Culture

မြို့မငြိမ်း၊ မြို့မနှင့် “တူးပို့”

This article has been converted from Zawgyi One to Unicode

“သင်္ကြန်အခါတော်…….” ဟူသော အသံနှင့်အတူ အရှေ့ဦးထိပ် တံခါးဆီမှ အမြောက်သံသုံးချက်ကို စတင်ကြားလိုက် ရ၏။ ဝမ်းမြောက် ပျော်ရွှင်ခြင်း၏ အသံလှိုင်းတစ်ခုက ရွှေမြို့တော်၏ ကောင်းကင်ယံဆီ လှိုက်ခါသွားသည်။

“ဒုန်း………”

“ ဒုန်း”

“ဒုန်း”

ဦးထိပ်တံခါးမှ အမြောက်သံက “သောင်းညွတ်” တံခါးဆီ ပြောင်းသွား၏။ ထို့နောက် တောင်ဘက်မျက်နှာ အင်္ဂါထောင့်က “ကျွန်းလုံးယူ”၊ ပြီးတော့ “ကျော်မိုး” ခေါ် “မင်္ဂလာ” တံခါး…..။ ဤသို့ဖြင့် တံခါး ၁၂ ရပ်တိုင်း၌ အမြောက်သံ သုံးချက်စီဖြင့် အမြောက်သံ သုံးဆယ့်ခြောက်ချက်တိတိ ကြားပြီးနောက် သင်္ကြန်တော် ကျချေပြီ။

ထိုအခါမှစ၍ “အစဉ်ထုံးစံ” ရှိသည့်အတိုင်း ရေကစားကြရသည်။ နံနက်နှင့် ညနေအချိန်မှသာ ရေကြည် ရေအေး အမွှေး အထုံရည်တို့ဖြင့် ဖျန်းပက်ကြသည်။ ဤသို့သာ ဖျန်းပက်ကြရန်ကိုလည်း သင်္ကြန် မကျမီကတည်းက မြို့တွင်း၊ မြို့ပြင် ရပ်စုကွက်စုများ၌ မောင်းကြေးနင်းခတ်ကာ အသိပေးပြီးဖြစ်၏။

ရွှေနန်းတော်ကြီး အတွင်း၌လည်း စောင်းညှင်းပတ်သာသံများ ညှင်းညှင်းတွဲ့တွဲ့ ကြားကြရ၏။ ရွှေမြို့တော်ကြီး အတွင်း အပြင် တံခါးဆယ့်နှစ်ရပ်နှင့် အပြိုင်ဖောက်သွယ်ထားသော လမ်းမတွေပေါ်မှာ လုလင်ပျိုများက ငွေဖလားတွင် ထည့်ထားသော ရေသန့်ရေစင်များအား သပြေခက်ဖြင့် နှစ်ပြီး တူရူမှလာသော လုံမပျိုလေးများကို ယဉ်ကျေးစွာ ခွင့်တောင်းပြီး ပက်ဖျန်းကြသည်။ အတွင်းတော်မှ တီးခတ်လိုက်သော စောင်းသံနွဲ့နွဲ့က တံခါးနီကို ကျော်ဖြတ်ပြီးမှ မင်းလမ်းမကြီးများ အတိုင်း လေးဘက်လေးတန် ပျံ့လွင့်လာ၏။ အဆောင်ဆောင် အခန်းခန်းကလည်း ထိုစောင်းသံနှင့် ထပ်တူမျှ လိုက်ပါ တီးခတ်ကြလေသော အခါ သာယာသောအသံလှိုင်းက ရွှေမြို့တော်ကြီးအား ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားလေ သယောင်…….။

“စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ…..

မင်းများထိပ်ခေါင်တင်..

စံရာတောင် ကျွန်းလုံးသူ့ ဥသျှောင် ကျင်ငယ်လေ…..

မင်းများထိပ်ခေါင်တင်….”

အမရပူရနန်းစံ ရွှေဘိုမင်း လက်ထက်ကတည်းက မြဝတီမင်းကြီးဦးစ ရေးသားခဲ့သော “စံရာတောင်ကျွန်း” အစချီ ဘုန်းတော်ဘွဲ့ ကြိုးသီချင်းအား သံပြိုင်တီးခတ်နေသည့် စောင်းသံတွင် အတာသင်္ကြန်ပွဲတော်ကို ရွှေမြို့တော်သူ မြို့တော်သားတို့ ဆင်နွှဲနေကြသည်မှာ ယဉ်ကျေး ပါဘိတောင်း…။

အလွန်မွန်မြတ်၍ ကျက်သရေ ရှိလှစွာသော နှစ်သစ်နှစ်ကူး အခါတော်တွင် မင်္ဂလာရှိသော စကား၊ မင်္ဂလာရှိသော အပြုအမူ၊ မင်္ဂလာရှိသော အသံတို့ကိုသာ ပြုမူလေ့ရှိသည့်အတိုင်း မြို့တော်သူမြို့တော်သားတို့က သရီရဓာတ်တော် မွေတော် မြတ်ကိန်းဝပ်တော်မူသည့် ရုပ်ပွားတော်၊ ပုခန်းစည်သူရှင်ဘုရား၊ ရှင်မတောင်မြတ်ပေါင်း မဉ္စူဘုရား၊ ဒက္ခိဏသာခါဘုရား၊ သီဟတောဘုရား၊ ရှင်ဖြူဘုရား၊ နဂါးရုံဘုရား၊ ဆုတောင်းပြည့် ဘုရားရှင်တို့အား ရေမြေ့အရှင် မင်းတရားကြီး ကိုယ်တော်တိုင် မွန်မြတ်သော ရေမွှေးရည်တို့ဖြင့် သပ္ပာယ်ပူဇော်ကာ ဆွမ်းတော်ကြီး အဖွယ်အရာ စုံလင်ခင်းကျင်း ကပ်လှူတော်မူသည်။

