ပန်းချီ CNK ခေါ် ချမ်းငြိမ်းကျော်ရဲ့ တောင်ပေါ် ရှုခင်းပန်းချီကားတွေကို Expressionism မှာ ပါဝင်တဲ့ Color Composition Pattern ပန်းချီကားတွေလို့ ပြောရမှာပါ။ အထူးသဖြင့် သူ့ရဲ့ အိပ်မက်မြင်ရှုခင်း (Drem Scape) ပန်းချီ ကားတွေမှာတော့ အပြင်မှာ ရှိနေတဲ့ အရောင်တွေ မဟုတ်ဘဲ စိတ်ကူးနဲ့သာ တွေ့ရနိုင်တဲ့ အရောင်တွေကို သုံးပြီး အရောင်အားပြု ဖွဲ့စည်းထားတဲ့ ပန်းချီကားတွေ ဖြစ်လို့ ကြည့်ရှုသူကို လှပတဲ့ အရောင်တွေနဲ့ ဆွဲဆောင်နေပါတယ်။
“ကျနော့်ရဲ့ အစောပိုင်းလက်ရာတွေက သဘဝတရားကို အခြေခံပြီး Realism အခြေပြု ဖန်တီးခဲ့ပါတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြောင်းပြောင်းသွားပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ပြောင်းပြောင်း သဘာဝရဲ့အခြေခံဖြစ်တဲ့ Atmosphere ကို လက်လွှတ်တာမျိုး မရှိခဲ့ဘူး။ ဒီသဘာဝတရားကပဲ ကျနော်တို့ သိမြင် တွေ့မြင် ခံစားစရာတွေ ရစေတာပဲ မဟုတ်လား။ နောက်ပိုင်းမှာတော့ ကျနော်ခံစားမှုက သဘာဝအတိုင်း ရှိနေတဲ့ ပကတိ အရာတွေရဲ့ အလွန်က အလှအပကို ရှာဖွေခံစားမိလာရင်းနဲ့ အရောင်တွေ ပုံသဏ္ဌာန်တွေ ပြောင်းသွားတာလို့ ပြောနိုင်ပါတယ်။ ရေးဆွဲတဲ့ အရောင်တွေဆိုရင် စိတ်ထဲမှာ ခံစားမိတဲ့ အရောင်တွေပါ” လို့ အသားညိုညို ထောင်ထောင်မောင်းမောင်း အညာသား ပန်းချီဆရာ ချမ်းငြိမ်းကျော်က ပြောပါတယ်။
အနုပညာ သမားတဦး အတွက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု ရှိဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင် ဖန်တီးမှုနဲ့သာ အောင်မြင်သော အနုပညာလမ်းကြောင်းပေါ် ရေရှည် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ချမ်းငြိမ်းကျော် ကတော့ သူဟာ ကိုယ်ပိုင်ဟန် ဖြစ်အောင် ရအောင်ဆိုပြီး တမင်လုပ်ယူတာမျိုး မဟုတ်သလို ချက်ချင်း ထလုပ်လို့ ရတာမျိုးလည်း မဟုတ်တဲ့ အပြင် ဇွတ်အတင်း လုပ်ယူတာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော့် Slow and Steady ပြောင်းလဲတာကို ကြည့်ရင် ခံစားမှုနဲ့လည်း ဆက်စပ်သလို ဖန်တီးမှုနဲ့ နွယ်ယှက်နေပြီး အဲမှာ စိတ်ကျေနပ်မှုက ကိုယ်ပိုင်ဟန်ရဖို့ ပြဋ္ဌာန်းပေးတာလို့ ယူဆပါတယ်” တကယ်တော့ အနုပညာ လက်ရာတိုင်းမှာ ဖန်တီးသူ အနုပညာရှင်ရဲ့ နှလုံးသားခံစားမှုတို့ ထင်ဟပ်နေလေ့ရှိပါတယ်။ နှလုံးသား ခံစားချက် မပါတဲ့ အနုပညာလက်ရာဟာ သက်ဝင်အနုပညာလက်ရာ ဘယ်တော့မှ မဖြစ်၊ အနုပညာမြောက် ဖန်တီးမှု ဘယ်တော့မှ မဖြစ်ပါ။ အနုပညာမြောက် သက်ဝင်ပန်းချီကားဆိုတာ ကာလဒေသ (Time & Space) ရဲ့ ကန့်သတ်မှုတွေကို ကျော်လွန်ပြီး တည်ရှိနေနိုင်တဲ့ အနုပညာလက်ရာမျိုး ဖြစ်ပါတယ်။ ချမ်းငြိမ်းကျော်ရဲ့ လက်ရာတွေ မှာ သူ့စိတ်နှလုံးရဲ့ ဘယ်လိုခံစားမှုတွေ ရှိနေမလဲ။
“ကျနော် ပန်းချီရေးတိုင်း အမြဲသတိပြုလေ့ ရှိတာက ကိုယ့်စိတ်ခံစားမှုနဲ့ ရိုးသား ရိုးရှင်း ဖန်တီးဖို့ပါ။ ပန်းချီကား ရေးဆွဲဖို့ သဘာ၀ အတိုင်း ရှိနေတဲ့ ရှုခင်းတွေ၊ တောင်တွေ မြင်ကွင်းတွေကို ကြည့်ရှုခံစားတယ်။ အဲဒီမှာ ကိုယ့်စိတ်ကူး ကိုယ့်အတွေးနဲ့ ပေါင်းဆင့်ခံစားတယ်။ ပကတိ အရှိတရား သဘာဝရဲ့ အလွန်က အလှအပကို စိတ်အတွေးနဲ့ ခံစားပြီး ပြန်လည် ရေးဆွဲဖန်တီးတယ်၊ အဲဒီ ဖန်တီးမှုက ကျနော်ကိုယ်တိုင် စိတ်ကျေနပ်တဲ့ အထိ ရေးဆွဲတယ်။ တခြားသူတွေ ကြိုက်လာအောင် ဆိုတဲ့ ရည်ရွယ်ရေးဆွဲတာမျိုး မရှိဘူး။ ကျနော်ကိုယ်တိုင် ကြိုက်နှစ်သက်လို့ ချပြလိုက်ရင် ကြည့်သူ တိုင်းလည်း ကြိုက်ကြတာချည့်ပဲ။ ကျနော် မကြိုက်ဘဲ ချပြတဲ့ ပန်းချီကားကို ဘယ်သူကမှ ကြိုက်မှာ မဟုတ်ဘူး” လို့ ပန်းချီချမ်းငြိမ်းကျော်က ပြောပါတယ်။
၁၉၅၉ ခုနှစ်ဖွား၊ မုံရွာဇာတိသား ချမ်းငြိမ်းကျော်ဟာ ပန်းချီကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ပန်းချီ ဆရာ ဦးကိုကိုလေး (မန္တလေး)၊ ပန်းချီဆရာ ဦးခင်မောင် (ဘဏ်) တို့ထံမှ ပန်းချီသဘောတရား အခြေခံကို သင်ယူခဲ့ တယ်လို့ သိရပါတယ်။ ၁၉၈၃ ခုနှစ်မှာ စိုက်ပျိုးဦးစီးဌာနမှာ ဝန်းထမ်းအဖြစ် ၁၀ နှစ်ကြာလောက် လုပ်ကိုင်ခဲ့သလို ပန်းချီကိုလည်း အဆက်မပြတ် ရေးဆွဲနေခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်က စပြီး အုပ်စု ပန်းချီပြပွဲတွေမှာ ပါဝင် ပြသခဲ့တယ်၊ ပိုစတာပေါင်းများစွာ ဒီဇိုင်းပေါင်းများစွာ ဖန်တီးလုပ်ခဲ့ပါတယ်။ ၁၉၉၆ ကနေ ရန်ကုန်ကို ပြောင်းရွှေ့ မလာသေးခင် ၂၀၀၀ ပြည့်နှစ် အထိ မိတ်ဆွေပန်းချီဆရာ မောင်ဖိုးနဲ့ တွဲပြီး “Broken White” ဆိုတဲ့ အနုပညာ ပြခန်းလေးကို မုံရွာမှာ ဖွင့်လှစ်ခဲ့ပါတယ်။
