Culture

Expressive Line ပန်းချီကားများနဲ့ ဗဂျီလင်းဝဏ္ဏရဲ့ ကောက်ကြောင်း

This article has been converted from Zawgyi One to Unicode

ဗဂျီ လင်းဝဏ္ဏရဲ့ လက်ရာတွေကို လေ့လာကြည့်တဲ့အခါ ရိုးရာဟန် ပန်းချီရေးဆွဲနည်း ဖြစ်တဲ့ လိုင်းနဲ့ ဆေးဖြည့်ရေးဆွဲ ရတဲ့ Pattern ပန်းချီ ဖန်တီးမှုကို သူ့ရဲ့ အတွေးစိတ်ကူးနဲ့ ပေါင်းစပ်ဖန်တီးတဲ့ ရိုးရာဟန် သီးခြားဖန်တီးမှု တခု ရှိနေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ လိုင်းတွေကို အရောင်နဲ့ ပြောင်းယူဖန်တီးတဲ့ Line Expression ဖန်တီးယူတာက သူ့ရဲ့ သီးခြား ပန်းချီရေးဆွဲဟန်လို့ ဆိုနိုင်ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ ဗဂျီလင်းဝဏ္ဏဟာ ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျောက်မြောင်းရပ် ဇာတိဖြစ်ပါတယ်။ ဖခင် ဦးနေလင်းက အင်္ဂလိပ်စာ ကျူရှင်ဆရာ၊ မိခင် ဒေါ်ခင်စောလှိုင်က ဝန်ထမ်းတဦး ဖြစ်ပြီး မွေးချင်း ၆ ယောက်မှာ သူက သားကြီးသြရသ ဖြစ်ပါတယ်။ သူ ငယ်စဉ်ကတည်းက ပန်းချီနဲ့ ရင်းနှီးဆက်စပ် လာတယ်လို့ ဆိုရမှာပါ။ အကြောင်းက ဆရာ ဦးတင်မိုးရဲ့ ဇနီး ဖွင့်လှစ်တဲ့ အမေ့ကျောင်း ပျိုးခင်းမူကြိုမှာ တက်ခဲ့စဉ်ကတည်းက ကာတွန်းမြေဇာ လာရောက်ပြီး ပန်းချီဆွဲနည်းတွေ သင်ကြားပေးတာကြောင့်ပါ။ သူ ၄ တန်းရောက်တော့ ပန်းချီဆရာကြီး ဦးလွန်းကြွယ်ထံမှာ အခြေခံ ပန်းချီသင်တန်း တက်ခဲ့ပြီးနောက် ပုံတူပန်းချီဆရာ ဦးကျော်မြင့်၊ ဆရာ ဦးအောင်ဒင်တို့ ထံမှာ ပန်းချီပညာ ဆက်လက် သင်ယူပါတယ်။ သူ ၈ တန်းရောက်တော့ ဗဂျီ အောင်စိုးထံမှာ သားတပည့်သဖွယ် ပန်းချီပညာနဲ့ အတွေးအခေါ်တွေကို သင်ယူခဲ့တယ်လို့ သိရပါတယ်။

“ဆရာ ဗဂျီ အောင်စိုးနဲ့ စတွေ့ပုံက ပြောရရင် ရယ်စရာတောင် ကောင်းသေးတယ်။ ကျနော်တို့ အိမ်နဲ့ ဆရာ ဦးအောင်စိုးအိမ်က ၃ ခန်းကျော်ပဲ ဝေးတာ။ အိမ်ရှေ့က ဖြတ်သွားတိုင်း အဘိုးကြီးတယောက် ပန်းချီဆွဲ ဆွဲနေတာ တွေ့တယ်။ ပက်လက် ကုလားထိုင်ပေါ်မှာ ဘုတ်ပြားကို တင်ပြီး စက္ကူနဲ့ ဆော့ဖ်ပန် (Soft Pen) တွေနဲ့ ရေးရေးနေတာ။ ထူးခြားတာ ကျနော်သွား သွားကြည့်ရင် မဆွဲတော့ဘူး။ ဘာမှလည်း မပြောဘူး။ အဲဒီလိုနဲ့ ၈ တန်းနှစ်မှာ သူငယ်ချင်း တဦးကြောင့် အဘိုးကြီးရဲ့ သား မောင်မောင်စိုးနဲ့လည်း ခင်သွားတာ။ အိမ်နီးနီးလေးကို အဝေးက သူငယ်ချင်းက လာမိတ်ဆက်ပေးမှ သိရတာက ရယ်စရာ လိုပါပဲ။ အဲဒါနဲ့ အိမ်ပြန်ပြီး ဟိုအိမ်က မုတ်ဆိတ်မွေးတွေနဲ့ အဘိုးကြီးက ပန်းချီသင်ပေးမယ်တဲ့လို့ ပြောတော့ အဖေက ဟေ့ကောင် ဟုတ်ရဲ့လား။ အဲဒါ ဗဂျီ အောင်စိုးကွ၊ နာမည်ကြီး ပန်းချီဆရာကြီးကွ၊ သိပ်တော်တာ။ နေဦး၊ ငါ သွားမေးဦးမယ် ဆိုပြီး သွားမေးတယ်။ အဲဒီတော့မှ ဗဂျီ အောင်စိုးမှန်းသိတာ” လို့ ဗဂျီ လင်းဝဏ္ဏက ပြောပါတယ်။

