မြန်မာနိုင်ငံမှာ သက်တမ်း အရှည်ဆုံး အုပ်စုပန်းချီပြပွဲ ဖြစ်တဲ့ ကံ့ကော်ရွာ အနုပညာပြပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ အမှတ် ၆၀၁ ရှိ ယုဒသန်ရိပ်သာ (Judson Centre) မှာ ဇန်နဝါရီ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်နေပါတယ်။
ပြပွဲမှာ ကံ့ကော်ရွာအနုပညာ အုပ်စု အဖွဲ့ဝင် ၅၄ ဦးတို့ရဲ့ ပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း လက်ရာ ၁၃၂ ခု ပြသထားပါတယ်။ အများစုက ပန်းချီကားများဖြစ်ပြီး ရေးဆွဲဟန်က အထူးစုံလင်လှပါတယ်။ မြန်မာ့ ရိုးရာဟန် Pattern ပန်းချီရေးဆွဲနည်း၊ Realism အခြေပြု ရေးဆွဲနည်း၊ Surrealism အခြေပြု ရေးဆွဲနည်း စသည်တို့အပြင် အင်စတော်လေးရှင်း လက်ရာနဲ့ ပန်းပုလက်ရာများလည်း ပါဝင်ပါတယ်။
၁၉၇၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကံကော်ရွာအုပ်စုဟာ မိမိတို့ရဲ့ အနုပညာ အစဉ်အလာကို အကောင်းဆုံး ထူထောင်နေကြသလို၊ ထူထောင်ထားတဲ့ အစဉ်အလာကောင်းကို စောင့်ထိန်းရင်း နှစ်စဉ် ပြပွဲတွေ ကြိုးပမ်း လုပ်ဆောင်လျက် ရှိတာကြောင့် ပန်းချီဝါသနာရှင်များ၊ Collector များ လာရောက် ကြည့်ရှုကြတဲ့ ပြပွဲတခု ဖြစ်ပါတယ်။