ရွှေမြို့တော်သူ မြို့တော်သားတို့ကလည်း မြို့တော်၏ပြ လမ်းတလျှောက် ဝေကိုင်းဝါညွတ်နေအောင် ပွင့်ဖူးကြသည့် ပိတောက်ခိုင်၊ ပိတောက်ခက်တို့ကို ခူးဆွတ်ယူငင် ကြ၏။ ထို့နောက် အိုးစည်ပန်းကုံး၌ ထိုးစိုက်ပတ်ခွေပြီး ဗေထုံဗေထုံ အယိုင်တီး၍ ကခုန်ကြသည်။ ငွေဖလားတွင် သပြေခက်စိုက်၍ ပျော်ပျော်ရွှင်ရွှင် ရေကစားကြပြီး အလားတူ ဘုရားစေတီများသို့ တစုတဝေးတည်း သွားရောက်ကာ ရေကန်တော့ပူဇော်ကြလေသည်။

အရှင်နှစ်ပါး၏ နံတော်သင့် မဟာမုနိဘုရား၊ လောကမာရဇိန်ဘုရားရှင်တို့၌လည်း ဆွမ်းတော်ကြီး အဖွယ်အရာအစုံ၊ ပကတိရေ၊ အမွှေးအထုံရေစသော ရေမျိုးစုံများကို အစီအစဉ် အခမ်းအနားနှင့် တကွ မှူးတော်မတ်တော်တို့ အသီးသီး ကြီးကြပ်စေ၍ သင်္ကြန်အခါရက်များ အတွင်း နေ့စဉ်သွားရောက် ပူဇော်လှူဒါန်းကြသည်။ မင်းညီမင်းသား၊ မှူးတော် မတ်တော် အရာရှိ၊ လက်သုံးတော်၊ လက်ဖက်ရည်၊ ကွမ်းရေ၊ ထီးထား လက်စွဲအဆောင်မြဲတို့နှင့် အနောက် အတွင်းတော်ရှိ မင်းသမီး၊ မြို့စား၊ ရွာစား၊ အပျိုတော်၊ ကတော်မယားပါ ဦးရေတစ်ထောင်ကျော် တို့ကိုလည်း လွန်းများလက်ချိတ်၊ လွန်းများစပ်၊ ဗလာပိုးဖဲ၊ ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်းအုပ်၊ ပိတ်အုပ်၊ ပုဝါအုပ်များကို ရာထူးဌာနန္တရ အလျှောက် အသီးသီး သနားတော်မူခဲ့သည်။

ရွှေနန်းတော်ကြီး အတွင်း၌သာမက မြို့တွင်းမြို့ပြင် ပြလမ်းများ၌ သင်္ကြန်ထမင်း အချိုအဆိမ့်များကို အရှင်နန်းမတော် ဘုရားဝန်၊ စာရေးကြီးတို့က ကြပ်မတ်ကျွေးမွေးပြန်ရာ ကျိတ်ကျိတ်တိုး စည်ကားပျော်ပါး ရွှင်မြူးသာယာလှသည်ဟု ဆိုကြ၏။

“သောင်းမြေပြင်ငယ်လေ….ထီးဆူဆူကိုလေ…..စိုးလို့မိုးတော်မူ

သောင်းမြေပြင်ငယ်လေ…..ထီးဆူဆူကိုလေ…..စိုးလို့မိုးတော်မူ

ဘုန်းပန်းငယ်ကြိုင်မွှေး၊ မြတ်လေးငယ် အတူ….

ကြူပင်ကြူချည့်လေ…….”

“စံရာတောင်ကျွန်း” စောင်းသံညှင်းက စည်းချက်ကျကျ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ကြိုးကြားကြိုးကြား ပေါ်လာသော အိုးစည်သံနှင့် အတူ ရွှေမြို့တော်အနှံ့ အတာသင်္ကြန်ပွဲကား မင်္ဂလာရှိစွာ ဆင်နွှဲလျှက်ရှိကုန်၏။ မင်းဘုရင်နှင့် မိဖုရားတို့မှာ မြောက်ဥယျာဉ်တော်၊ အရှေ့မြောက်ထောင့်၊ အနောက်မြောက်ထောင့် တို့၌ သင်္ကြန်တန်ဆောင်း ပွဲခံကန္နားကဖျင်းများ ဆောက်၍ သင်္ကြန်မတိုင်မီ ကတည်းက မင်းညီမင်းသား၊ မှူးတော်မတ်တော်တို့ ဗောင်းနားဋောင်း ဝတ်လုံ စလွယ်ဆင်ယင်ပြီး ဝင်ထွက်ခစားစေ၏။ ထို့နောက် သင်္ကြန်အခါတော်နီးသည်နှင့် ကုန်းတပ်ရေတပ် ခင်းကျင်းကာ မင်္ဂလာမြောင်းတော်က ရေကြောင်းထွက်တော်မူခဲ့သေးသည်။

ယခု သင်္ကြန်အခါတော် အတွင်း၌ ရွှေနန်းတော်သို့ တက်တော်မူပြီး အငြိမ့်တော်များ၊ အတွင်းဆိုင်း၊ မွန်ဆိုင်း၊ ယိုးဒယား ဇာတ်ကြီး အဆိုအကများကို အခါသုံးရက် အတွက် နေ့ညဉ့်မပြတ် ကခုန်သီကြူး တီးမှုတ်သံများ၊ ရတနာပုံ နေပြည်တော်တဝှမ်း ပျံ့ထုံလွှမ်းခဲ့သည်။ မြို့စား၊ ရွာစား၊ အပျိုတော်တို့နှင့် လက်သုံးတော် လက်ဖက်ရည်တော်တို့ အမိန့်တော်မြတ်နှင့်တဦးကို တဦးပျော်ပါးစွာ ရေစင်သွန်းလောင်း ကစားကြသည်။ ရွှေမြို့တော်တွင်းရှိ နန်းတော်၊ အဆောင်၊ အိမ်ရာများ မကျန် အိမ်တိုင်းစေ့တွင် မြေအိုး၌ သပြေညွန့်၊ တမာညွန့်၊ သီးညွန့်၊ အုန်းလက်နှင့် မြေစာမြက်တို့ စုစည်းထိုးဆိုက်ထားသည့် အတာအိုးများကား နုသစ်လန်းဆတ်လျှက်…..။

