ပန်းချီ မြတ်ကျော့ရဲ့ ဖန်တီးမှုတွေက အသွင်သဏ္ဌာန် ဘယ်လိုပဲ ပြောင်းပြောင်း မြတ်ကျော့ဟာ မြတ်ကျော့ဖြစ်ကြောင်း သူ့လက်ရာတွေမှာ အထင်အရှား တွေ့ရပါတယ်။ ပန်းချီ မြတ်ကျော့ဟာ သူ့ဖန်တီးမှုအပေါ် ကျေနပ်အားရ တင်းတိမ်နေတဲ့ အနုပညာရှင်တဦး မဟုတ်၊ ဆက်လက်ရှာဖွေ တင်ပြဖို့ အမြဲကြိုးစားနေတဲ့ အနုပညာရှင်တဦးပါ။ သူ့ရဲ့ အစောပိုင်း လက်ရာတွေက Realism အခြေပြု ရေးဆွဲတာတွေ ဖြစ်နေပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင် ဖန်တီးမှု ရရှိလာတာပါ။
“ဟုတ်တယ်၊ အစောပိုင်းမှာတော့ ပန်းချီဆရာ ပေါ်ဦးသက် အပါအဝင် ကိုယ်လေးစား အားကျတဲ့ ပန်းချီဆရာတွေ ရေးဆွဲတဲ့အတိုင်း ရေးဆွဲခဲ့ဖူးတယ်။ နောက်တော့ ကျနော် ရန်ကုန်ကို ပြောင်းလာပြီး ပြပွဲတွေလုပ်တဲ့ အခါကျတော့ ကိုယ်ပိုင်ဟန်က အရေးကြီးပါလား ဆိုတာ သိမြင်လာတယ်။ ဒါပေမယ့် ကိုယ်ပိုင်ဟန် ဆိုတာ ချက်ချင်း ထဖြစ်လာတာတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ ကိုယ်တင်ပြချင်တာကို ရောက်ရှိမှု အပေါ် ကျေနပ်စိတ်နဲ့လည်း ဆိုင်တယ်” လို့ မန္တလေးဇာတိသား ပန်းချီ မြတ်ကျော့က ရှင်းပြတယ်။
သူ ပြောင်းလဲ ရေးဆွဲလာတာကို လေ့လာကြည့်တော့ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ကနေ ၂၆ ရက်နေ့အထိ၊ ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ် (ယခု ရှန်ဂရီလာ ဟိုတယ်) မှာ ပြုလုပ်တဲ့ ၅ ကြိမ်မြောက် တကိုယ်တော် Trees ပြပွဲမှာ ဆိုရင် သေးငယ်တဲ့ လူပုံလေးတွေ (figure) သာ မပါရင် Abstract Expression ပန်းချီကားတွေလို့ ပြောနိုင်ပါတယ်။ သို့ပေမယ့် လူပုံလေးတွေကြောင့်လည်း ကြီးမားခန့်ထည်တဲ့ စိတ်လိုလက်ရ ဖန်တီးမှုက အားကောင်း ပြည့်စုံသွားတာလည်း တွေ့ရပါတယ်။ အဲဒီကတည်းက သူဟာ စိတ်ကို ဖွင့်ထုတ်ပြတဲ့ Abstract Expression ပန်းချီကားတွေ ဆက်လက်ရေးဆွဲလာမယ်လို့ ခန့်မှန်း သုံးသပ်မိပေမယ့် အဲဒီပန်းချီကားမျိုး နောက်ထပ် အနည်းငယ်သာ ဖန်တီးခဲ့ပါတယ်။
“ဟုတ်တယ်၊ အဲဒီ Trees ပန်းချီကားတွေက ပြည်တွင်းမှာရော နိုင်ငံခြားမှာရော အားပေးမှု ရရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အိုင်ဒီယာ အသစ်တခု တွေးမိ၊ ရမိပြီ ဆိုရင် ချက်ချင်း ထလုပ်တတ်တဲ့ အကျင့် ရှိတယ်။ ငွေကြေး ဖြစ်ဖြစ်၊ အောင်မြင်မှုပဲ ဖြစ်ဖြစ် တခုခုကို မစွဲလမ်းဘူး။ ဘာကိုမှ ဖက်တွယ် မထားဘူး။ ဒါနဲ့ ပြောင်းလဲ ဖန်တီးမှုတွေ လုပ်ဖြစ်တာပါ” လို့ အသက် ၅၀ အရွယ် ကိုယ်ခန္ဓာ ခပ်ဖိုင့်ဖိုင့်ရှိသူ ပန်းချီ မြတ်ကျော့က ပြောပြတယ်။
