နာမည်ကျော် အိုင်းရစ် ရော့ခ်အဆိုတော် Bono သည် ၎င်း၏ နှစ်သစ်အားလပ်ရက်များအတွင်း မြန်မာနိုင်ငံ ရှေးဟောင်း သမိုင်းဝင်မြို့တော် ပုဂံ အပါအဝင် အခြားနေရာမျာသို့ လာရောက်လည်ပတ်ခဲ့ရကြောင်းကို သူ၏ ဂီတအဖွဲ့ ဖြစ်သော U2 ဖေ့ ဘုတ်စာမျက်နှာ၌ “Hot & Cold Air” ဟူသည့် ခေါင်းစဉ်နှင့်တကွ ပုဂံမြို့တွင် လူစီးမီးပုံးပျံများ ပျံတက်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့ပါသည်။
Bono ၏ ပရိသတ်များကလည်း အဆိုပါ ပုဂံဓာတ်ပုံအောက်တွင် “I love U2”, “Good morning,” “My favourate place in Burma, Bagan”, “Beautiful picture Bono!! Enjoy!, “Hot and cold, as your beautiful voice စသည်ဖြင့် မှတ် ချက်ပြုခဲ့ကြသည်။ အချို့ကလည်း ထိုဓာတ်ပုံကို မျှဝေခဲ့သည့်အတွက် ကျေးဇူးတင်ကြသည်။
ပုဂံမြို့ရှိ သီရိပစ္စယာဟိုတယ်၏ Bagan Thiripyitsaya Sanctuary Resort ဖေ့ဘုတ်စာမျက်ပေါ်တွင် Bono က နှစ်သစ် အားလပ်ရက်တွင် ပုဂံရှိ ၎င်းတို့ဟိုတယ်တွင် တည်းခိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုပြင် ဟိုတယ်ဝန်ထမ်းများနှင့် အတူ တွဲရိုက်ထားသည့် ဓာတ်ပုံကိုလည်း တင်ခဲ့သည်။ Bono သည် ဇန်နဝါရီ ၆ရက်နေ့အထိ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်။
“U2 ဂီတအဖွဲ့မှ နာမည်ကျော်အဆိုတော် Bono က သူ့ရဲ့နှစ်သစ်အားလပ်ရက်တွေမှာ မြန်မာနိုင်ငံ၊ ပုဂံမြို့မှာရှိတဲ့ ကျနော် တို့ သီရိပစ္စယာဟိုတယ်မှာ နေထိုင်ခဲ့ပါတယ်။ ဒါကတော့ ကျနော်တို့ ဝန်ထမ်းတွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံပါ” ဟု ရေး သား၍ ပုံနှင့်တကွ သီရိပစ္စယာဟိုတယ်၏ ဖေ့ဘုတ်စာမျက်ပေါ်တွင် တင်ခဲ့သည်။
ဖေ့ဘုတ် အသုံးပြုသူ Susanne Kempel အမည်ဖြင့် အကောင့်ပိုင်ရှင်တဦးကလည်း Bono နှင့်အတူ မြန်မာလူရွှင်တော် ဇာဂနာတို့၏ ဓာတ်ပုံကိုလည်း တင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွင် Bono သည် ၎င်း၏ ဂရမ်မီဆုရသီချင်းဖြစ်သော “Walk On” တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသော ဒေါ် အောင်ဆန်းစုကြည်အား ဂုဏ်ပြုသီဆိုခဲ့ပါသည်။
ITV Newsနှင့် တွေဆုံသည့် အင်တာဗျူးတခုတွင် ၂၀၁၂ခုနှစ် ဇွန်လတွင် အိုင်ယာလန်၌ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့မှ ပေးအပ်သော သံတမန်ရေးရာဆုကို လက်ခံရန်အတွက် အိုင်ယာလန်နိုင်ငံ ဒဗ ္ဗလင်မြို့သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ရာတွင် အလွန် စိတ်လှုပ်ရှားခဲ့ရကြောင်း Bono က ပြောသည်။
“ဒီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က လေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတယောက်ပါ၊ သူမ ဒီကို လာလည်ဖို့ ကျနော်တို့ အချိန်အကြာကြီး မျှော်လင့်ခဲ့ရပါတယ်” ဟု Bono ကပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့တဲ့အချိန်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့သလို သူမကိုလည်း အားကျ ခဲ့ရပါတယ်။ အိုင်ယာလန်နိုင်ငံသားတွေရဲ့ကြိုဆိုမှုတွေနဲ့ ဆုသွားယူတဲ့ ခရီးအပြင် မြန်မာနိုင်ငံသားတွေရဲ့ လူထုခေါင်းဆောင် တ ယောက်အနေနဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုတွေအားလုံးကို ဒေါ်အောင်ဆန်း စုကြည် အောင်မြင်ပါစေလို့ ကျနော်ဆန္ဒပြု ပါတယ်” ဟု Bono ကပြောသည်။
အိုင်ယာလန်နိုင်ငံ ဒဗ ္ဗလင်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သော အိုင်းရစ်အဆိုတော် သီချင်းရေးဆရာ Bono သည် ဒဗ္ဗလင်အခြေစိုက် U2 ရော့ခ်ဂီတအဖွဲ့၏ နာမည်ကြီးအဆိုတော်တယောက်ဖြစ်သည်။ အမည်ရင်းမှာ Paul David Hewson ဖြစ်ပြီး အရင်းရှင်သူဌေး ၊ စီးပွားရေးသမား၊ ပရဟိတအလှူရှင်တယောက်လည်းဖြစ်သည်။