ္ဆာန်ပုံတွေလည်း ရေးဆွဲပြပြီး ပြောပြတာ။ အဲဒီကတည်းက ပုံဆွဲရတာကို စိတ်ဝင်စား ဝါသနာကြီးလာတာ ထင်တယ်” လို့ ပန်းချီရေးဆွဲဖို့ စတင်ခဲ့ရာ ကို ပြောပြတယ်။

သူ့ရဲ့ အဖိုးဖြစ်သူ ခရစ်ယာန် ဘာသာရေး တရားဟောဆရာက သူ့ အတွက် ပန်းချီကားတွေ၊ ရုပ်ပုံတွေ ပါတဲ့ စာအုပ် တအုပ် လက်ဆောင် ပေးခဲ့တုန်းကလည်း အဲဒီစာအုပ်မှာ ပါတဲ့ ပန်းချီကားတွေ၊ ရုပ်ပုံတွေကို ကူးယူရေးဆွဲခဲ့တယ် လို့လည်း သူက ပြောပါတယ်။

နောက်ပြီး သူဟာ ပန်းချီပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပါသေးတယ်။ ကလေးမြို့ အမှတ် (၁) အထက်တန်းကျောင်း နှစ်ငါးဆယ်ပြည့် ရွှေရတု အထိမ်းအမှတ်ပွဲမှာ ကျင်းပပြုလုပ်တဲ့ ပန်းချီပြိုင်ပွဲမှာပါ။ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ခေါင်းစဉ်က “ရာဇဝင်ထဲက သူရဲကောင်းများ” ဖြစ်ပြီး၊ သူက စစ်သူကြီး မဟာဗန္ဓုလပုံ ပန်းချီကားရေးဆွဲ ပြိုင်ပွဲဝင်ခဲ့တာလို့ သိရပါတယ်။

အဒီနောက် သူဟာ ရန်ကုန်ကို ၂၀၀၆ ခုနှစ်မှာ ရောက်ရှိလာပြီး ကိုရီးယားကောမစ် ကုမ္ပဏီမှာ ကောမစ်ပုံတွေ ၄ နှစ်ကြာ ရေးဆွဲပါတယ်။

“ကျနော်က ပန်းချီရေးချင်တာ..၊ ဒါပေမယ့် ကုမ္ပဏီမှာ ပန်းချီရယ်လို့ ကောင်းကောင်း မရေးဆွဲခဲ့ရဘူး။ ဒါပေမယ့် ပန်းချီဆွဲဖို့ အခြေခံကျတဲ့ အသိဗဟုသုတတွေတော့ ရတယ်။ အဲဒီနောက် ၂၀၁၀ မှာတော့ အဲဒီကထွက်ပြီး ပန်းချီပညာ သင်ဖို့ ကြိုးစားခဲ့တယ်။ ကျနော့်မှာ ပန်းချီလောကက ပန်းချီဆရာတွေနဲ့ ဘာအဆက်အသွယ်မှ မရှိဘူး။ ဘယ်လို ဆက်သွယ် လုပ်ကိုင်ရမယ် ဆိုတာလည်း မသိဘဲ အခက်အခဲ ဖြစ်နေတာပေါ့။ အဲဒီမှာ ပန်းချီဆရာ တဦးနဲ့ တွေ့ပြီး ကျနော့်ကို ပန်းချီဆရာ ဦးလှတင်ထွန်းနဲ့ ဆက်သွယ်ပေးတယ်။ ဒါနဲ့ ကျနော် ပန်းချီပညာလေ့လာဖို့ ဖြစ်လာပါတယ်” လို့ ပြောပြပါတယ်။

သူဟာ ပန်းချီဆရာ ဦးလှတင်ထွန်းရဲ့ အကူအညီနဲ့ ပန်းချီပန်းပု ကျောင်းကိုလည်း တက်ရောက်နိုင်ခဲ့ကြောင်း၊ သင်ကြားပေးတဲ့ ဆရာတွေရဲ့ စေတနာနဲ့ အကူအညီပေးမှုတွေကြောင့် သူ ပန်းချီကို သေချာ လေ့လာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ဆရာတွေက ကျနော့်ကို နားလည်ပေးတယ်၊ ကူညီပေးတယ်၊ ကျနော် နားမလည်တာကို သေချာနားလည်အောင် ရှင်းလင်းသင်ပြပေးတယ်။ အထူးသဖြင့် ကျနော်က စကားကို ကောင်းကောင်းမွန်မွန် မပြောတတ်ဘူးလေ။ ဒါပေမယ့် စေတနာထား သွန်သင်ပါတယ်။ ဒါကြောင့် ဆရာတွေကို ကျေးဇူး အရမ်းတင်ပါတယ်”