အရှင်နှစ်ပါး ပါတော်မူပြီး ထီးကျိုးစည်ပေါက် ဖြစ်ကာ တိုင်းတပါးဘာသာခြား လက်အောက် ကျွန်သဘောက် ဘ၀ ရောက်ခဲ့ရ သော်လည်း ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုကို အပျက်အစီး အထိအပါး မခံဘဲ မန္တေလေး၌ ကျန်ကောင်းကျန်ရာ ကျန်သင့်သော ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်ဟောင်းကြီးများနှင့် ဂုဏ်သရေရှိသော မြို့မိမြို့ဖများက တာဝန်တရပ်ကဲ့သို့ စွမ်းစွမ်းတမံ ဆောင်ရွက်ကြရင်း ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကြီးအား ဆင်နွှဲခဲ့ကြခြင်း ဖြစ်၏။

ရှေးယခင်ကလို လေးပြင်လေးရပ်၌ ဓာတ်တံခါး၊ မိတ်တံခါးများမှ သင်္ကြန်အမြောက် ၃ ချက်စီကို တံခါး ၁၂ ရပ် အပြည့် ပစ်ဖောက်ခြင်းမျိုး မတတ်နိုင်ငြား….၊ အရှင်နှစ်ပါးမှ အစပြု၍ မဟာသင်္ကြန်ပွဲကို ရှေးထုံးရှေးနည်းများ အတိုင်း စောင်းသံ၊ အငြိမ့်သံ၊ ဆိုင်းသံခြိမ့်ခြိမ့်ဖြင့် မကျင်းပနိုင်ငြား….၊ ပြောင်းလဲလာသော ခေတ်အခြေအနေ အရ တွင်ကျယ်စွာ သုံးစွဲလာသော လော်ရီကုန်ကားကြီးများအား ပန်းချီမဏ္ဍပ် ရုပ်လုံးရုပ်ကြွ အပြင်အဆင်များဖြင့် ခြယ်သ ကြသည်။ စောင်းညှင်း ပတ်သာများ အစား ခေတ်ပေါ် လေမှုတ်တူရိယာများဖြင့် ခေတ်မီခံ့ညားထည်ဝါစွာ သင်္ကြန် ပွဲတော်ကို ဆင်နွှဲပျော်ခဲ့ကြကုန်၏။

ကျော်မိုးတံခါး (ဝါ) မင်္ဂလာတံခါးရှေ့ ကျုံးကူး တံတားကြီးထိပ်မှ ကန်တော့ပွဲညွန့်ထိုးထားသည့် မဟာအတာ သင်္ကြန် ပွဲတော် ရှေ့ပြေးကားက အဆင်သင့် နေရာယူထားသည်။ သူ့နောက်မှာ ရိုးရာအတာသင်္ကြန် အလှပြကားတွေက အစီအရီ….။ မင်္ဂလာတံတားပေါ်….။ မင်္ဂလာတံခါးအောက်…..။ ထို့နောက် နန်းတွင်း အင်္ဂါထောင့် ကွင်းပြင်ကြီးထဲ အထိ….။ မန္တေလေးတွင် ထွန်ကားခဲ့သော စပ်ပန်းချီမဏ္ဍပ် ရုပ်လုံးအတတ်၊ ဆေးရေးပန်းချီ အတတ်များဖြင့် အစွမ်းကုန် ခြယ်သ ထားသည့် အလှပြယာဉ်များသည် နဂါးရုပ်၊ ခြင်္သေရုပ်၊ နယားရုပ်၊ ဟင်္သာရုပ်၊ ဇာမဏီရုပ်၊ ပဉ္စရူပရုပ်၊ ဥဒေါင်းရုပ်၊ ငန်းရုပ်၊ ကြက်ရုပ်၊ နန်းမြင့်ပုံ၊ နန်းဆောင်ပုံများဖြင့် ရွှေပြားငွေပြား ပန်းချီထည်များ စပ်ဟပ် ခြယ်သကာ အလှကြီးလှလျှက် ရှိနေသည်။

မြို့မိမြို့ဖများ ဦးဆောင်သည့် မဟာသင်္ကြန် ပွဲတော်ကျင်းပရေး ကော်မီတီ၏ အချက်ပေးသံနှင့် အတူ ခေတ်ပေါ် တူရိယာများဖြင့် စတင်တီးမှုတ်လိုက်သောအသံက ကြက်သီးမွေးညှင်းထမျှ ထွက်ပေါ်လာ၏။

ကိုယ့်အရှင် ကိုယ့်သခင် ရှိစဉ်ကာလ သင်္ကြန်တော်ကျသည်နှင့် မြဝတီမင်းကြီးဦးစ ရေးသားခဲ့သည့် “စံရာတောင် ကျွန်းလုံးဥသျှောင် ကျင်ငယ်လေ” အစချီ “ဘုန်းတော်ဘွဲ့” ကြိုးသီချင်းသံကို စောင်းသံနွဲ့ညှင်းဖြင့် သာယာ နာပျော်ဖွယ် ကြားခဲ့ရသည်။

အခု…. မဟာအတာ သင်္ကြန်ပွဲတော် အကြိုနေ့ညနေ ဆည်းဆာတွင် “စံရာတောင်ကျွန်း” ကြိုးသီချင်း အလိုက်တွင် စာသားများ ရေးစပ် ထည့်သွင်းထားသည့် “အေးတဲ့ရေ” ဟူသော သီချင်း……။

မန္တေလေး ဆိုင်းတန်းရပ်က မြို့မဗုဒ္ဓဝေယျာဝစ္စတူရိယာအသင်း၏ ငွေငန်းရုပ်လုံး အလှဆင်ထားသော မြို့မငွေငန်း အလှပြယာဉ်မှ မြို့မငြိမ်းနှင့် ကိုရင်လေးတို့ရေးစပ်ကာ အသင်းသားများ မြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ် လိုက်ကြသည်။

