ပန်းချီ ဝေမင်းအေးရဲ့ ပန်းချီကားတွေကို လေ့လာကြည့်တဲ့ အခါ အစောပိုင်း လက်ရာတွေက သေသပ် ကျွမ်းကျင်မှု ထက် စိတ်ခံစားမှု ဖွင့်ထုတ်တင်ပြတာက ပိုလွန်ပိုကဲ နေတယ်လို့ ခံစားရတယ်။ Color တွေ၊ Form တွေနဲ့ Subject သေးသေး လေးတွေ ရောထွေးနေခဲ့ပြီး၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ Color Expressive Abstract ပန်းချီကားတွေကို ပြောင်းလဲ ရေးဆွဲလာတာ တွေ့ရတယ်။ ပန်းချီ ရေးဆွဲ နည်းစနစ်ထက် သူ့ရဲ့ ရင့်ကျက်မှုတစုံတရာကို ပန်းချီကားတွေ မှာ တွေ့ရတာကြောင့် ပန်းချီဝေမင်းအေးနဲ့ သူရဲ့ပန်းချီ ဖန်တီးမှု အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ပန်းချီဝေမင်းအေး တဖြစ်လဲ ဦးဇင်း အရှင်ဓမ္မာနန္ဒကို ပထမဆုံး မေးမြန်းဖြစ်တာက ပန်းချီ ဆွဲတာက သံဃာ့ဝိနည်းနဲ့ ညီ မညီ မေးဖြစ်ပါတယ်။
“ပန်းချီဆွဲတာ သံဃာ့ဝိနည်းနဲ့ မအပ်ပါဘူး။ သေးငယ်သော အာပါတ်သင့်ပါတယ်။ မိန်းမယောက်ျား ပုံသဏ္ဌာန်များ၊ ကိလေသာကို ဖြစ်စေသော ပုံများ၊ ရဟန်းတော်များ ပုံမဆွဲရဟု အမိန့်ရှိပါတယ်။ ဗုဒ္ဓဖြစ်တော်စဉ် ဇာတ်နိပါတ်များမှာ တော့ တပါးသူဆွဲပြီး သံဝေဂရအောင် ပြနိုင်သည်တဲ့။ ဒါကတော့ ဗုဒ္ဓဟောလား အဋ္ဌကထာဆရာ အာဘော်လားတော့ မသိဘူး၊ ပန်းချီဆွဲတာ ဝိနည်းနဲ့ မညီတာမှန်ပါတယ်။ သာသနာတော်က ဆုံးရှုံးသွား နိုင်တဲ့ အပြစ်ထိတော့ မရှိပါဘူး။ ထပ်ပြောချင်တာက ကျုပ်က အရောင်သမားပါ အရောင်နဲ့ အဇ္ဈတ္တစိတ်တွေကို ရှာဖွေသူပါ။ ဗုဒ္ဓရဲ့ ရောင်ခြည်တော် ခြောက်ဖြာဟာ အရောင်ပါ။ ဒီအရောင်နဲ့ ဆွေတော် မျိုးတော်တွေရဲ့ မာနစိတ်နှလုံးကို အရည်ပျော်အောင် တန်ခိုးတော် ပြခဲ့တာဟာ အရောင်ပါ။ ဘာမှ မဆိုင်ဘူးလို့ ပြောလို့ ရတယ် ဆိုရင်လည်း ပြောပါ။ ရင်ထဲမှာ ကလေးဘဝ ဖတ်ထားတဲ့ အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ အကြောင်း အမြဲသတိရမိတယ်။ သူ့မိဘ ဆွေမျိုးတွေက ခရစ်ယာန် ဘာသာဝင်တွေပါ။ သူက ဗုဒ္ဓဘာသာ ဖြစ်ချင်တယ်၊ မိဘ သဘောမတူဘဲ မြန်မာပြည် လာပြီး ရဟန်းဝတ်တယ်၊ သိမ်ဝင်တော့ ရဟန်းလောင်း ဆုံးမခန်းက ကြေကွဲစရာ။ မိဘတွေ ခွင့်ပြုတဲ့ သားမှ ရဟန်းခံပေးခွင့် ရှိတယ်။ ဥပစ္ဈာယ် ဆရာက မေးတယ် ငါ့ရှင် ရဟန်းလောင်း မိဘများက ခွင့်ပြုရဲ့လား တဲ့။ သူပြန်လျှောက်ပါတယ် ဘုရားခွင့်ပြုပါတယ် ဘုရား တဲ့။ သိက္ခာပုဒ်ကို မလေးစားတာ မဟုတ်ပါဘူး။ ကျုပ် အရောင်ရေးတာပါ”
ပန်းချီဝေမင်းအေးက သူနှစ်သက်ရေးဆွဲတဲ့ ပန်းချီနဲ့ ပတ်သက်ပြီး ဆက်လက် ပြောပြတာက “အဓိကကတော့ မော်ဒန် ပါပဲ၊ မော်ဒန်ကို နှစ်သက်တယ်၊ မော်ဒန်ကို ရေးပါတယ်။ မော်ဒန်ဆိုတာ လတ်တလော ဖြစ်ပေါ်လာတဲ့ ကြောင်းအရာ တခါတည်း ပြီးအောင် ပြုလုပ်ချက်ပါပဲ။ ဘုရားဟောနဲ့ အညီ ပစ္စုပ္ပန်ကို ရှေ့ရှုတယ်” လို့ ပြောပါတယ်။
ဒါဆိုရင် ပန်းချီကား တခု ဖန်တီးဖို့ ဘယ်လို ပြင်ဆင်ပြီး ရေးဆွဲလေ့ ရှိပါသလဲ။
“ပန်းချီကားတကား ရေးတော့မယ် ဆိုရင် ပြင်ဆင်မှုကတော့ ရေးဆွဲမယ့် ပစ္စည်းနဲ့ ဆေး အရင်ဆုံး စုဆောင်းပါတယ်။ ဆိုလိုတာက ကင်းဗတ် ကျစ်ပြီးသား၊ စုတ်တံနဲ့ တိတ်ဆိတ်ချိန်တို့ ပါ။ ပန်းချီမရေးခင် အကြောင်းရာကို အရင်စဉ်းစား ပါတယ်။ ပြီးမှ အရောင်ကို စဉ်းစားပါတယ်။ ကင်းဗတ်ပေါ် အရောင်နဲ့ စုတ်ချက်တွေ ဟန်ချက်ညီလာပြီ ဆိုရင် ဖြစ်ပေါ် လာတဲ့ အရောင်ကို ချစ်စိတ် ဝင်နိုင်အောင် ကိုယ့်စိတ်ကို မပြန့်လွှင့်အောင် ထိမ်းပါတယ်။ ပုံသဏ္ဌာန်နောက် မလိုက်ပါဘူး၊ အရောင်နောက်ကိုပဲ လိုက်ပါတယ်။ နေ့စဉ် ပန်းချီ မရေးဖြစ်ပါဘူး။ ရေးမိရင် သုံးကားလောက် ဆက်တိုက်ရေးမှ အားရသူပါ။ ရေးနေတဲ့ အချိန် စိတ်ကို မပြန့်လွှင့်အောင်ထိမ်းပါတယ်”