စကား အပြောအဆို ရိုးရှင်း ရိုးသားတဲ့ ပန်းချီမိုးဇက်ခိုင်ဟာ ပန်းချီ အပြင် တခြား စိတ်ဝင်စားတာက သိုင်းကစားခြင်း လို့ ပြောပါတယ်။

“ဟုတ်တယ်ဗျ …၊ ငယ်ငယ်ကတည်းက ပန်းချီကို တစိုက်မတ်မတ် စိတ်ဝင်စားသလို သိုင်းကစားရတာကိုလည်း နှစ်သက်ပါတယ်။ ကျနော် ငယ်ငယ်က အရူးထခဲ့ တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သိုင်း ကစားရတာ ကျန်းမာရေး အတွက် လေ့ကျင့်ခန်းလည်း ဖြစ်နေပါတယ်” လို့ ပြောပြပါတယ်။

ပန်းချီဆရာ ဖြစ်ဖို့ ဘယ်လို တွန်းအားပေးမှုတွေ ရှိခဲ့လဲ လို့ မေးတဲ့ အခါ သူက – “ကျနော် ပန်းချီဆရာ ဖြစ်လာဖို့ သူများတွေ ပြောလို့ မဟုတ်ဘူး၊ သူများတွေက တိုက်တွန်းလို့ မဟုတ်ဘူး။ ဝါသနာနဲ့ ယှဉ်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်က ကျနော် ရည်ရွယ်ရာကို ရောက်လာတာ၊ ရလာတာ လို့ ထင်ပါတယ်။ တခုခု ဖြစ်ချင် ရချင်ရင် စိတ်ဓာတ်က အခရာ ကျတယ်” လို့ ပြောပါတယ်။

အခု ပန်းချီဆရာ ဖြစ်လာတော့ ပန်းချီဆရာတဦး အနေနဲ့ မဖြစ်မနေ လုပ်ဖို့ ဘာလိုအပ်တယ် ထင်လဲ၊ ဘာတွေက အရေးအကြီးဆုံး လိုအပ်ချက်လို့ ထင်သလဲ လို့ သူ့ကို မေးပါတယ်။

“ကျနော် အရင်က ပန်းချီကို သိထားမိတာက တမျိုး၊ အခုနောက်ပိုင်း သိလာတာက တမျိုးဗျ။ အရင်ကတော့ ပုံတူတွေ၊ ရှုခင်းပုံတွေ ဆွဲတတ်ရင် ပန်းချီပဲလို့ သိထားခဲ့ပါတယ်။ အခုကျတော့ ကိုယ်ပိုင် အတွေးစိတ်ကူးနဲ့ ပေါင်းစပ် ဖန်တီးယူဖို့ ဆိုတာ တွေ့လာတယ်။ အနုပညာ သမားတဦး အနေနဲ့ အမြဲတမ်း ရှာဖွေနေရမယ် လို့ ယုံကြည်ပါတယ်”

“ချင်းလေး” လို့ ခေါ်တဲ့ ပန်းချီမိုးဇက်ခိုင်ဟာ ဆက်လက်ပြီး လိုင်းတွေနဲ့ ဖွဲ့စည်းရေးဆွဲဖို့ ကြိုးစားရှာဖွေနေတယ် လို့ ဆိုပါတယ်။ နောက်တကြိမ် ပြုလုပ်မယ့် တကိုယ်တော် ပန်းချီပြပွဲမှာ လိုင်းတွေနဲ့ ဖွဲ့စည်း ရေးဆွဲမယ့် ပန်းချီကားတွေ ပြသသွားမယ် လို့လည်း ပြောပြပါတယ်။ ။

Loading