ပလုတ်တုတ် ဗုံတောင်သံနှင့် အတူ အနောက်တိုင်း လေမှုတ်တူရိယာများဖြင့် မဟာဂီတတေးသွားကို တီးမှုတ်သော သီချင်းက တငြိမ့်ငြိမ့် ထွက်ပေါ်လာသည်။ ကန်တော့ပွဲညွန့် တင်ဆောင်မည့် ရှေ့ပြေးကားနှင့် နောက်မှ ငွေငန်း အလှပြယာဉ် ဦးဆောင်သော အလှပြ ယာဉ်တန်းကြီးက သီချင်းတေးသွားသံနှင့် အတူ မဟာမုနိဘုရားကြီးထံ သင်္ကြန်ကြို ကန်တော့ပန်းဆင်ရန် စီတန်း လှည့်လည်ကြသည်။

ပိတောက်တွေ ပွင့်နေသည့် လမ်းတလျှောက်တွင် မြို့လူထုက လမ်းလုံးပြည့် မျှမက အိမ်ရှေ့၊ အိမ်ပေါ်ဝရံတာ၊ ပြတင်းပေါက်များမှာထိ တိုးဝှေ့ထွက်ပြူ ကြည့်ရှုသြဘာ ပေးကြသံများလည်း ညံမစဲ…..။

“သင်းပျံ့နေ…..ရွှေမန်းပိတောက်တွေ

တွဲရရွဲနဲ့ကလေ….

ဆင်မြဲမြန်းကာလှတဲ့မေ……

ငွေငန်းမောင့်ကို လောင်းတဲ့ရေ…….

ဘေးဘယာဝေးကွာ ကင်းစင်ပမယ်……

သည်ရေပွဲ……သင်္ကြန်ရေ…..” တဲ့လေ။

သီချင်းသံက လမ်းလုံးညွှတ်မျှ အပြည့်အလျှံ……။ ထိုသို့သော နရီစည်းဝါးနှင့် မဟာဆန်သည့် သင်္ကြန်တေးသွား အပြီး မြူးကြွသော စည်းချက် ဒိုးဆစ်ကွက်များနှင့် အတူ သွက်လက်သော သီချင်းတပုဒ်ကို မြို့မငွေငန်း အလှပြ ယာဉ်ကြီး က မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်လိုက်သည်။ အလှပြယာဉ်ပေါ်ပါသည့် အသင်းသားများသာမက နောက်မှ လိုက်ပါလာ သည့် အခြား အလှပြယာဉ်များနှင့် အတူ ကြည့်ရှုအားပေးကြသည့် ပရိသတ်များကပါ စည်းချက်အလိုက် လက်ခုပ်တီးကာ ကြည်နူးပျော်ရွှင် သွားကြသည်။

“သင်္ကြန်နှစ်ဦး တူးပို့…..၊ တူးပို့

တူးသံ မြူးသာယာ..

သင်္ကြန်မယ်များ တူးပို့…၊ တူးပို့

တူးမာရဲ့ နော်ဗျာ…၊

ငွေငန်းသံစုံ တူးပို့၊ တူးပို့

အာရုံ ဖျော်ဖြေတာ….

မယ်တို့ကိုလည်း တူးပို့ တူးပို့ မာပါစေခင်ဗျာ”

ဤသီချင်းက အလင်္ကာကျော်စွာ မြို့မငြိမ်း၏ နာမည်ကျော် “တူးပို့၊ တူးပို့” အမည်ရှိ သင်္ကြန်သီချင်း ဖြစ်သည်။ ထိုသို့ သင်္ကြန် အခင်းအကျင်း အပြောင်းအလဲတွင် သီဆိုကြမည့် သီချင်းများက ရှေးရှေး ဘုရင့်ခေတ်ကကဲ့သို့ နရီစည်းလေးကြီးနှင့် မဖြစ်တော့။ မြူးကြွသွက်လက် ပျော်ရွှင်ဖွယ်သီချင်းများ ဖြစ်ရတော့မည်။ လူတိုင်း၏ ရင်ခုန်သံကို ကိုယ်စားပြုသည့် စည်းချက်ဖြစ်ရတော့မည်။ ဘာတူရိယာမှ မပါဘဲ၊ လော်ရီကားကြီးပေါ် စုပြုံတက်ပြီး သင်္ကြန်ပျော်ကြစဉ် ကတည်းက၊ ကားဘော်ဒီကို ရေခွက်၊ ဖလား၊ ရေပုံးများနှင့် ခေါက်ကြသည့် စည်းချက်ကိုက ‘ဒုန်း၊ဒုန်း၊ဒုန်း….’၊ တချက်နား….။ ဤ စည်းချက်ပင် ဖြစ်သည်။

(ဒုန်း)၊ (ဒုန်း)၊ (ဒုန်း)၊ (…….)

(ဒုန်း)၊ (ဒုန်း)၊ (ဒုန်း)၊(……..)

ထိုစည်းချက်နှင့် လိုက်ဖက်သော ဒိုးဆစ်ကို ထည့်သွင်းလိုက်သောအခါ

‘ဗေးပို့၊ တူးပို့၊ တူးပို့၊ တူး’

‘ဗေးပို့၊ တူးပို့၊ တူးပို့၊ တူး’ ဟူ၍ ဖြစ်လာတော့သည်။

မြူးကြွသွက်လက်သော စည်းချက်နှင့်အတူ၊ မြူးကြွသွက်လက်သော ဒိုးဆစ်သည် သင်္ကြန်၏ အမှတ်လက္ခဏာ၊ သင်္ကြန်၏ ‘အသံ’ အဖြစ် အားရကျေနပ်စွာ လက်ခံလိုက်ကြသည်။ ထိုစည်းချက်နှင့် လိုက်ညီသော ဒိုးဆစ်ကို စတင် တီထွင်တီးခတ်သူက ‘မြို့မတူရိယာအသင်း’ ဖြစ်သည်။ မြို့မငြိမ်း ဦးဆောင်သည့် ဝိုင်းတော်သားများ ဖြစ်သည်။

