Culture

စိုးသူရဲ့ အမြတ်နိုးဆုံး မင်းအကြောင်းလေး

This article has been converted from Zawgyi One to Unicode

မြန်မာပြည် အနုပညာလောကနဲ့ အချိန်အတော်ကြာ အဆက်ပြတ်နေခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ စိုးသူဟာ “အမြတ်နိုးဆုံး မင်းအကြောင်းလေး” Album နဲ့ အနုပညာလောကကို တကျော့ပြန် ဝင်ရောက်လာပါတယ်။ ဒီ Album ဟာ တချိန်က လူကြိုက်များခဲ့တဲ့ သီချင်းဟောင်း တချို့နဲ့ ဒီဘက်ခေတ် လူငယ်တေးရေး ဆရာတွေရဲ့ သီချင်းသစ်တွေ ကို ရောမွှေ ထည့်သွင်းထားတဲ့ Album တချပ်ဖြစ်ပါတယ်။

စိုးသူဟာ ဒီတေး Album နဲ့ အနုပညာလောကို ပထမဆုံးပြန်လည် ဝင်ရောက်လာတာဖြစ်လို့ Album မထွက်ခင် ကတည်းက သူ့ Album ကိုပရိသတ် စိတ်ဝင်စားလာအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ တကယ်တော့ စိုးသူကို အဆိုရှင်ကောင်း တယောက်အဖြစ် သတ်မှတ်လို့ မရပေမယ့် သူ့ခေတ်သူ့ကာလက ခေတ်ပြိုင် မင်းသားငယ် တွေထဲမှာ ဂီတအနုပညာ လမ်းကြောင်းပေါ် အဦးဆုံး ခြေချနိုင်ခဲ့သူ ဖြစ်လို့ Music Sense ရှိသူတဦး အဖြစ်တော့ အသိအမှတ် ပြုရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်း အခုထွက်ရှိလာတဲ့ Album ကို နားဆင်ကြည့်ဖြစ်တဲ့အခါ Vocal အနေနဲ့ Attractive မဖြစ်တာက လွဲလို့ စိုးသူရဲ့ Vocal color နဲ့ လိုက်ဖက်တဲ့ သီချင်းကောင်းတချို့ ပါဝင်နေတာကို တွေ့ရတာကြောင့် ဒီ Album ထဲမှာ ပါဝင်တဲ့ သီချင်း ၁၄ ပုဒ်ထဲက ပရိသတ် အကြိုက်တွေ့နိုင်မယ် လို့ ယူဆရတဲ့ သီချင်းတချို့ကို ရွေးထုတ် ဖော်ပြပေးချင် ပါတယ်။

ဒီ Album ရဲ့ အဖွင့်သီချင်းတပုဒ် ဖြစ်တဲ့ “ဒိုင်ယာရီဟောင်း” က လင်းနစ်ရေးဖွဲ့ ဖန်တီးထားတဲ့ သီချင်းတပုဒ်ဖြစ်ပြီး အဖွင့် သီချင်းအဖြစ် ရှိနေသင့်တဲ့ သီချင်းပုံစံမျိုးလည်း ဖြစ်ပါတယ်။ အဲဒီ အဖွင့်သီချင်း ကောင်းလေးကြောင့်လည်း နောက်က သီချင်းတွေကို ဆက်နားထောင်ချင်တဲ့စိတ် ဖြစ်ပေါ်လာစေပါလိမ့်မယ်။ လင်းနစ်ဟာ သီချင်းရေးလက် ရှိသူပီပီ ဒီသီချင်းလေးကို စိုးသူရဲ့ Vocal Range နဲ့ အံဝင်အောင် ရေးဖွဲ့ပေးထားပုံ ရပါတယ်။ ဒါကြောင့်လည်း Vocal Notes တွေ ယိုင်တတ်တဲ့ စိုးသူဟာ ဒီသီချင်းမှာတော့ Mood ကို အဓိက ပေါ်လွင်အောင် သီဆိုနိုင်ခဲ့ပါတယ်။ Piano နဲ့ စဖွင့်ထားတဲ့ Intro က သီချင်းကို စိတ်ဝင်စား လာအောင် ဖမ်းစားနိုင်ခဲ့ပြီး –