“ကျနော် ၂၀၀၀ ပြည့်နှစ်၊ ရန်ကုန်ကို ရောက်ပြီးနောက် ပန်းချီနဲ့ ဆက်စပ်တဲ့ လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခဲ့သလို ပါဖောမင့်အနုပညာ အပါအဝင် New Media Art ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ခဲ့ပါတယ်။ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကိုလည်း အဲဒီနှစ်မှာ ပြုလုပ်နိုင်ခဲ့တယ်၊ ၂၀၁၁ မှာလည်း Decade in Yangon တကိုယ်တော် ပြပွဲကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ကြားထဲမှာလည်း တကိုယ်တော်ပြပွဲတွေ၊ အုပ်စုပြပွဲတွေ ပြုလုပ်နိုင်ခဲ့တယ်။ ပြည်တွင်းမှာရော ပြည်ပ နိုင်ငံတွေမှာရောပေါ့” လို့ ပန်းချီ ချမ်းငြိမ်းကျော်က ပြောပြတယ်။
ပန်းချီချမ်းငြိမ်းကျော်ဟာ ပါဖောမင့်အနုပညာ (Event) တွေလည်း လေ့လာပြုလုပ်ခဲ့ပါသေးတယ်။ New Zero Art Space ရဲ့ Cultural Exchange အစီအစဉ်မှာလည်း ပါဝင်ခဲ့ပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ ပန်းချီရေးဆွဲ ဖန်တီးမှုကိုသာ အာရုံစိုက်လုပ်ကိုင်လာသလို နိုင်ငံတကာ ပြပွဲတွေမှာလည်း ပိုမိုထင်ရှား အောင်မြင်လာပါတယ်။
“ဟုတ်ကဲ့။ ကျနော် ပါဖောမင့်အတ် Event တချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါကလည်း အနုပညာ ဖန်တီးမှုမှာ မီဒီယံတခုကို စမ်းသပ်ကြည့် လေ့လာကြည့်တဲ့ သဘောပါ။ အနုပညာမြောက် မမြောက်တော့ မပြောတတ်ပေမယ့် အဲဒီက ရတဲ့ အတွေ့အကြုံက အနုပညာ ဖန်တီးနေချိန်မှာ ကိုယ့်စိတ်ခံစားမှုကို ပိုမိုအာရုံထားဖို့ သိလာစေတာပဲ။ နောက်ပိုင်းမှာ ပါဖောမင့် မလုပ်ဖြစ်တော့ဘူး။ ကျနော်က အရောင်တွေကို ချစ်တဲ့သူ၊ အရောင်တွေနဲ့ ဖန်တီးနေရတာကို ပျော်မွေ့သူပါ။ ကိုယ်ပျော်ရာကို ဖန်တီးနေရတာက တကယ့်ကို ကျေနပ်စရာပါ” လို့ သူက ပြောပြတယ်။
လက်ရှိ ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူက “ခေါင်းစဉ်တပ် အမည်အောက်မှာပဲ ရှိနေသေးတယ်၊ အပေါ်ယံ အကာလောက်ပဲ ပြောင်းလဲနေတယ်လို့ ပြောနိုင်တယ်၊ အနှစ်သာရက မယ်မယ်ရရ မရှိသေးဘူး။ ပြောင်းလဲခြင်းကို လိုလားနေရုံနဲ့ မဖြစ်ဘူး၊ ပြောင်းလဲခြင်းနဲ့ လိုက်ပါနိုင်ဖို့လည်း လိုမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အပါအဝင် ကဏ္ဍစုံမှာပေါ့” လို့ ပြောပါတယ်။
CNK လို့ ခေါ်တဲ့ ပန်းချီချမ်းငြိမ်းကျော်ဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ သတိပဌာန်လမ်း၊ အမှတ် (၂၇)၊ ၆ လွှာ (ဘီ) မှာ မိသားစုနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သူ့ရဲ့ ဖုန်းနံပတ် ၀၉ ၅၁၄ ၆၉၀၇ ကို ဆက်သွယ်နိုင်ကြောင်း သိရပါ တယ်။ ။