ပြခန်းထဲကို ဝင်ရောက်လိုက်တာနဲ့ ကိုယ်ပိုင်ဟန်ု သီးခြားစီ လှပနေတဲ့ ပန်းချီကားတွေကို တွေ့လိုက်ရတယ်။ ပြီးတော့ တဦးချင်းစီရဲ့ ကိုယ်ပိုင်ဟန် ဖန်တီးမှုတွေကိုလည်း ကျေနပ်အားရစရာ မြင်တွေ့လိုက်ရတော့.. သူတို့ဟာ တချိန်မှာ မြန်မာ့ ပန်းချီလောကအတွက် တထောင့်တနေရာက ဖြည့်ဆည်းဖြည့်စွမ်းကြမယ့် အလားအလာကောင်းရှိတဲ့ လူငယ် ပန်းချီဆရာတွေဆိုတာ ချက်ချင်း သတိပြုမိလိုက်ပါတယ်။
မန္တလေးပန်းချီပန်းပု ကျောင်းဆင်း လူငယ်ပန်းချီဆရာ သုံးဦးဖြစ်တဲ့ ဇာနည်၊ ကျော်သူဝင်းနဲ့ အောင်တို့ရဲ့ အတန်းဖော်များ ရေဆေးပန်းချီပြပွဲ (Classmate Watercolor Exhibition) ကို ၂၀၁၆ နှစ်သစ်ကူးချိန် ဇန်နဝါရီ ၁ကနေ ၃ ရက်နေ့ အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ သူတို့ဟာ ၂၀၀၈ ကနေပြီး ၂၀၁၁ အထိ မန္တလေးပန်းချီပန်းပုကျောင်းမှာ တက်ရောက်ခဲ့တဲ့ အတန်းဖော် သူငယ်ချင်းတွေပါ။
၁၉၈၇ ခုနှစ်ဖွား၊ မန္တလေးဇာတိသားဖြစ်တဲ့ ပန်းချီဇာနည်က ဒီဇိုင်းအားကောင်းတဲ့ သူပါ။ သူ့ပန်းချီကားတွေမှာ လှပတဲ့ အရောင်တွေကို စနစ်တကျ နေရာချထား ရေးဆွဲဖန်တီးတာ တွေ့ရပါတယ်။
၁၉၈၈ ခုနှစ်ဖွား၊ မတ္တရာဇာတိသား ပန်းချီကျော်သူဝင်းရဲ့ ပန်းချီကားတွေကတော့ Tone အား ကောင်းကောင်းနဲ့ Subject ကို Distort လုပ် ရေးဆွဲ ဖန်တီးတာက အမြင်တမျိုးနဲ့ ချစ်စရာကောင်း နေပါတယ်။
အသက်အငယ်ဆုံး ပန်းချီအောင် ကိုတော့ ၁၉၉၃ ခုနှစ်မှာ မွေးဖွားပြီး အောင်လံဇာတိသား လို့ သိရပါတယ်။ မြန်မာ့ ရိုးရာ လိုင်းပန်းချီနဲ့ အတွေးစိတ်ကူးတွေ ရေးဆွဲတင်ပြတဲ့ ပန်းချီဆရာ အလွန်နည်းပါးနေချိန်မှာ ပန်းချီအောင်ရဲ့ ရိုးရာဟန် လိုင်းပန်းချီ ဖန်တီးတင်ပြမှုက ကျေနပ်အားရ ဖြစ်စေပါတယ်။
သူတို့ရဲ့ ပန်းချီပြပွဲမှာ တဦးချင်းစီရဲ့ ဖန်တီးမှုက ကျေနပ်အားရစရာကောင်းသလို သူတို့ရဲ့ အတွေးစိတ်ကူးဆန်းနဲ့ ရေဆေးမီဒီယံ ပိုင်နိုင်ကျွမ်းကျင်မှုကိုလည်း တွေ့ရပါတယ်။ နည်းနည်း ပြောစရာရှိနေတာက လူငယ်ပီပီ အတွေးစိတ်ကူး ဆန်းတွေနဲ့ ရေးဆွဲဖန်တီးတင်ပြပေမယ့် ပန်းချီကားတွေကို Title (အမည်) တပ်ရာမှာတော့ အားနည်းနေတယ်လို့ ခံစားမိပါတယ်။ Traditional, Landscape စသဖြင့် အမည်ပေးထားတာက ကြည့်သူနဲ့ ပန်းချီကားကြား ပေါင်းကူးပေးမယ့် Title က အားနည်းနေတာပါ။ ကမ္ဘာကျော်ပန်းချီကားတွေကို လေ့လာရင် ဖန်တီးမှု လက်ရာနဲ့ ဖန်တီးတဲ့ အကြောင်းအရာကြား Title ကတဆင့် ပေါင်းကူးသဖွယ် ဖြစ်စေတာလည်း တွေ့ရပါတယ်။
ပန်းချီပြပွဲကို လာရောက်ခဲ့တဲ့ စွယ်စုံ အနုပညာရှင် ဦးဝင်းဖေကလည်း လူငယ်ပန်းချီဆရာ သုံးဦးရဲ့ ပန်းချီပြပွဲကို“Classmate ပြပွဲမှာ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ခြင်းတွေ၊ စူးစမ်းမှုတွေ၊ စမ်းသပ်ရှာဖွေ အားထုတ်မှုတွေ၊ ရဲရင့်မှု၊ ယုံကြည်မှု၊ ကိုယ်ပိုင်ဖန်တီးမှု တန်ဖိုးတွေနဲ့ အလှတွေ အများကြီးတွေ့လိုက်ရလို့ အားရဝမ်းသာ ဖြစ်ရပါတယ်” လို့ မှတ်တမ်းမှာ ဂုဏ်ယူရေးသားထားပါတယ်။ ။