ဗဂျီ အောင်စိုးက ပန်းချီရေးဆွဲနည်းစနစ်ကို အရင် သင်မပေးဘဲ စာအုပ်ထဲက ပုံတွေပြပြီး ဘယ်လို ဆွဲတယ်ဆိုတာ နည်းနည်းရှင်းပြကာ လက်တွေ့ ကိုယ့်ဘာသာ ရေးခိုင်းတယ်လို့ ဆိုပါတယ်။ ဒီသင်ကြားနည်းဟာ နောက်ဆုံးအဆင့် ပန်းတိုင်ကနေ စမှတ်ရှိရာကို နောက်ပြန်လာတဲ့ သဘောလို့ ယူဆရပါတယ်။ ဆရာ ဗဂျီအောင်စိုး ပြောတဲ့ စကားတွေ၊ ဆုံးမတာတွေကိုလည်း သူက အခုလို ပြောပြပါတယ်။

“ကျနော့် စိတ်ထဲစွဲနေတဲ့ ဆရာကြီးရဲ့ ဆုံးမစကားတွေကတော့ ‘ပန်းချီဆိုတာ ငွေကြေးအတွက် မဟုတ်ဘူး၊ အနုပညာ မြောက်အောင် ဖန်တီးဖို့က ကိုယ့်ကိစ္စ။ ကျန်တာ သူ့သဘောအတိုင်း ဖြစ်လာတာ’၊ ‘ရုပ်ကို မရေး၊ နာမ်ကိုရေးတယ်’၊ ‘စိတ်မပါရင် ပန်းချီမရေးနဲ့ ကောင်းမှာ မဟုတ်ဘူး။  စိတ်မပါရင် ထမင်းတောင် မစားနဲ့’ တဲ့။ နောက်ပြီး မင်း ပန်းချီဆရာ တပိုင်းဖြစ်ပြီလို့ ဆရာကြီးက ပြောတော့ ကျနော်က ပန်းချီဆရာ အပြည့်ဖြစ်အောင် ဘာလုပ်ရမလဲ ဆိုပြီး ပြန်မေးတော့ “စာများများ ဖတ်ရမယ်” တဲ့။ ဇောသန်မှ ဈာန်ရ တဲ့။ စိတ်ဇောအာရုံက သိပ်ထက်သန်နေမှ ဖန်တီးမှုက အားကောင်းလာပြီး ဆာတိုရီ (တဒင်္ဂ သိမြင်နိုးကြားမှု) ရတဲ့ ကြောင်းတွေ အပြင် ပုတီးစိပ် တရားထိုင်ပြီး စိတ် လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါတယ်။ အဓိကကတော့ ‘ဒုတိယ အောင်စိုး မဖြစ်စေနဲ့၊ ပထမ လင်းဝဏ္ဏဖြစ်ပါစေ’ တဲ့။

အဲလိုနဲ့ သူဟာ ဗဂျီအောင်စိုးထံမှာ ပန်းချီနဲ့ အတွေးအခေါ်ပညာများ သင်ယူခဲ့သလို ရန်ကုန် ပန်းချီပန်းပုကျောင်း ကိုလည်း (၁၉၉၁ – ၁၉၉၄) အထိ တက်ရောက်ခဲ့ပါတယ်။ ကျောင်းဆင်းပြီး ၂ လအကြာမှာ နိုင်ငံရေးပုဒ်မနဲ့ ဒုတိယ အကြိမ် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်မှာ ထောင် ၁ နှစ်ကျခဲ့ပါတယ်။ ပြန်လွတ်လာပြီးနောက် ၁၉၉၆ မှာ ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပန်းချီအပြင် နိုင်ငံရေး လုပ်ဆောင် ဖြတ်သန်းမှုတွေလည်း ရှိခဲ့တဲ့ ဗဂျီ လင်းဝဏ္ဏက သူရဲ့ နိုင်ငံရေးခံယူချက် တချို့နဲ့ ပထမ အကြိမ် အဖမ်းခံခဲ့ရတာကိုလည်း အခုလို ပြောပါတယ်။