ပန်းချီကား ရောင်းရပြီ၊ အောင်မြင်ပြီဆိုရင် ပန်းချီဆရာ အတော်များများဟာ အဲဒီ ဖန်တီးမှု အပေါ်မှာပဲ တွယ်ဖက်ပြီး ဆက်သွားနေ တတ်ကြပါတယ်။ ဒါပေမယ့် ပန်းချီ မြတ်ကျော့ကတော့ အသစ်ရှာဖွေတင်ပြဖို့ပဲ စဉ်းစားနေသူပါ။
၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ကနေ ၂၇ ရက်နေ့အထိ သမ္မတဟိုတယ် ပြခန်းမှာ ပြုလုပ်တဲ့ ၈ ကြိမ်မြောက် ပန်းချီပြပွဲ People of Grace (မင်္ဂလာကျက်သရေ ရှိတဲ့လူ) မှာ ဆိုရင်လည်း အရင်က ရေးဆွဲဖန်တီးတင်ပြမှု မဟုတ်ဘဲ ခြားနားတဲ့ တင်ပြမှုနဲ့ Concept အခြေပြု ဖန်တီးလာပါတယ်။
လူပုံတွေရဲ့ နောက်မှာ ရောင်ခြည်စက်ဝန်း (halo) တွေနဲ့ ပေါင်းစပ်ဖန်တီး တင်ပြမှုနဲ့ ပတ်သက်ပြီး “halo နဲ့ ပန်းချီ ကားတွေ ဆက်စပ် တင်ပြတာက ဒီလိုပါ။ ဆင်းရဲသူပဲ ဖြစ်ဖြစ်၊ ချမ်းသာသူပဲ ဖြစ်ဖြစ်၊ ပညာမတတ်သူပဲ ဖြစ်ဖြစ်၊ ပညာတတ်တဲ့သူပဲ ဖြစ်ဖြစ် စိတ်ကောင်းစေတနာကောင်း ရှိတဲ့သူတွေ၊ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူတွေဟာ အရှိန်အဝါ တခုခု ရှိနေကြတယ်။ ကျနော်က အဲဒါကို ထင်ဟပ်ပြတာပဲ” လို့ ပန်းချီမြတ်ကျော့က ပြောပြတယ်။
ပန်းချီ မြတ်ကျော့ရဲ့ ၁၂ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲမှာလည်း သူ့ရဲ့ ပြောင်းလဲ ဖန်တီးမှု တမျိုးကို တွေ့ရပါတယ်။ ကင်းဗတ်ပေါ်မှာ ပန်းချီဆေးတွေကို အရောင်အစစ်အတိုင်း တိုက်ရိုက် ညှစ်ချဖန်တီးတဲ့ လက်ရာပန်းချီကားတွေပါ။ အဲဒီ စီးရီးနဲ့ ပတ်သက်ပြီး အနုပညာ ဖန်တီးမှုသစ် တမျိုးနဲ့ အတူ သူ ငယ်စဉ်ကတည်းက အမြစ်တွယ်နေတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု တန်ဖိုးတွေ ဖော်ထုတ်တင်ပြထားပြီး အာရုံခံစားမှု ရသဗေဒကိုလည်း မိုးကုတ်စက်ဝိုင်း အထိ ချဲ့ထွင်ပြီး အသိဉာဏ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေမယ်လို့ ယုံကြည်တဲ့အကြောင်း ဖော်ပြထားပါတယ်။
သူဟာ Performance Art Event တချို့လည်း ပြုလုပ်ခဲ့ပါတယ်။ ပန်းချီကား ရေးဆွဲသလို မဟုတ်ဘဲ လူကိုယ်တိုင် အနုပညာစိတ်နဲ့ အနုပညာ ဖြစ်တည်မှုကို တိုက်ရိုက်တင်ပြရတဲ့ ပါဖောမန့်အတ်အပေါ် ပန်းချီမြတ်ကျော့ ဘယ်လို သဘောထားပါသလဲ။