ဤသို့ဖြင့် ထီးသုံးနန်းသုံး ပဒေသရာဇ်သင်္ကြန်၏ ကိန်းကြီးခန်းကြီး နရီစည်းဝါးကြီးမှ၊ အယုတ်အလတ် အမြတ်မရွေး၊ အများပြည်သူ အပေါင်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်သော ‘လူထု’ သင်္ကြန်(ဝါ) ရိုးရာယဉ်ကျေးမှု သင်္ကြန်အဖြစ် အဆိုပါ ဒိုးချက် ‘တူးပို့၊ တူးပို့’ က ပေါင်းကူးညီညွတ်သွားစေ ခဲ့သည်။

ဤသို့ဖြင့် လူထုသဘောဆောင်သော သင်္ကြန်များ၏ အရှိန်အဟုန်က အားကောင်းလာသော စစ်ကြိုခေတ် ကာလများ တွင် မန္တလေးသင်္ကြန်တွင် မပါမဖြစ် ပါဝင်ဆင်နွှဲလျက်ရှိသည့် မြို့မတူရိယာအသင်းက ငွေငန်းအလှပြယာဉ်ဖြင့် မြူးကြွသော သင်္ကြန်သီချင်းများ ကိုလည်း နှစ်စဉ် အသစ်အသစ် ရေးစပ်သီဆိုတီးမှုတ်ခဲ့ရာ လူထုသင်္ကြန်သည် ဂီတသင်္ကြန်၊ အကသင်္ကြန်၊ အလှသင်္ကြန်များ အဖြစ် ယဉ်ကျေးမှု မှတ်ကျောက် တင်နိုင်ခဲ့ကြ၏။

ထိုအချိန်ကာလတွင် သင်္ကြန်၏ အမှတ်လက္ခဏာ ‘ဒိုးဆစ်’ ဖြစ်သည့် ‘တူးပို့၊တူးပို့’ ကို ပိုမိုလေးနက်၊ ပိုမို အထင်အရှား ဖြစ်စေသော တေးသီချင်းတပုဒ်ကို ဆရာမြို့မငြိမ်းက ရေးစပ်လိုက်ခြင်း ဖြစ်သည်။ ထိုအခါ နား၌သာ အကြားအဖြစ် ထင်ဟပ်ခဲ့သည့် ဒိုးဆစ်သံက စကားလုံးတေးသွား အဖြစ် လူတိုင်းနှုတ်ဖျား၌ သီဆို၊ စွဲမြဲ၊ နှစ်သက်၊ ကျယ်ပြန့်၊ ချိုမြိန်သွားတော့သည်။

“သင်္ကြန်နှစ်ဦး တူးပို့…၊ တူးပို့၊

တူးသံ မြူးသာယာ…၊

သင်္ကြန်မယ်များ တူးပို့…၊ တူးပို့

တူးမရဲ့ နော်ဗျာ…၊

ငွေငန်းသံစုံ၊ တူးပို့…၊ တူးပို့

အာရုံဖျော်ဖြေတာ…

မယ်တို့ကိုလည်း၊ တူးပို့ တူးပို့ မာပါစေခင်ဗျာ….”

“ပိတောက်တွေ ဝင်းလျှံရွှေရည်လူး တူးပို့တူးလဲ့ဝါ

ညှင်းလေဖြူးဖြူး ဆော်ကာမြူး တူးပို့တူးညင်သာ

သင်္ကြန်ရေ အေးတာ အေးတာ..

သင်္ကြန်ရေ အေးတာ အေးတာ..

ရွှဲရွှဲလောင်းပါ တူးပို့တူးပို့

တူးသံမြူးသည် ချစ်ကြည်သင်္ကြန်ခါ..။”

ဤကား အတိတ်ကံ၊ ပါရမီ၊ ဉာဏ်ရည်၊ စေတနာ၊ ပညာ၊ ဝီရိယနှင့် လုံ့လတို့ဖြင့် ဂီတကို ဘဝအဖြစ် ခံယူခဲ့ပြီး မြန်မာ့ဂီတကို ကမ္ဘာ့ အဆင့်မီရေးကို အသက်စတေး၍ ကြိုးပမ်းခဲ့သော အနုပညာရှင်တဦး၏ ရှားပါးတိုက်ဆိုင် ကွန့်မြူး၊ ပွင့်ထွက်မှုမှ ရရှိလာသော အမွေအနှစ် ဖြစ်ပါ၏။

မြို့မငြိမ်း ဘယ်သူလဲ

၁၂၇၀ ပြည့်နှစ် တပို့တွဲလဆန်း ၅ ရက်၊ တနင်္လာနေ့ (၂၅.၁. ၁၉၀၉) တွင် အဖရွှေပန်းထိမ် ဆရာကြီး ဦးညီ၊ အမိ ယွန်းထည်ကုန်သည် ဒေါ်ချစ်ဦးတို့က မန္တလေးမြို့ ၂၈လမ်း (လမ်း ၈၀ နှင့် ၈၁ လမ်းကြား) နေအိမ်တွင် မွေးဖွားခဲ့ သည်။ အမည်ရင်း မောင်ကျော်ညိန်း ဖြစ်ပြီး မန္တေလေးဗဟို အမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဆယ်နှစ် သားအရွယ် ကတည်းက “ဇမ္ဗူကျွန်းလုံး” သီချင်းကို စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးထံမှ နေ့ချင်းပြီး တက်ယူနိုင်ခဲ့ သဖြင့် စောင်းဆရာကြီး ကိုယ်တိုင် အံ့အားတသင့် ချီးမွမ်း ခံခဲ့ရသည်။ ရွာစားကြီး စိန်ဗေဒါနှင့် အိမ်နီးနားချင်း ဖြစ်ခဲ့ပြီး ရွာစားကြီး တီးသမျှကို နားဖြင့် မှတ်သားကာ ဘင်ဂျို၊ မယ်ဒလင်၊ ဗျက်စောင်းတို့ဖြင့် လိုက်ပါ တီးခတ်ခဲ့သည်။