“ပန်းချီဆရာ ဆိုတာ လွတ်လပ်မှုကို မြတ်နိုးတယ်ဗျ။ သမိုင်းကို ပြန်ကြည့်ရင် လွတ်လပ်မှုကို ပိတ်ပင်တဲ့ အမှောင် ခေတ်တွေမှာ အုပ်ချုပ်သူတွေနဲ့ အနုပညာသမားတွေဟာ ထိပ်တိုက် တွေ့တတ်တာချည်းပါပဲ။ လူဟာ သူ ဖြတ်သန်း ကြီးပြင်းတဲ့ ကာလအပေါ် မူတည်ပြီး ဘဝအမြင်တွေ၊ ရှင်သန်ရေး အတွေးအခေါ်တွေ၊ ဖန်တီးမှု အဆင့်ဆင့်တွေ ဆင့်ကဲ တိုးတက်လာတာလို့ ထင်တယ်။ ကျနော်တို့ လူငယ်ဘဝက စစ်အာဏာရှင် လက်အောက်မှာဆိုတော့ တခြား ကျောင်းသား လူငယ်တွေလိုပဲ ပုဒ်မ ၅(ည) ကို ကျူးလွန်သူတွေလို့ သတ်မှတ်ခံရတော့တာပဲ။ ၈ လေးလုံး နောက်ပိုင်းမှာ အခြေခံပညာ ကျောင်းသားသမဂ္ဂ (အ.က.သ) မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်”

သူဟာ  တာမွေမြို့နယ် အ.က.သ ပြန်ကြားရေး တာဝန်ခံ ဖြစ်ခဲ့တယ်၊ ကိုမင်းဇင်နဲ့ မန္တလေးထောင်မှာ ကျဆုံးသွားတဲ့ ကိုသက်ဝင်းအောင်၊ ၈ လေးလုံးမှာ ကျဆုံးတဲ့ မဝင်းမော်ဦးတို့ဟာ အ.က.သ တွေလို့ ပြောတယ်။ အဲဒီနောက် ၉-၉-၉၀ ရက်နေ့  ၉ တန်းကျောင်းသား ဘဝမှာ ပထမဆုံး အဖမ်းခံရပြီး အင်းစိန်တောရမှာ ၃ လ နေခဲ့ရပြီး ပြန်လွတ်လာတဲ့ အခါ ကျောင်းဆက်တက်ခွင့် မရတော့တာကြောင့် အပြင်ဖြေပဲ ဖြေရတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သူ့ အယူအဆကိုလည်း ဆက်ပြောပါတယ်။
“နိုင်ငံရေး ဆိုတာကတော့ နိုင်ငံထဲနေတဲ့ သူတွေအားလုံးနဲ့ ဆိုင်တယ် ထင်တယ်။ လူတန်းစားအားလုံး နိစ္စဓူဝတွေ့ ကြုံနေရတဲ့ စားဝတ်နေမှုရဲ့ အချုပ်က နိုင်ငံရေးပဲ။ ကျနော်တို့ဆီမှာ လူကို လူလို မမြင်နိုင်သမျှ ကာလပတ်လုံး၊ လူသားရဲ့ လွတ်လပ်မှု စံနှုန်း အပြည့်အ၀ မရရှိနိုင်မချင်း၊ တာဝန်ယူမှုနဲ့ တာဝန်သိမှုတွေ မရှိသေးသမျှ နိုင်ငံရေးဆိုတာ လေးလံတဲ့ ဝန်းထုပ်ဝန်ပိုးကြီး အဖြစ် ကျနော်တို့ နိုင်ငံသားတွေအပေါ်မှာ ရှိနေဦးမှာပါပဲလို့ခံယူပါတယ်” လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အပေါ်ကိုလည်း သူ့ အမြင်ကို ပြောပါတယ်။

