Culture

အလင်းနဲ့ အမှောင်၊ အရောင်နဲ့ အရိပ်တွေကြားက ပန်းချီလှဘုန်းအောင်

This article has been converted from Zawgyi One to Unicode

အလင်းနဲ့ အမှောင်၊ အရောင်နဲ့ အရိပ်တွေကြားက အလှပကို ပုံဖော်ပြတဲ့ ပန်းချီလှဘုန်းအောင်ရဲ့ တတိယအကြိမ်မြောက် တကိုယ်တော် ရေးဆေး ပန်းချီပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပန်တျာလမ်းရှိ Trish Gallery မှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ က ၁၀ ရက်နေ့အထိ ကျင်းပနေပါတယ်။

၁၉၆၆ ခုနှစ်ဖွား၊ ဆင်ဖြူကျွန်း ဇာတိ ဖြစ်တဲ့ ပန်းချီလှဘုန်းအောင်ဟာ ၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ်အထိ မြန်မာ့ ပန်းချီ လောကမှာ ထင်ရှားတဲ့ Golden Valley Art (GV art) ပြပွဲတွေမှာ ပါဝင်ခဲ့သလို နိုင်ငံတကာ ပြပွဲတွေမှာလည်း ၁၉၉၅ ခုနှစ် ကတည်းက ပါဝင်ပြသခဲ့သူပါ။
ပန်းချီပညာကို ဦးလွန်ကြွယ်၊ ဦးကျော်လေး၊ ဦးမြအေး၊ ဦးသစ်လွင်စိုးနဲ့ ဦးဆေးရိုးတို့ထံမှာ သင်ယူလေ့လာခဲ့တဲ့ ပန်းချီ လှဘုန်းအောင်ဟာ ရန်ကုန်ပန်းချီပန်းပုကျောင်းကလည်း  ၁၉၉၁ ခုနှစ်မှာ ပန်းချီအထူးပြု ဒီပလိုမာ ရရှိခဲ့ပြီး ၁၉၉၃ ကနေ ၁၉၉၄ ခုနှစ် အထိ ပန်းချီနည်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။

ပြပွဲမှာ ပြသထားတဲ့ သူ့ရဲ့ လက်ရာတွေကို လေ့လာကြည့်ရင် Landscape ပန်းချီကား၊ Still Life ပန်းချီကားနဲ့ Figurative ပန်းချီကားတွေပါ။ ပန်းချီကား အများစုဟာ တွေ့နေကျ မြင်နေကျ မြင်ကွင်းတွေကို ပြန်လည် ပုံဖော်တင်ပြထားတာ ဖြစ်ပေမယ့် တချို့ ရှုခင်းပန်းချီကားတွေမှာတော့ သူ့ရဲ့ စိတ်ကူးနဲ့ အမြင်ကို ပေါင်းစည်းပေါင်းစပ် ရေးဆွဲတင်ပြထားတာ တွေ့ရပါတယ်။

အနေအထိုင် ရိုးရှင်းအေးဆေးတဲ့ ပန်းချီလှဘုန်းအောင်ရဲ့ ရေဆေး ပန်းချီကားတွေမှာ Accidental Effect ခေါ်တဲ့ မထင်မှတ်ဘဲ ရလာတဲ့ ဖြစ်ပေါ်လာတဲ့ ရလဒ်ကိုလည်း အသေအချာ အသုံးပြုပြီး သူ့ရဲ့ဖန်တီးမှုမှာ ပေါင်းယူတင်ပြနိုင် တာလည်း တွေ့ရပါတယ်။ အနုပညာ ဖန်တီးမှုမှာ သူ့သဘောသူဆောင် ဖြစ်နေတဲ့ Effect (သက်ရောက်ဖြစ်တည်မှု) ကို ကိုယ့် ဖန်တီးမှု ဖြစ်အောင် ပေါင်းစည်းနိုင်ဖို့ သဘောနဲ့ သဘာဝကို နက်နက်ရှိုင်းရှိုင်း သိမြင်မှာသာ တွဲစပ်ယူနိုင်မှာပါ။

အစဉ်အလာကောင်း တခုဖန်တီးတည်ဆောက်ဖို့ ၂၀၁၀ ကတည်းက ကြိုးပမ်းလုပ်ဆောင်နေတဲ့ Trish Gallery ရဲ့ ပြပွဲစီစဉ်သူ ဦးတင်ဝင်းက ပြပွဲ စီစဉ်ဖြစ်တဲ့ အကြောင်း အခုလို ပြောပြပါတယ်။

“ကိုလှဘုန်းအောင်ကို သိနေတာ ကြာပါပြီ။ သူက အရမ်းအေးတယ်။ သူ့လက်ရာတွေကို ကြိုက်တယ်။ အထူးသဖြင့်တော့ အညာဘုရားပွဲ ပန်းချီကား၊ ပုဂံနဲ့ ရေဆိပ် ပန်းချီကားတွေပေါ့။ နိုင်ငံတကာမှာလည်း ကိုယ့်ဒေသ ကိုယ့်ဇာတိကို ပုံဖော် တင်ပြတာတွေလည်း တွေ့ရ မြင်ရပါတယ်။ အဲဒီမှာ သူတို့ရဲ့ တင်ပြမှုကြောင့် သူတို့ကို ပိုမို သိမြင်နေစေသလို ကျနော်တို့ ကလည်း ကျနော်တို့ရဲ့ ဖန်တီးတင်ပြမှုက တခြားသူတွေကိုလည်း သိမြင်စေချင်တာလည်း ပါတာပေါ့။ ဒါနဲ့ ကိုလှဘုန်းအောင်ကို ဖိတ်ခေါ်ပြီး ပြပွဲ စီစဉ်ဖြစ်ခဲ့တာပါ”။

Loading