မောင်ကျော်ညိန်း၏ ပါရမီကို သိရှိရသဖြင့် အဘိုးဖြစ်သူက မျက်နှာချင်းဆိုင် ရှေ့တော်ပြေးဝင်းတွင် နေထိုင်သူ ဂီတလည်း ကျွမ်းကျင်သူ ပန်းချီဆရာကြီး ဦးဘသက်ထံ အပ်နှံပြီး၊ ဂီတပညာကို စနစ်တကျ သင်ယူစေခဲ့သည်။ ဦးဘသက်ထံ ဂီတပညာ သင်ယူရင်း အနောက်တိုင်း ဂီတဆရာများ ဖြစ်ကြသော စန္ဒရား မစ္စတာရီဂိုး၊ မစ္စတာဘော်ဘီ၊ တယော ဆရာမာတင်၊ မစ္စတာ ဂျီဒေါက်ကလပ်တို့ထံ နိုင်ငံတကာ ဂီတသင်္ကေတ ပညာများ စနစ်တကျ သင်ယူခဲ့ သည်။ မစ္စတာရီဂိုး၏ “ ရီဂိုးဗင်” တီးဝိုင်းတွင်လည်း အနောက်တိုင်း တူရိယာများ ပါဝင်တီးမှုတ်ခဲ့၏။

၁၉၂၅ ခုနှစ်တွင် ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဘအုန်း၊ ကိုဘငွေ၊ ကိုလှဒင်၊ ကိုမြသိန်းတို့နှင့် အတူ ဗုဒ္ဓဝေယျာဝစ္စ မြို့မအပျော်တမ်း တူရိယာအသင်းကို တည်ထောင်ခဲ့သည်။ လိုအပ်သော တူရိယာပစ္စည်းများနှင့် ငွေကြေးအချို့ ကိုလည်း ဆိုင်းတန်းရပ် အပေါင်ဆိုင်ပိုင်ရှင် ဦးတော်လုံက စိုက်ထုတ်ပေးခဲ့သည်။ ၁၉၂၈ ခုနှစ်မှစ၍ မြို့မ အသင်းသား များကို ဓားတန်းကိုသန့်နှင့် ပေါင်း၍ အနောက်တိုင်း ဂီတသင်္ကေတ ပညာများ သင်ကြားပေးခဲ့သည်။

မောင်ကျော်ညိန်း(ဝါ)မြို့မငြိမ်း ပါဝင် စုစည်းခဲ့ကြသည့် မြို့မတူရိယာအသင်းကလည်း –

(က) မြန်မာသီချင်းကြီးများ ဆည်းပူးပျံ့ပွားရေး၊

(ခ) ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြားတတ်မြောက်ရေး၊

(ဂ) Music အမှတ်အသားပညာဖြင့် ရေးသားထားသော တူရိယာပညာကို ဆည်းပူးလေ့လာရန်၊

(ဃ) ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး၊

(င) ရှေးမြန်မာ သီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော Music Note ပညာဖြင့် ကူးပြောင်း လေ့လာရန်၊

(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေးကူညီရန်၊ဟူသော ရည်ရွယ်ချက်များ ချမှတ်ခဲ့သည့်အတွက် မြန်မာသီချင်းကြီးများအား ခေတ်မီအနောက်တိုင်း တူရိယာပစ္စည်းများဖြင့် ဂီတသင်္ကေတ ပညာ အသုံးပြုကာ တီးမှုတ်ရေးမှာ ဧရာမကနဦး စွန့်စားမှုကြီးတစ်ခု ဖြစ်ခဲ့ပါသည်။

၁၉၃၀ – ၃၁ ခုနှစ်များတွင် မဟာဂီတ သီချင်းကြီးများကို အနောက်တိုင်းတူရိယာ၊ အနောက်တိုင်း ဂီတသင်္ကေတ များဖြင့် ဝိုင်းဖွဲ့ တီးမှုတ်မှုကို ဦးတည်နိုင်ရေး အတွက် မြို့မတူရိယာအသင်းကို ဦးဆောင်ပြီး “တောမြိုင်ခြေလမ်း” ယိုးဒယား သီချင်းကြီးကို အနောက်တိုင်း တူရိယာ၊ အနောက်တိုင်း သင်္ကေတများဖြင့် ဝိုင်းဖွဲ့ကာ စတင်တီးမှုတ်ခဲ့သည်။

ထိုနှစ်မှာပင် မိတ်္ထီလာမြို့သူ မန္တေလေးနော်မန် ကျောင်းဆရာမလေး မသန်းမေနှင့် အိမ်ထောင်ပြုသည်။ မြို့မတူရိယာ အသင်း အတွက် “ကဆုန်ညောင်ရေ” နှင့် “တဝါတွင်း” ဟူသည့် သီချင်းနှစ်ပုဒ် ရေးစပ်ပေးခဲ့ပြီး နောက်နှစ် ၁၉၂၉ အသင်း၏ ပထမဆုံး ဝါဆိုပန်းကပ်ပွဲတွင် “ မြို့မဝါဆို” သီချင်းရေးစပ်ခဲ့သည်။

၁၉၃၅ ခုနှစ်တွင် ခွေးတံဆိပ်ကုမ္ပဏီနှင့် ချစ်တာပဓာန၊ ခင့် အိပ်မက်၊ ရှုမ၀ (လူပျိုသိုး) သီချင်းများ ဓာတ်ပြားသွင်းခဲ့ သည်။ “ မန္တေလေး မြို့မ မောင်ညိန်းရေးစီသော…” ဟု ဓာတ်ပြားများတွင် ပါရှိခဲ့သည်။ ဆက်လက်၍ “ မန်ဒါလီ”၊ “နှစ်ပိဿာခွဲ”၊ “ပျိုး”၊ “ကသစ်ပန်း” စသည့် သီချင်းများကို ဝိုင်းဖွဲ့တီးမှုတ်မှုပုံစံနှင့် ဓာတ်ပြားများသွင်းခဲ့သည်။