“ကောင်းသော အစဦးပိုင်း ပြောင်းလဲမှုလို့ မြင်ပါတယ်။ ခါးတောင်းကျိုက်တွေတော့ ဖြုတ်လို့ မဖြစ်သေးဘူး။ ငြင်သာတဲ့ ပြောင်းလဲမှုကနေတဆင့်  စောစောက ပြောတဲ့ လူသားရဲ့ စံနှုန်းတွေအထိ တဖြည်းဖြည်း ချဉ်းကပ်သွားရမယ် ထင်ပါတယ်။ စိတ်ရှည်ဖို့တော့ လိုမှာပေါ့။ စနစ်တခုကို ပြောင်းတဲ့ နေရာမှာ အခြေခံ အဆောက်အဦတွေ ခိုင်မာအောင် ကာလတခု လိုလိမ့်မယ်။ ဥုံဖွ ဆိုပြီး မန်းမှုတ်လို့မှ မရတာ။ အားလုံး နိုင်ငံ့မျက်နှာပဲ ကြည့်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  ဆယ်စုနှစ် တခုစာလောက် နောက်ကျနေရာက ဝိုင်းတွန်းရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဟာ ရောက်လာနိုင်လိမ့်မယ် ထင်တယ်” လို့ ဆိုပါတယ်။

ဗဂျီလင်းဝဏ္ဏဟာ ၁၉၉၆ ခုနှစ်ကတည်းက ယနေ့ အထိ တကိုယ်တော် ပန်းချီပြပွဲ ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အုပ်စုပြပွဲနှင့် Donation Show ပန်းချီပြပွဲပေါင်းများစွာမှာ ပါဝင်ပြသခဲ့ပါတယ်။ သူဟာ ပန်းချီရေးဆွဲတာ အပြင် အင်စတော်လေးရှင်း လက်ရာတွေလည်း ဖန်တီးခဲ့ပါတယ်။ ပန်းချီနဲ့ အင်စတော်လေးရှင်း ဘာတွေ ကွာခြားတယ် ဆိုတာကိုလည်း သူက ပြောပြပါသေးတယ်။

“အဓိကတော့ Dimension မတူတဲ့ ဖန်းတီးမှု အရသာပဲ။ အင်စတော်လေးရှင်းမှာ ပန်းချီက မပေးနိုင်တဲ့  Visual (အမြင်ဆိုင်ရာ) လှုံ့ဆော်မှုနဲ့ ဆိုင်တဲ့ ဗဟိဒ္ဓ (သွင်ပြင်) အခြေအနေတွေ အပြင်၊ Time (အချိန်) နဲ့ Space (နေရာ) တို့ရဲ့ ကွာခြားမှု၊ အထူးသဖြင့် Space ကို အသုံးချနိုင်မှုက ပန်းချီနဲ့ အင်စတော်လေးရှင်း မတူကွာခြားချက်ပဲ”

အနုပညာအပေါ် သူ့ရဲ့ ယုံကြည်ချက်ကိုလည်း “ကျနော်ကတော့ အနုပညာဆိုတာ အထူးအာရုံသိမှုရဲ့ ရတနာ။  အထူးအာရုံသိမှု ဆိုတာ လောကထဲမှာ အစဦး အရင်ကတည်းက ရှိနှင့်နေတဲ့ အရာတွေ များစွာထဲကမှ စိတ်ရဲ့ ကျင်လည် ကျက်စားရာ နယ်ပယ်အရှိ တရားတခု (being thing) လို့ကို ယုံတယ်။ အဲဒီအာရုံသိမှု သဘောက အမြဲတမ်း ရှင်သန်နေပြီး ဘယ်တော့မှ မရိုးနိုင်တဲ့ အာရုံခံစားမှု အသစ်အသစ်တွေနဲ့သာ ဖြစ်ပေါ် တိုးတက်နေတာကို ဆိုလိုတာပါ။ အဲဒီသဘောကို ကိုယ်နည်းနဲ့ကိုယ် ချဉ်းကပ်ပြီး တူးဖော်လို့ ရလာတာတွေက အနုပညာရတနာ ပစ္စည်းပဲ။ နောက်တမျိုးက ဖန်းတီးမှုအရသာကို ကြိုက်ပြီး ကိုယ့်ဘာသာ မနေနိုင် မထိုင်နိုင် ဖြစ်ပြီးတော့ ထထလုပ်နေတာ။ တနည်းအားဖြင့် သမုဒယသစ္စာ” လို့ ပြောပါတယ်။