“ကိုယ်အရင်နေသော အခန်းငယ်မှာ ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းရယ် ဒိုင်ယာရီဟောင်းလေး ငြိမ်သက်” ဆိုတဲ့ Verse ပိုဒ်အစ စာသားက သီချင်း Title နဲ့ လိုက်ဖက်စွာ နားဆင်သူရဲ့ ခံစားမှုကို အသက်ဝင်လာ စေခဲ့ပါတယ်။ ရိုးရှင်းတဲ့ Music Style ပေါ်မှာ အားကောင်းတဲ့ စကားလုံး အကြောင်းအရာနဲ့ လှုပ်နှိုး နိုင်ခဲ့တာကြောင့် သီချင်းဟာ ပေါ်လွင်လာပြီး ဆွဲဆောင်မှု ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ပြေပြစ်တဲ့ Chord Phrasing ကို Melodic ဖြစ်အောင် ချိတ်ဆက် ဖန်တီးထားတဲ့ လင်းနစ်ရဲ့ သီချင်းရေးဖွဲ့မှု အတတ်ပညာ အပြင် ရိုးရှင်းတဲ့ သီချင်း ပုံစံပေါ်မှာ ရိုးရှင်းတဲ့ Solo Guitar Riff တွေရဲ့ ညှို့ငင်နိုင်မှုကြောင့် နားဆင်ခံစားသူရဲ့ ရင်ကို ထိမှန်နိုင်စေမယ့် ဒီ Album ရဲ့ အဖွင့် သီချင်းကောင်း လေးပဲ ဖြစ်ပါတယ်။

ဒီ Album ရဲ့ ၈ ပုဒ်မြောက်ဖြစ်တဲ့ “အမုန်းမဲ့အိမ်” သီချင်းလေးကတော့ တေးရေးအောင်ကိုမြင့်ရဲ့ သီချင်းကောင်း တပုဒ် ဖြစ်ပါတယ်။ အောင်ကိုမြင့် ရေးဖွဲ့ဖန်တီးခဲ့တဲ့ သီချင်း တော်တော်များများဟာ ရိုးရိုးလေးနဲ့ ဆန်းနေတတ်ပါတယ်။ အခု “အမုန်းမဲ့အိမ်” သီချင်းကလည်း ရိုးရှင်းတဲ့ Chord Phrasing တွေနဲ့အတူ Melodic ဖြစ်နေတဲ့ Chorus ပိုဒ်ကြောင့် သီချင်း တပုဒ်လုံးကို အားကောင်း လာစေခဲ့တာပဲ ဖြစ်ပါတယ်။ အောင်ကိုမြင့်ရဲ့ နောက်ထူးခြားချက်တခုက စကားလုံး ဆန်းသစ်မှုနောက် သိပ်မလိုက်ဘဲ သီချင်း အကြောင်းအရာ ပေါ်လွင်မှုကို အဓိကထားခြင်း ဖြစ်ပါတယ်။

ခု ဒီသီချင်းမှာလည်း လောကဓံ အခက်အခဲတွေကြားမှာ အိမ်ထောင်တခု ခိုင်မြဲစွာ တည်ဆောက်နိုင်ဖို့ ဆိုတဲ့ အကြောင်းကို အကျိုးပြုဆန်ဆန် Message ပေးထားတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းအရာကို ပေါ်လွင်အောင် Chorus အပိုဒ်မှာ အသုံးပြုသွားတဲ့ –