ပါရမီတော်၊ နတ်သျှင်နောင်၊ ပျို့မှာတမ်း၊ မေ့ပါနိုင်၊ သက်ဝေ၊ ရွှေမင်းဝံနှင့် နွဲ့မျိုးစုံ သီချင်းတို့ကိုလည်း စစ်မဖြစ်မီက ဓာတ်ပြား အဖြစ်ထုတ်ဝေခဲ့သည်။ ၁၉၃၉ ခုနှစ် လွတ်လပ်ရေး တောင်းဆိုမှုတိုက်ပွဲ ဒီရေမြင့်တက်ချိန်၌ မန္တေလေးတွင် အင်္ဂလိပ် အစိုးရက ဈေးချိုတော်၌ ပုဒ်မ ၂၃ (၇) ကို ထုတ်ပြန်သောအခါ ဈေးချို ၁၂ ရုံလုံး သပိတ်မှောက်ပြီး အိမ်တော်ရာ ဘုရားဝင်းအတွင်း ယာယီဈေး ဖွင့်လှစ်သည့် တိုက်ပွဲကို ဂုဏ်ပြုပြီး “ အိမ်တော်ရာ ဘုရားဈေး” သီချင်းကို ရေးစပ်ခဲ့သည်။

ဂျပန်ခေတ်ကာလတစ်လျှောက်လုံး အမရပူရ၊ မင်းကွန်းသဲဖြူချောင်း၊ မေမြို့၊ ကျောက်မဲနှင့် စစ်ကိုင်းတောင်ရိုးတို့တွင် စစ်ခိုလှုံခဲ့၏။ စစ်ကိုင်းတောင်ရိုးတွင် စစ်ခိုလှုံစဉ် “ရေချိုးဆိပ်” သီချင်းနှင့် “ ပြာပြာမှိုင်းမှိုင်း၊ မြူခိုးလွင်ဆိုင်းရီ…” အစချီ သီချင်းများ ရေးစပ်ခဲ့သည်။ မဟာမိတ်တပ်များ မန္တေလေးကို သိမ်းပိုက်ပြီးနောက် မိသားစုနှင့် မန္တေလေးပြန် အရောက် ဘကြီးဘုန်းကြီး၏ စကုတိုက်တွင် ခေတ္တနေ ထိုင်စဉ် “ထိုသုံးပါး” သီချင်းကို ရေးစပ်ခဲ့၏။

စစ်ကြီးအပြီး မန္တေလေး ပြန်အရောက် ၁၉၄၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် မြို့မိမြို့ဖများနှင့် ပူးပေါင်းကျင်းပသော လူငယ်များ ကာယဗလ လိုက်စားရေး လှုံ့ဆော်ပွဲတော် အတွက် အိုလံပစ်၊ ယဉ်တကိုယ်မယ်နှင့် ယိမ်းသီချင်းများ၊ ပြဇာတ် သီချင်းများ ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင်မူ အစဉ်အလာကြီးသည့် မန္တေလေးသင်္ကြန် အတွက် ငွေငန်း အလှပြယာဉ်နှင့် သီဆိုတီးမှုတ်ရန် “ရွှေမန်းတောင်ရိပ်ခို” သီချင်း၊ “အေးအေးချမ်းချမ်း” သီချင်းများ ရေးစပ်ခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော ပြည်တော်သာ ညီလာခံအတွက် “လူချွန်လူကောင်း” သီချင်းကို ရေးစပ်ခဲ့ပြီး ထိုစဉ်က ဝန်ကြီးတဦးဖြစ်သူ ဦးထွန်းဖေ၏ မေးမြန်းချက်အရ မြန်မာသီချင်းကြီးများအား International Note/Staff Note တို့နှင့် မှတ်တမ်းတင် တီးမှုတ်၍ ရ,မရ ဟူသော မေးခွန်းအပေါ် “စံရာတောင်ကျွန်း” ကြိုးသီချင်းကြီး အား မြို့မအသင်းသားများက တီးမှုတ်စေကာ သက်သေပြခဲ့သည်။ သို့သော် မြန်မာသီချင်းကြီးများကို ဂီတသင်္ကေတ အသုံးပြုပြီး ခေတ်မီတူရိယာပစ္စည်းများနှင့် တီးမှုတ်နေသည်မှာ မြို့မ စတင်ဖွဲ့စည်းခဲ့သည့် ၁၉၂၈ ခုနှစ်ကတည်းက ဖြစ်၏။

ထို့ကြောင့် ဝန်ကြီးက မြန်မာသီချင်းကြီးများကို ကမ္ဘာလုံးသင်္ကေတနှင့် ရေးသားပြုစု၍ ထိန်းသိမ်းလျှင် နောင် အရှည်သဖြင့် အကျိုးများဖွယ် ရှိကြောင်း၊ ထိုအခါကျမှ နားလည်သဘောပေါက်ကာ ကက်ဘိနက်တွင် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက် ရယူပြီးနောက် တနှစ် အကြာ (၁၉၅၃ ခု၊ ဧပြီလ) ၌ မဟာဂီတ အကြံပေးအဖွဲ့ ဖွဲ့ကာ မဟာဂီတ သီချင်းကြီးများကို သီဆိုတီးမှုတ်ခြင်းနှင့် မူမှန်စံပြ ထားရှိရေး၊ အမှတ်သင်္ကေတပြုရေး၊ အသံသွင်းထားရေးနှင့် ရုပ်ပေါ်သံထွက် ပြုလုပ်ရေးကိစ္စများ ဆောင်ရွက်ခဲ့ပါသည်။

၁၉၅၃ ခုနှစ်တွင် ပီကင်း၌ ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ အတွက် “ကမ္ဘာ့ငြိမ်းချမ်းရေး” သီချင်းတို့ ရေးစပ်ခဲ့သည်။ “ကမ္ဘာ့ငြိမ်းချမ်းရေး” သီချင်းကို ရေးစပ်ခဲ့သောကြောင့် ထိုစဉ်က အာဏာရအစိုးရ၏ ငြိုငြင်ခြင်းကို ခံခဲ့ရသည်။

