ပန်းချီဆရာ MPP ရဲမြင့်နဲ့ တွေ့ဆုံခင်မင်ခဲ့တာ ကြာပါပြီ။ မှတ်မှတ်မိမိ ဖြစ်နေတာက သူ့ရဲ့ တကိုယ်တော် ပန်းချီပြပွဲဖြစ်တဲ့ CANCER ပန်းချီပြပွဲမှာပါ။ သူ့ရဲ့ ကင်ဆာ ပန်းချီပြပွဲအပြီး စိတ်မှာ စွဲထင်နေတဲ့ အဲဒီပြပွဲအကြောင်း ရေးဖို့ အခွင့်သာသာချင်း ကျနော် ရေးသားဖြစ် ခဲ့ပါတယ်။ ပြောရရင် သူရဲ့ ခေတ်ပြိုင်အနုပညာ (Contemporary Art) ဖန်တီးတင်ပြမှုကြောင့် အမှတ်ရရ ရှိနေခဲ့တာလို့ ဆိုနိုင်ပါတယ်။
ခေတ်ပြိုင် အနုပညာမှာ ဖန်တီးတင်ပြမှုက ပန်းချီကား သို့မဟုတ် အနုပညာလက်ရာ တခုခုကို ကြည့်ပြီး ရသ တစုံတရာ ပေးစွမ်းသလို နွှယ်ဆက်အတွေး (Concept) ကိုလည်း ရရှိစေရပါတယ်။ သူ့ရဲ့ ပန်းချီကားတွေကို ကြည့်ပြီး ဖန်တီးမှု အရလည်း အားကောင်းပြည့်စုံသလို ထပ်ဆင့်ပြီးလည်း ခံစားစရာတွေ၊ တွေးတောစရာတွေ ပါဝင်နေပါတယ်။ အဲဒီလို ဖန်တီးမှုက ယနေ့ခေတ်ပြိုင် မြန်မာပန်းချီဆရာ အများစုရဲ့ လက်ရာတွေမှာ မတွေ့ရပါဘူး။ အလှအပနဲ့ ပသာဒ ဖြစ်မှုကိုသာ ဦးတည်ရေးဆွဲ ဖန်တီးတင်ပြကြတာ များပါတယ်။
တကယ်တော့ အနုပညာလက်ရာ တခုခု ဖန်တီး တင်ပြမယ် ဆိုရင် အနုပညာရှင်ဟာ အလှအပ (Beauty)၊ စိတ်ခံစားမှု (Emotion) နဲ့ နွှယ်ဆက် အတွေး (Concept) တွေထဲက တခုခုကို ဖန်တီးတင်ပြကြပါတယ်။ Contemporary Art ဖန်တီးတင်ပြမှုမှာ အရေးပါတဲ့ နွှယ်ဆက် အတွေး (Concept) ကို အခြေပြု ရေးဆွဲဖန်တီးတာကို သူ့လက်ရာ အများစုမှာ တွေ့ရတာကြောင့် ခေတ်ပြိုင်အနုပညာရှင်လို့ ကင်ပွန်းတပ်ရမှာပါ။
အခုလည်း သူ လေးစားအားကျခဲ့တဲ့ ၁၉ ရာစုက ထင်ရှားခဲ့တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး သူနေထိုင် ကျင်လည်ရာ ပုဂံဒေသဆီ အလည်ရောက်လာပါပြီ။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်လို့ အစဉ်အလာ ကြီးမားပြီး မြန်မာတို့ရဲ့ အသည်းနှလုံးပုဂံဒေသ အငွေ့အသက်နဲ့ အနုပညာ သက်သက်သာ ဖန်တီးသွားခဲ့သူ အနောက်တိုင်းသား ဗင်ဂိုးရဲ့ အနုပညာ ဝိညာဉ်ပေါင်းဆုံခြင်းလို့ ခံစားရပါတယ်။ တနည်းအားဖြင့် ရာစုကျော် အနုပညာဝိညာဉ်တို့ ပေါင်းဆုံ ပေါင်းစည်းရာ၊ အတွေးအမြင်သစ်တို့ ဆက်စပ် နှီးနွှယ် ပေါင်းဆင့်ရာ ပန်းချီ အနုပညာ တင်ဆက်မှုလို့ ဆိုနိုင်ပါတယ်။ ဒီပန်းချီပြပွဲကနေ အတွေးစိတ်ကူးနဲ့ ပေါင်းဆင့် ဖန်တီးတင်ပြမှုတွေ ရရှိ ခံစားရစေမှာပါ။
အထူးသဖြင့်တော့ ဗန်ဂိုးဟာ ၁၉ ရာစုက အထင်ရှားဆုံးဖြစ်တဲ့ အနုပညာရပ်ဝန်း ပါရီကို ရောက်ရှိခဲ့ပြီး အနုပညာ ဖန်တီးမှုတွေ ပြုလုပ်ခဲ့သလို တကယ်လို့သာ ဗန်ဂိုးရဲ့ ရေးဆွဲဟန်၊ ဗန်ဂိုးရဲ့ စူးစမ်းရှာဖွေ အနင့်နာခံ ဖန်တီးတင်ပြမှုနဲ့ ပုဂံကို ရောက်ရှိခဲ့မယ် ဆိုရင် မြန်မာ့ အငွေ့အသက်၊ မြန်မာ့နှလုံးသားကို ပန်းချီနဲ့ ဖွင့်ထုတ်ဖော်ပြရာမှာ ဘယ်လို ဖြစ်လာနိုင်ပါ သလဲ ဆိုတာ ပန်းချီကားတွေ ကြည့်ရင်း အတွေးပွားစေတဲ့ ဖန်တီးမှုတွေ ဖြစ်ပါတယ်။ ဗန်ဂိုးကို ၁၈၅၃ ခုနှစ်မှာ မွေးဖွား ပြီး သူ့ကိုတော့ ၁၉၅၃ ခုနှစ်မှာ မွေးဖွားတာကြောင့် သူတို့ဟာ နှစ်ပေါင်း တရာကွာခြားပါတယ်။ သို့ပေမယ့် အနုပညာ ဖန်တီးမှု ဝိဉာဉ်တွေ ပေါင်းဆုံ ပေါင်းစည်းမှုကိုတော့ ဒီပြပွဲမှာ တွေ့မြင်နိုင်ပါတယ်။
ပန်းချီဆရာ MPP ရဲမြင့်ရဲ့ ၉ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ “Van Gogh visits Bagan” ပြပွဲကို ၂၀၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ကနေ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ရှိ Think Gallery မှာ ပြုလုပ်ခဲ့ပြီး ပန်းချီကားပေါင်း ၂၇ ကား ပြသခဲ့ပါတယ်။