ပန်းချီဝေမင်းအေးကို အဖဦးဝင်းကြည် (ကျောင်းဆရာ)၊ အမိဒေါ်ခင်သန်းဝင်းတို့က ၁၃၃၇ ခုနှစ် ပြာသိုလဆန်း ၁၀ ရက် (10-1-1976) စနေနေ့၊ ဧရာဝတီတိုင်းလပွတ္တာမြို့၊ အမှတ် ၈ ရပ်ကွက်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မွေးချင်း သုံးယောက်အနက် အကြီးဆုံး ဖြစ်ပါတယ်။ အသက် ၁၀ နှစ်သားမှာ သာမဏေ စဝတ်ခဲ့ပြီး ငယ်စဉ် ကတည်းက စာဖတ်ဝါသနာ ကြီးခဲ့ပါတယ်။ အသက်၂၄ နှစ်မှာ ကိုယ်ပိုင်စာအုပ် ၅၀၀ နဲ့ ဓမ္မရက္ခိတဝိဟာရ စာကြည့်တိုက်ကို မန္တလေးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ အသက် ၃၂ နှစ်မှာ ဝိမုတ္တိရသ အမည်နဲ့ စာအုပ်နှင့် ပန်းချီပြပွဲ ကျင်းပခဲ့ပြီးနောက် ပန်းချီနဲ့ စတင်ရင်းနှီးခဲ့တာလို့ ဆိုပါတယ်။ ၂၀၁၃ နှစ်ကတော့ ပန်းချီရေးဖို့ အကြောင်း ဖြစ်လာ တာက စာအုပ် တစ်သောင်းကျော် ပန်းချီကား ၁၀၀ စုဆောင်း ထားတဲ့ စာကြည့်တိုက်ကို ပိတ်လိုက်ရခြင်းပါ။ စာကြည့်တိုက် ပိတ်ထားရတော့ အလိုလို အလုပ်လက်မဲ့ ဖြစ်ပြီး ပန်းချီဘက်ကို အင်အားပြည့် အချိန်ပြည့် စိတ်ညွှတ်ခဲ့ပါတယ်။
“ပန်းချီရေးဖြစ်တဲ့ ဇာတ်လမ်း ဒီက စတာပါပဲ။ ပြောရရင်ကျုပ်ရဲ့ ပန်းချီရေးနည်း အတွင်းစိတ်တွေ နှိုက်ထုတ်နည်း၊ အသိနဲ့ အရှိ တထပ်တည်း ဖြစ်ဖို့နည်း ပန်းပုပါမောက္ခဟောင်း ပန်းချီဆရာဦးအောင်ကျော် သင်ပေးခဲ့ပါတယ်။ ဆရာသင်တဲ့ နည်းက ဒီလို ရေးရတယ် လို့ ရေးပြတာ မဟုတ်ပါဘူး၊ ပန်းချီရဲ့ နက်နဲမှုတွေ၊ သန့်ရှင်းမှုတွေ၊ အသံတွေ အရောင်တွေကို နှုတ်နဲ့ နှလုံးသားထဲ ရောက်အောင် ပို့ချ သင်ကြားပေးတဲ့ ကျုပ်ဆရာ ဦးအောင်ကျော်ပါ။ ဒါနဲ့ပန်းချီကို ၂၀၁၃ မှာ စ၍ရေးခဲ့တယ် ဆိုပါတော့” ပြောပြတယ်။ သူနှစ်သက် သဘောကျတဲ့ ပန်းချီဆရာတွေ အကြောင်းလည်း ဆက်ပြောပါတယ်။
“ပန်းချီဆရာတွေထဲမှာ အထူး လေးစားမိသူ နှစ်ဦး ရှိပါသည်။ ဆရာခင်မောင်ရင်နှင့် ဆရာရာဟုလာပါ။ သူတို့ရဲ့ စိတ်ဓာတ်ကို လေးစားလို့၊ ပန်းချီအပေါ်မှာ ရိုးသားမှုအပြည့် ရှိတယ်၊ သိတာကို ရဲရဲတင်းတင်း ချပြရဲတယ်၊ မကောင်းဘူး လို့ ပြောတဲ့ အသံကို ခံနိုင်ရည် ရှိတယ်၊ ဒါကြောင့် ကြိုက်နှစ်သက်ခဲ့တာပါ။ မြင်ဆရာနှစ်ယောက်လုံး မရှိတော့သည့် နောက်ပိုင်း ပန်းချီဆရာ ကိုယ့် အကြိုက်ဆရာကို မသိစိတ်က အလိုလိုရှာနေမိတယ်”
