ရခိုင်အမျိုးသမီးအသင်း( ရန်ကုန်) နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် မြောက်ဦးခေတ် ရခိုင်ရာဇဝင် ဖြစ်ရပ်မှန် ဇာတ်လမ်း ဖြစ်တဲ့ ပတ္တမြားဒေဝီ စောမဲကျီ ရာဇဝင် စင်တင်ပြဇာတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ တင်ဆင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီပြဇာတ်မှာ သရုပ်ဆောင်နေတိုး၊ ရန်အောင်၊ ရတနာမိုင်၊ ဦးအောင်လွင် နဲ့ တခြား အနုပညာရှင်များစွာက သရုပ်ဆောင် ဖျော်ဖြေကြမှာ ဖြစ်ပြီး ပြဇာတ်ဒါရိုက်တာအဖြစ် ဦးမိုးမင်းက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနော်မာသုခုမ အင်အားစုကလည်း အားဖြည့်ပါဝင်မယ်လို့ သိရပါတယ်။
ပြဇာတ်နဲ့ ပတ်သက်လို့ ဒါရိုက်တာ ဦးမိုးမင်းက “ဒီပြဇာတ်ကို ကဖြစ်တာက ရခိုင်လူမျိုးတွေဟာ ဟိုးအရင်ကတည်းက ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ စံနန်းခဲ့ပြီး တိုင်းကျိုးပြည်ကျိုး ဘာသာရေး သာသနာရေးတွေကို လုပ်တဲ့ ရခိုင်ပြည်အကြောင်းနဲ့၊ ရခိုင်ယဉ်ကျေးမှုကို အတတ်နိုင်ဆုံးဖော်ကျူးနိုင်မယ်။ နောက်တခါ ရခိုင်အမျိုးသမီးထုရဲ့ စွမ်းဆောင်မှုကိုလည်း မြင်တွေ့ရနိုင်တယ်။ ဟိုးအရင်က ရခိုင်လူမျိုးတွေရဲ့ အတွေးအမြင်ရှိခဲ့တဲ့ Architect (ဗိသုကာလက်ရာ) တွေကိုလည်း ဖော်ပြပေးနိုင်တယ်။ နောက်ပြီး မိဖုရား စောမဲကျီရဲ့ သစ္စာတရားကိုလည်း ပြသနိုင်မယ်။ အားလုံးခြုံလိုက်ရင် ရခိုင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ပြသနိုင်သလို ရခိုင်လူမျိုးတွေရဲ့ ဘာသာတရား ကိုင်းရှိုင်းမှု အထွတ်အမြတ်ထားရှိမှုကို အားလုံးမြင်တွေ့အောင် ပြသနိုင်မယ့်အတွက်ကြောင့် ဒီပြဇာတ်ကို ရွေးချယ်ကပြမှာ ဖြစ်ပါတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရခိုင်ပြည်ကို တချိန်က ဘုန်းကံကြီးမားတဲ့ ရခိုင်မင်းတွေ နန်းစိုက်ခဲ့ပြီ ယဉ်ကျေးမှု အစဉ်အလာ ကြီးမားခဲ့တဲ့ ရခိုင်လူမျိုးတို့ရဲ့ ရာဇာဝင် ဖြစ်ပြီး ရွာသူလေးတဦးကနေ တော်ကောက်ခံရတဲ့ မိဖုရားကြီး ဖြစ်လာတဲ့၊ တရာဓမ္မကို ငယ်စဉ်ထဲက ပျော်မွေ့တဲ့ မိန်းမပျို စောမဲကျီရဲ့ အကြောင်းဖြစ်ပြီး မြောက်ဦးဘုရင်ကြီးအဖြစ် ရန်အောင်၊ ပတ္တမြားဒေဝီအဖြစ် ရတနာမိုင်၊ ပန်းရံဆရာ မောင်ရွှေသီးအဖြစ် နေတိုးတို့က ပါဝင်ကြမှာ ဖြစ်ပါတယ်။
ပြဇာတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီအချိန်မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေမှာ ဖြစ်ပြီး လက်မှတ်ရောင်းဈေးများကို ၁၀၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ် သတ်မှတ်ထားပြီး မန်းသိရီတေးသံသွင်းနဲ့ တော်ဝင်စင်တာတို့မှာ စတင်ရောင်းချပေးနေကြောင်း သိရပါတယ်။