ရှုခင်းသာယာလှပတဲ့ တောင်ပေါ်မြို့လေးမှာနေထိုင်ရတာက အနည်းဆုံးတော့ ပန်းချီဆရာတယောက်အတွက် အကျိုးများလှပါတယ်။
အေးမြတဲ့ ရာသီဥတု၊ အေးချမ်းတဲ့ ဘဝနေထိုင်မှုပုံစံ ရှိတဲ့အပြင် ရထားလုံးတွေ၊ ကိုလိုနီခေတ် အဆောက်အအုံတွေနဲ့ တိုင်းရင်းသားမျိုးစုံနေထိုင်တဲ့ ပြင်ဦးလွင်မှာ ပန်းချီရေးစရာအကြောင်းအရာများကလည်း များပြားလှပါတယ်။
“ပန်းချီအရောင်တွေအတွက် ဒီက ရာသီဥတုက ကောင်းတယ်ဗျာ။ သဘာဝက ဖန်တီးပေးထားတဲ့ စားမြိန်ဝိုင်းလိုပါပဲ။ အနုပညာသမား တဦးအတွက် သဘာဝတရားကို ကိုယ်တိုင်ဆွတ်ယူခံစားနိုင်ဖို့ ဖန်တီးပေးထားတဲ့ အတိုင်းပါပဲ။ ကျ နော်က lucky man ဖြစ်သွားတာပေါ့” လို့ ပန်းချီဆရာမူးမူးက ပြောတယ်။ သူဟာ ပြင်ဦးလွင်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်ပြီး လိုင်းအားကောင်းကောင်းနဲ့ ရဲရင့်တဲ့ စုတ်ချက်များ ရေးဆွဲဖန်တီးမှုကြောင့် ထင်ရှားသူပါ။
သူ အသုံးပြု တဲ့ မီဒီယံက တခြား ပန်းချီဆရာတွေလို မင်နဲ့ အခရိုင်းလစ်ပါပဲ။ သို့ပေမယ့် ထူးခြားတာက မိုင်းကိုင်စက္ကူကို အများစု သုံးနေကျ ကင်းဗတ် အစား အသုံးပြုတာ ဖြစ်ပါတယ်။ ကင်းဗတ်ကိုလည်း ရံဖန်ရံခါ သုံးပါတယ်။
“လူအများစုက မိုင်းကိုင် စက္ကူကိုမသုံးကြဘူး။၊ ဒါက ရိုးရာ ပစ္စည်း။ ပြီးတော့ ဈေးနှုန်းလည်း သက်သာတယ်” လို့ ပန်းချီ မူးမူးက မိုင်းကိုင်စက္ကူခေါ် ရှမ်းစက္ကူနဲ့ သုံးစွဲတာနဲ့ ပတ်သက်ပြီး ပြောပြတယ်။
သူဟာ ဗြိတိသျှ ကိုလိုနီခေတ် အစိုးရ အရာရှိတွေ နွေရာသီ လာရောက် အပန်းဖြေတဲ့ မေမြို့ခေါ် ပြင်ဦးလွင်မြို့က ကိုလို နီခေတ် အဆောက်အအုံတွေ၊ မြို့တွင်း ရှုခင်းပုံတွေ ရေးဆွဲပြီး အောင်မြင်ထင်ရှားလာတာ ဖြစ်ပေမယ့် သူ ရေးဆွဲ တင်ပြတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ အကန့်အသတ် မရှိဘူးလို့ အသက် ၆၀ အရွယ် ပန်းချီဆရာမူးမူးက ပြောတယ်။
“ပန်းချီဆွဲဖို့ သုံးတဲ့မီဒီယံက ကျနော့်ကို ချုပ်ကိုင်တာတော့ ရှိနိုင်တယ်။ ဒါပေမယ့် အကြောင်းအရာက ကျနော့်ကို ချုပ်ကိုင် တာကတော့ လက်မခံဘူး” လို့ မူးမူးက ပြောတယ်။
မူးမူးရဲ့ မြင်း၊ လ နဲ့ အမျိုးသမီးပုံ စတဲ့ အကြောင်းအရာတွေ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို မြင်ဖူးသူတွေကတော့ သူပြောတာကို သဘောတူကြမှာပါ။
“အဲဒီ subjectsတွေကို ဘာလို့ စွဲနေလဲဆိုတာပြောရခက်တယ်ဗျ။ ။ မြင်းတွေဆိုရင် ကျနော် ကလေးဘ၀ ကတည်းက နှစ်သက်ခဲ့တာလေ။ ကင်းဗတ်ပေါ်မှာ ရေးမယ်လို့ ကြံရွယ်လိုက်တိုင်း အဲဒီအကြောင်းအရာတွေက စိတ်မှာ အလိုလို ပေါ် လာ လာနေတော့တာပဲ” လို့ ရှင်းပြတယ်။
စစ်ကိုင်းတိုင်း ဝင်ဘို ဇာတိသား ပန်းချီဆရာ မူးမူးဟာ ငယ်စဉ်ကတည်းက ပန်းချီကို စိတ်ဝင်စားခဲ့သလို ကံကောင်း ထောက်မစွာနဲ့ သူ့ မိဘတွေရဲ့ထောက်ပံ့အားပေးခြင်းကို ခံခဲ့ရပါတယ်။ ၁၉၇၆ မှာ မန္တလေး ပန်းချီပန်းပုကျောင်းကို တက်ရောက်ခဲ့ပြီး တချိန်တည်းမှာပဲ မြန်မာ့ မော်ဒန်ခေတ်ဦး ပန်းချီဆရာကြီး ဦးခင်မောင်(ဘဏ်) ထံမှာလည်း ခေတ် သစ်ပန်းချီ ရေးဆွဲပုံကို လေ့လာခဲ့သည်။
မူးမူးဟာ ပန်းချီရေးဆွဲ ဖြတ်သန်းမှု နှစ် ၄၀ အတွင်း ပြည်တွင်းမှာ တကိုယ်တော် ပန်းချီပြပွဲ ၅ ကြိမ်ပြသနိုင်ခဲ့ပြီး၊ ပြည်ပ နိုင်ငံများ ဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေမှာလည်း အုပ်စုပြပွဲပေါင်းများစွာမှာ ပါဝင် ပြ သနိုင်ခဲ့ပါတယ်။
အနုပညာ ဖြတ်သန်းမှု နှစ် ၄၀ ကြာပြီးတဲ့နောက်မှာ ပန်းချီနဲ့ ပတ်သက်တဲ့သူ့ရဲ့ အမြင်ကိုတော့ သူက ဒီလိုပြောပါတယ်။
“ပန်းချီဆိုတာ အံ့ဖွယ် မှော်ပညာ တခုပါ။ လိုင်းတွေ၊ အသွေး (Tone) တွေ နဲ့ မြင်ရသူအာရုံကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒီမှာ စိတ်ခံစားမှုပါ ထည့်လိုက်ရင်တော့ ဆိုရင်တော့ စိတ်နှလုံးကို သိမ်းကျုံး ဖမ်းစားနိုင်ပြီပဲ”
ပန်းချီမူးမူးရဲ့ Sketch & Think လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲကို၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ကနေ ၁၆ ရက်နေ့ အထိ၊ ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ နဝဒေးလမ်း၊ အမှတ် ၂၃ ရှိ Think ပန်းချီပြခန်းမှာပြုလုပ်မှာ ဖြစ်ကြောင်း သိရပါ တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ကျော်ဖြိုးသာ၏ For Burmese Artist MuuMuu, a Hill Station as Muse ဆောင်းပါးကို နိုင်စွမ်းဘာသာပြန်သည်။)