၁၉၅၄ ခုနှစ်တွင် မန္တေလေးရုပ်ရှင် ကုမ္ပဏီလီမိတက်၌ ဂီတမှူးအဖြစ် တာဝန်ယူကာ Musical Picture ကားပိုင်းတိုများ နှင့် အတူ အငြိမ့်တိမ်ထိုး၊ ရွှေအိုးစည်တီးကွက်၊ တိမ်လွှာမို့မိုလွင်နှင့် အိမ်သူပီပီ သီချင်းတို့ကို တီထွင် တီးမှုတ်ကြိုးပမ်း ခဲ့သည်။ ဆရာမြို့မငြိမ်း၏ ဂီတအလုပ် ဆိုသည်က သီချင်းတွေ ရေးရုံဖြင့် တင်းတိမ်ကျေနပ်ကာ အချိန်ကုန်ခဲ့သည် မဟုတ်။ သေးသေးမွှားမွှား မဟုတ်။ ဆရာ့ရည်ရွယ်ချက်၊ ဆရာ့စိတ်ကူးစိတ်သန်းက မြို့မတူရိယာအသင်း စတင် သန္ဓေတည်စဉ်ကပင် မြန်မာ့ဂီတကို ကမ္ဘာအဆင့်သို့ မြှင့်တင်စေရန်နှင့် ဆင်ဖိုနီခေါ် မြန်မာ့သံစုံတီးဝိုင်းကြီး ဖွဲ့စည်းနိုင် ရေးကို ရည်ရွယ်ဦးတည် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဂီတနှင့်ပတ်သက်၍ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စိတ်ကူးထားသူ ဖြစ်သည်။ ဂီတတွင် နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှု မထားအပ်၊ လူသားအားလုံးပိုင် ပစ္စည်းအဖြစ် ယုံကြည်သည်။ ဂီတသည် အလွန် လေးနက်သည့် သဘောရှိသည်ဟု ခံယူသူလည်း ဖြစ်၏။ စာဖြင့် ဖွဲ့မပြနိုင်သည့် ရင်ဖြင့်ခံစားမှုကို ဂီတဖြင့် ဖော်လှစ်နိုင်သည်ကို ဆရာမြို့မငြိမ်းက အကြွင်းမဲ့ လက်ခံသည်။ ထို့ကြောင့် နားဖြင့်သာမက ရင်ဖြင့်ခံစားနိုင်သည့် ဂီတမျိုးကို ဆရာက ဖွဲ့ချင်သည်။

သို့သော် အနေအထိုင် ရိုးသား သိုသိပ်လွန်းလှသဖြင့် ဆရာမြို့မငြိမ်း၏ ရည်ရွယ်ချက်နှင့် စိတ်ကူးစိတ်သန်းအား ထဲထဲဝင်ဝင် သိရန် မလွယ်ကူ၊ မသိခဲ့ကြ။ ထိုအခါ ဆရာ့တွေ့လျှင် သီချင်းစပ်ခိုင်းဖို့၊ သီချင်းတောင်းဖို့ပဲ အားထုတ်ကြ သည်။ ဂီတကို နားလည်သူများကပင် သူ့ကို နားမလည်ခဲ့ကြ။ ဆရာသည် ထိုကွာဟမှုကို ကြံ့ကြံ့ခံသည်။ ထိုသူတို့ လိုလားသော သီချင်းစပ်ခြင်း အလုပ်ကို ဖြစ်အောင်လုပ်ပေးကာ ဆရာ့စိတ်ကူးစိတ်သန်း၊ ဆရာ့ရည် မှန်းချက်အတွက် ရှိသမျှ အင်အားအစွမ်းအစတွေ ထုတ်သုံးပြီး ဇွဲကြီးနပဲကြီး ကြိုးစားခဲ့သည်။ ဆရာမြို့မငြိမ်းသည် လောကဓံ၏ အရိုက်အပုတ် အဆင်းရဲ အပင်ပန်းဒဏ်ကို မတုန်မလှုပ်ခံ၏။ ငတ်ပြတ်မှုကို ရင်ဆိုင်ခဲ့ရ၏။

သို့သော် လုပ်ရသမျှ၊ ပင်ပန်းသမျှ၊ အနစ်နာခံရသမျှ၊ သမင်မွေးရင်း ကျားစားရင်း ဖြစ်ရသည်။ အိတ်ပေါက်နှင့် ဖားကောက်ခဲ့ရသည်။ တချို့ ဖြစ်ရပ်များက လှေပြေးတုန်း တက်ကျိုး အဖြစ်မျိုး ရင်ဆိုင်ခဲ့ရ၏။ ဂီတနှင့် ပတ်သက်၍ သီချင်း ရေးစပ်ရုံမျှ မဟုတ်ဘဲ ရည်ရွယ်ချက်ကြီးမားခဲ့သော ဆရာမြို့မငြိမ်းအဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ရသမျှသည် သမင်မွေးရင်း ကျားစားရင်း ဖြစ်ပြီး အားတက်မှုထက်၊ အားပျက်စိတ်ပျက်မှုများ ပိုမိုခံစားလာရပြီး ၁၉၅၅ ခု၊ စက်တင်ဘာ ၁၅ ရက်၊ ၁၃၁၇ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက် ကြာသပတေးနေ့တွင် မန္တေလေးအနောက်ပြင် စိန်ပန်းသံလျက်မှော် အနောက်ပိုင်း မြေလမ်းလေးဘေး မောင်းလာသော အုတ်တင်ကားအောက် ခေါင်းထိုးခံရင်း ဘဝအဆုံး၊ နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ရ လေ၏။ ကွယ်လွန်ပြီးနောက်မှ အစိုးရက ဆရာမြို့မငြိမ်းကို အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သည်။

(ဆူးငှက်သည် မန္တလေးအခြေစိုက် စာရေးဆရာတဦးဖြစ်ပြီး အနုပညာ၊ ယဉ်ကျေးမှု သမိုင်းဆိုင်ရာ သုတေသီလည်း ဖြစ်သည်)

Loading