မြန်မာ့ကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော် ဒီဇင်ဘာလကုန်မှာ ကျင်းပမယ်
This article has been converted from Zawgyi One to Unicode
၁၉၁၅ ခုနှစ်က ကာတွန်းဆရာကြီး ဦး (ရွှေတလေး/ ဘကလေး) ကအစပြု ပေါ်ပေါက်ခဲ့တဲ့ မြန်မာကာတွန်းဟာ အခု ၂၀၁၅ ခုနှစ်မှာ နှစ် ၁၀၀ တိုင်ခဲ့ပါပြီ။
တသက်မှာ တခါသာ ကြုံရမယ့် မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ရန်ကုန် မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Convention Center (MCC) မှာ ကျင်းပမှာ ဖြစ်ပါတယ်။
MCC ဟာ သွားလာရ လွယ်ကူတဲ့နေရာတော့ မဟုတ်ပါဘူး။ မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကျင်းပဖို့ ဦးဆောင် လှုပ်ရှားနေတဲ့ ကာတွန်းဆရာတွေဟာ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက် မရတာကြောင့် MCC မှာ ကျင်းပရခြင်း ဖြစ်တယ်လို့ ရာပြည့်ပွဲအတွက် ဦးဆောင် တာဝန်ယူနေသူ တဦးဖြစ်တဲ့ ကာတွန်းဝင်းအောင်က စာနယ်ဇင်း ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကာတွန်းရာပြည့်ပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က ရန်ကုန်ပြည်လမ်းမှာ ရှိတဲ့ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ကာတွန်းရာပြည့်ပွဲမှာ မြန်မာကာတွန်းသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ရှေးမူလက်ရာများ၊ သမိုင်းဓာတ်ပုံများ၊ ကာတွန်းလက်ရာများကို အမှတ်တရ ပြန်လည် ပြသထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မျက်မှောက်ခေတ် ကာတွန်းဆရာတွေရဲ့ ကာတွန်းပြခန်း၊ ကယ်ရီကေးချားနဲ့ ကာတွန်းပန်းချီ လက်ရာပြခန်း၊ Animation ပြခန်းတွေ ပြသ ထားမှာ ဖြစ်ပါတယ်။ ကာတွန်းသမိုင်းနဲ့ ပတ်သက်တဲ့ စာတန်းဖတ်ပွဲနဲ့ ဟောပြောပွဲတွေ ပါဝင်မှာ ဖြစ်ပြီး စာအုပ် အရောင်းဆိုင်နဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ ကလေးတွေအတွက် ပုံဆွဲကော်နာတွေလည်း ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ မနက် ၉ နာရီနဲ့ ညနေ ၅ နာရီအတွင်း မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကို ကျင်းပမှာ ဖြစ်ပြီး အဲဒီအချိန်တွေ အတွင်းမှာ ရန်ကုန်က ကာတွန်းဆရာတွေ စုပေါင်းတင်ဆက်တဲ့ “ဗိုလ်ကာတွန်း” အငြိမ့်၊ မန္တလေး ကာတွန်းဆရာတွေ တင်ဆက်မယ့် ပြဇာတ်တို့နဲ့လည်း ဖျော်ဖြေမှာ ဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ ကာတွန်းချစ်ပရိသတ်တွေ လာရောက်အားပေးကြဖို့ ကာတွန်းရာပြည့် ဦးဆောင်ကျင်းပရေး ကော်မတီက ဖိတ်ကြားထားပါတယ်။