“တို့နှစ်ဦး ချစ်သက်ရှည်ရေး အကြင်နာ ရနံ့လေး ရှိနေသရွေ့ ပူပန်စရာမလိုဘူး အပြုံးတွေ/ မနက်ဖြန်တွေ” စတဲ့ စကားလုံး အသုံးပြုထားပုံဟာ သီချင်းရဲ့ Message ကို ထင်းကနဲ မြင်သာစေခဲ့ပါတယ်။ Melodic ဖြစ်လှတဲ့ Chorus အပိုဒ်နဲ့ သီချင်းအဆုံးသတ် Ending ပိုင်း သေသပ်ကောင်းမွန်တဲ့ ဒီသီချင်းမှာ စိုးသူရဲ့ Vocal ပိုင်း အားနည်းနေတာက လွဲလို့ Music Style အရရော၊ အကြောင်းအရာအရပါ ပရသိတ်များ အကြိုက်တွေ့နိုင်ကြမယ့် သီချင်းကောင်းလေး တပုဒ်ပါပဲ။

နောက်ထပ် ဒီ Album ရဲ့ တတိယမြောက် အပုဒ်ဖြစ်တဲ့ “သူငယ်ချင်း” ဆိုတဲ့ သီချင်းကို ညွှန်းချင်ပါတယ်။ သူငယ်ချင်းနဲ့ ပတ်သက်တဲ့ သီချင်းတွေ မှိုလိုပေါက် လူကြိုက်များ အောင်မြင်ခဲ့သလို၊ အခု သူငယ်ချင်း သီချင်း ကိုလည်း အကြိုက်တွေ့ကြဦးမှာပါ။ သူငယ်ချင်း ချစ်သူတွေ ဖြစ်ခဲ့ကြပြီး အကြောင်းကြောင်းကြောင့် ဝေးကွာသွား ခဲ့ကြတဲ့ သူတွေ အတွက်တော့ ပိုပြီး ခံစားလို့ ကောင်းနိုင်ပါလိမ့်မယ်။ တေးရေး ရော်နယ်လ်ရဲ့ လက်ရာဖြစ်ပြီး လူငယ်ကြိုက် စကားလုံးတွေ အသုံးပြုထားတာ တွေ့ရပါတယ်။ သစ်လွင်လတ်ဆတ်တဲ့ Piano Riff တွေနဲ့ MAJESTA Music Band ရဲ့ သေသပ်တဲ့ Arrange ကြောင့် သီချင်းဟာ ပိုပြီး လင်းလက်လာခဲ့ပါတယ်။

သီချင်း တည်ဆောက်ပုံက Melody အရ စိုးသူရဲ့ Vocal Mood ကလည်းသီချင်းနဲ့ အံဝင်ခွင်ကျ လိုက်ဖက်မှုရှိတာကို သတိထားမိခဲ့ပါတယ်။ Chromatic Scale ပါတဲ့ Chorus ပိုဒ်ရဲ့ High Key, Low Key တွေက သီချင်းရဲ့ Tempo ကို မြင့်ပေးနိုင်ခဲ့ပြီး Solo အနေနဲ့ Guitar နဲ့ Piano ကို တလှည့်စီ အားဖြည့် ပေးသွားတဲ့ အချိတ်အဆက်ကလည်း သီချင်း အပေါ် ပိုပြီး တိမ်းမူးဖွယ် ဖြစ်လာစေခဲ့တာကြောင့် သီချင်း အကြောင်းအရာနဲ့ ထပ်တူကျသူတွေ ခံစားလို့ ရနိုင်မယ့် သီချင်းတပုဒ်လို့ ဆိုရမှာပါ။

Online နဲ့ ရုပ်သံကြော်ငြာမှာ ကတည်းက လူသိအများဆုံး ဖြစ်ခဲ့တဲ့ သီချင်းကတော့ “လေပြေ” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာလည်း လင်းနစ်ရဲ့ လက်ရာကောင်းတပုဒ်ဖြစ်ပြီး အမှန်ပြောရရင် ဒီသီချင်းကြောင့် စိုးသူရဲ့ အခု Album ကို ပရိသတ် စိတ်ဝင်စား ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဘာကြောင့်ဆိုရင် သီချင်းပုံစံအရရော၊ စာသား အကြောင်းအရာပါ လတ်ဆတ်သစ်လွင် နေလို့ပဲ ဖြစ်ပါတယ်။ Intro အဖွင့်မှာ နားဝင်ပီယံဖြစ်လှတဲ့ Piano Riff တွေရဲ့ Melodic ဖြစ်မှုကြောင့် First Impression အနေနဲ့ သီချင်းကောင်း တပုဒ်ဆိုတာ မြင်သာစေခဲ့ပါတယ်။ Verse အစပိုဒ်မှာ-