“တကယ်တော့ Art လို့ ခေါ်တဲ့ အနုပညာဆိုတာ တခုတည်းပါ။ တခုနဲ့ တခု ဆက်စပ်နေတာပဲ။ ငြိမ်သက်နေတဲ့ အရာတွေက လှုပ်ရှားနေတဲ့ အရာတွေနဲ့ ဆက်စပ်နေသလို၊ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း၊ ပူလောင်ခြင်းနဲ့ ငြိမ်းအေးခြင်း စတဲ့ အရာတွေက တခုတည်း ရှိနေတာ မဟုတ်ဘူး။ အထူးသဖြင့် အနုပညာ ဖန်တီးရာမှာ ဒီသဘောကို ပိုပြီး တွေ့မြင်လာရတယ်။ ဒါကို ပြန်လည် တင်ပြတဲ့ အခါ ကိုယ့်စိတ်ခံစားရမှုနဲ့ စိတ်ကျေနပ်မှုက အတူတူပါ။ ပြောရရင် ကျနော်က လေ့လာစူးစမ်း ရှာဖွေ ဖော်ထုတ် တင်ပြချင်တာ ဆိုတော့။ ပါဖောမန့်အတ်ကို စိတ်မဝင်စားဘဲ မနေနိုင်ပါဘူး။ အရွေ့သဘောဆောင်တဲ့ (Performance Moving Concept) ကို စိတ်ဝင်စားမိပြီး ကိုယ်တိုင် Event တွေ လုပ်ကြည့်တာပဲ။ ဒါပေမယ့် ကျနော်က ပြောင်မြောက်တဲ့ Performance Artist တော့ မဟုတ်ဘူး”
၂၀၁၃ ခုနှစ်မှာတော့ Making New Myanmar ဆိုပြီး ဖန်တီးတင်ပြတဲ့ ပန်းချီကားတွေမှာတော့ လူပုံတွေကို အသွင်တမျိုးနဲ့ တင်ပြလာပါတယ်။ သူက ခေတ်ပြိုင်အနုပညာနဲ့ ပတ်သက်ပြီး “ခေတ်ပြိုင် အနုပညာ ညွှန်းဆိုတာက သိမြင်ဖို့၊ လွတ်လပ်ဖို့နဲ့ ကျေနပ်ခံစားဖို့ပါ။ ခေတ်ပြိုင် အနုပညာရှင်က အကန့်အသတ် ဘောင်တွေက လွန်မြောက်ဖို့ လွတ်လပ်တဲ့ အနုပညာဖန်တီးမှုနဲ့ ချဲ့ထွင်ပါတယ်” လို့ ဖော်ပြထား ပါတယ်။
ပန်းချီ မြတ်ကျော့ရဲ့ ၁၅ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၄ ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့ ၃၁ လမ်း အောက်ဘလောက်မှာ ရှိတဲ့ Cloud 31 ပြခန်းမှာ ပြုလုပ် ခဲ့ပါတယ်။ Love in Adversity (အန္တရာယ်ကြားက ချစ်ခြင်းမေတ္တာ) လို့ အမည်ပေးထားတဲ့ မြတ်ကျော့ရဲ့ ပန်းချီကားတွေမှာ ထင်ဟပ်နေတာက အဲဒီအချိန်က မြန်မာတနိုင်ငံလုံး ရေကြီးရေလျှံဖြစ်နေခဲ့တဲ့ အကြောင်းအရာကို စိုးရိမ် ထိတ်လန့် ကြောက်ရွံ့မှုထက် ချစ်ခြင်းမေတ္တာနဲ့ ကျော်လွန်ကျော်လွှားနိုင်တာကို ပြသနေပါတယ်။ အန္တရာယ်တွေ ကြားမှာ ဘယ်လိုပဲ ဖြစ်နေပါစေ၊ တဦးအပေါ်တဦး စာနာစိတ်နဲ့ ဖေးမသွားမယ်ဆိုရင် အရာအားလုံးကို ကျော်လွန်နိုင် တဲ့ အကြောင်း ထင်ဟပ်နေသလို နိုင်ငံရေးရာ ဆက်စပ်ပြီးတော့လည်း လိုလား မျှော်လင့်မှုတွေ ထင်ဟပ်တင်ပြထား ပါတယ်။