ပန်းချီနဲ့ ရဟန်းဘ၀ တခုပဲ ရွေးရမယ် ဆိုရင် ဘာကို ရွေးမလဲလို့ မေးတဲ့ အခါ “ဝါသနာက သံသရာအဆုံးထိ လိုက်တယ်။ အရှင်အနုရုဒ္ဓါဟာ မင်းသားဘဝမှာ မှန်ကြည့်ပြီး ခေါင်းဖီးလေ့ရှိတယ်။ ရဟန္တာ ဖြစ်တော့ သတိလွတ်တဲ့ အချိန် ခေါင်းကို လက်နဲ့ ပွတ်မိတယ်၊ ဝါသနာပါ။ ဗုဒ္ဓသာသနာဘောင် ဝင်ပြီး ရဟန်းဝတ်တာ ဝါသနာကြောင့် မဟုတ်ဘူးလေ။ ငြိမ်းအေးမှု ကိစ္စကြီးငယ် နည်းပါးမှု ဗုဒ္ဓရဲ့ တရားတော်တွေကို ယုံကြည်မှု သာသနာပြန့်ပွားမှု အဆုံးမှာ နိဗ္ဗာန်ကို ရောက်ရှိဖို့ပါ။ နိဗ္ဗာန် မရောက်နိုင်သေးသမျှ ဝါသနာဟာ ထိမ်းဖို့ မလွယ်ပါဘူး။ ပန်းချီဆွဲတာဟာ ဝိနည်းနဲ့ မညီတဲ့ အတွက်ရဟန်းဘဝနဲ့ ပန်းချီ ဘာလဲမလဲ ဆိုရင်ကျုပ်ကတော့ ပန်းချီပါပဲ။ ကျုပ်ပန်းချီ မရေးခင်က ကျုပ်ဆရာ ဆရာဦးအောင်ကျော်ကို မေးဖူးတယ်၊ ဆရာပန်းချီဟာ မွန်မြတ်လား ရိုင်းစိုင်းလားလို့၊ မွန်မြတ်ပါတယ် တဲ့။ မွန်မြတ်တဲ့ အလုပ်မို့ ကမ္ဘာ့ခေါင်းဆောင်ကြီး ဝင်စတန်ချာချီ ပန်းချီရေးတယ်၊ ဗိုလ်ချုပ် အောင်ဆန်းလည်း ရေးတယ်၊ ဒေါ်အောင်ဆန်းစုကြည့်နှင့် ကိုမင်းကိုနိုင်တို့လည်း ပန်းချီရေး ကြပါတယ်။ ပန်းချီရေးတာ မွန်မြတ်သန့်စင်ပါတယ်” လို့ ပြောပါတယ်။
နောက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့နဲ့ ပတ်သက်လို့ ဘယ်လို မြင်ပါသလဲ လို့ မေးပါတယ်။
“ဦးဇင်းဟာ မဘသ မဟုတ်တဲ့ အတွက် ဘာမှ မလေ့လာပါဘူး။ အမျိုး မပျောက်ချင်ရင် သူများဆီက အချောင်မယူနဲ့” လို့ ပြောပါတယ်။ တဆက်တည်း အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့လည်း “ဟောင်းနေတဲ့အရာ အသစ်ဖြစ်တာ ကြိုဆိုပါတယ်။ ဒီလမ်း ရောက်ဖို့ ၁၃ နှစ်သား ကတည်းက စိတ်ဝင်စားမျှော်လင့်ခဲ့သူပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ယုံကြည်ပါတယ်” လို့ ပန်းချီဝေမင်းအေး (ခေါ်) ဦးဇင်း အရှင်ဓမ္မာနန္ဒက ပြောပါတယ်။ ။