“လေပြေညှင်း ဆောင်ကျဉ်းလို့ ပေးပါ ကြင်နာသူ မင်းအနားကို ကြယ်ကြွေတိုင်း ဆုတောင်းလည်း မပြည့်နိုင်တယ်” စတဲ့ ကဗျာဆန်တဲ့ စကားလုံးလေးတွေ ကြောင့်လည်း သီချင်းဟာ ပိုပြီးဆွဲဆောင်မှု ရှိလာခဲ့ပါတယ်။ Pop Rock Music Style ပေါ် အခြေတည်ထားတဲ့ ဒီသီချင်းမှာ ဂီတပုံစံနဲ့ စာသား အကြောင်းအရာ ဟာမိုနီဖြစ်နေတာကို တွေ့ရပါတယ်။

ဒီ Album ထဲက တချို့သီချင်းတွေမှာ စိုးသူရဲ့ Vocal Notes တွေ မသိမသာ ယိုင်နေတာကို သတိထားမိခဲ့ပေမယ့် ဒီသီချင်းမှာတော့ Mood နဲ့ Expression ကို မျှအောင် သီဆို သွားနိုင်တာကို တွေ့ရပါတယ်။ Bridge ပိုဒ်ဆန်ဆန် စကားပြောဟန်ကို ထည့်သွင်း အသုံးပြုသွားပုံကလည်း သီချင်းကို ပိုပြီး ခံစားလို့ ကောင်းအောင် အထောက်အပံ့တခု ဖြစ်စေခဲ့ပါတယ်။ ဒီသီချင်းကို လူကြိုက်များစေခဲ့တဲ့ အဓိက သော့ချက်က Intro ကစပြီး သီချင်း Ending ပိုင်းအထိ Backing အနေနဲ့ အားဖြည့်ပေးထားတဲ့ Piano Riff တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Album ထဲမှာ တခြားသီချင်းတွေ ထက် ထူးခြားပေါ်လွင်တဲ့ သီချင်းတပုဒ်အဖြစ် ပရိသတ်ရင်ကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်တော့ စိုးသူဟာ အဆိုရှင်ကောင်း တယောက် မဟုတ်ပါ။ ဂီတအနုပညာကို ချစ်ခင်တဲ့ စိတ်ကြောင့်သာ အခုလို တေးသီချင်း Album တွေကို ဖန်တီးထုတ်လုပ် နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ Vocal Range ပေါ် မူတည်ပြီး Chord Position တွေကို သူနဲ့ လိုက်ဖက်အောင် ဖန်တီးပေးကြရတာဖြစ်လို့ ဒီ Album ထဲက ဖိုးကာရဲ့ “တိုးဝင်ခြင်း၊ ရုံးထွက်ခြင်း”၊ နောင်နောင် (S.F) ရဲ့ “ကျေနပ်တဲ့ အထိ ကိုယ်တောင်းပန်တယ်”၊ ရယ်ဂျီရဲ့ “အမြတ်နိုးဆုံး”၊ နေထိုက်စိုးရဲ့ “မြို့ဟောင်းလေး” စတဲ့သီချင်းတွေဟာ သီချင်းကောင်းအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေပေမယ့်လည်း စိုးသူရဲ့ Vocal Range ကြောင့် ပေါ်လွင်သင့်သလောက် မပေါ်လွင်ခဲ့ပါဘူး။

ဒါပေမယ့် စိုးသူဟာ ဂီတကို ချစ်တဲ့စိတ် တခုတည်းနဲ့ ချပြခဲ့တာဖြစ်လို့ စိုးသူရဲ့ ဂီတချစ်စိတ်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဒီ Album ထဲက သီချင်းကောင်းလေးတွေကို လက်ခံကြိုဆို သင့်ကြတယ် မဟုတ်ပါလား ခင်ဗျာ။ ။

Loading