သူဟာ ဒြပ်မဲ့ ပန်းချီ၊ သို့မဟုတ် Abstract Expression ပန်းချီကားတွေလည်း ဖန်တီးရေးဆွဲသူပါ။ ပန်းချီမှာ အရုပ်နဲ့ အရောင် နှစ်မျိုး ရှိပြီး၊ အရုပ် (ပုံသဏ္ဌာန်) က ရှင်းပြ ပြောပြစရာ မလိုဘဲ အရောင်တွေမှာတော့ ပင်ကိုယ် ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ အဲဒီ ဂုဏ်သတ္တိတွေကိုက ဒြပ်မဲ့တဲ့သဘော ရှိနေပါတယ်။ အရောင်နဲ့ ခံစားရမှု စိတ်အာရုံ ဆက်စပ်နေပါတယ်။ ဗဂျီ လင်းဝဏ္ဏက အဲဒီ ဖန်တီးမှု သဘောကို “အဟုတ်ရှိနဲ့ သမုတ်ရှိ မတူညီတဲ့ အမြင်က လာတာပေါ့။ အရောင်တွေက  အာရုံကို ဆွတယ်။  ကျနော်ကတော့ အရောင်တွေရဲ့ အားကိုယူ၊ ပုံသဏ္ဍာန်ကို သံခိပ်ပြု (အကျဉ်းချုပ် လျှော့ချ) ပြီးတော့ သိစိတ်နဲ့ မသိစိတ်ကြားထဲက စိတ်အခြေအနေမှာ ခံစားမှုနဲ့ ပေါင်းစပ်ပြီး ကင်းဗတ်ပေါ် သွန်ချလိုက်တာပါပဲ။ အဲဒီ အချိန်မှာ သိစိတ်က လွှမ်းမိုးနေရင် ရေးဆွဲနည်းစနစ်က အားသာပြီး၊ မသိစိတ်က လွှမ်းမိုးရင်  ဒြပ်မဲ့ခြင်းက ပိုအားသာ လာတတ်ပါတယ်” လို့ ပြောပါတယ်။

တကယ်လို့ မသိစိတ်က သိပ်ကို အားကောင်းနေရင် ရလဒ်က အမည်တပ်လို့ မရဆိုတဲ့ Untitled တွေပဲ ဖြစ်နေပြီး၊ တခါတရံ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ပုံသဏ္ဌာန်တွေ၊ နမိတ်ပုံတွေက ခုန်ထွက်လာပြီး ဘာအဆက်အစပ်မှ မရှိ၊ ဖန်တီးသူ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပန်းချီကားပေါ် နေရာယူသွားတာမျိုးတွေလည်း ရှိတတ်ကြောင်း၊  အာရုံထဲမှာ နဂိုကတည်းက  အကောင်အထည်ပြလို့ မရတဲ့၊ ခေါင်းစဉ် မရှိတဲ့ စိတ်ကူးထည်တွေက ရှိနှင့်နေပြီးသား ဖြစ်နေပြီး၊ ဖန်တီးသူက ဖမ်းဆုပ်နိုင်ဖို့ပဲ လိုကြောင်းနဲ့  မသိစိတ်ရဲ့ ကြေးမုံလို့လည်း ဆိုနိုင်ကြောင်း သူက ပြောပါတယ်။

အောင်မြင်တဲ့ ပန်းချီဆရာ သို့မဟုတ် အနုပညာရှင်ဆိုတာ ဘယ်လိုမျိုးလဲလို့ ဗဂျီလင်းဝဏ္ဏကို မေးမြန်းပါတယ်။

“ကျနော့် အထင်တော့ တကိုယ်ရည် လွတ်မြောက်မှုပါပဲ။ ဥပမာ – ဆရာ ဦးအောင်စိုးနဲ့ အတူနေခဲ့ရတယ်။ လွတ်မြောက်သွားတယ်။ ဆရာ ဦးခင်မောင်ရင် ကြည့်တတ်ရင် မြင်နိုင်တယ်။ ပန်းချီပေါ်မှာ ပြီးသွားတယ်ပေါ့။ ဆိုလိုတာက ပန်းချီက ပန်းချီဆရာကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဘဲ စိတ်ရှိသလို စိတ်စေခိုင်းသလို လွတ်လပ်ပေါ့ပါးစွာ ပန်းချီ ဆွဲနိုင်တာကို ပြောတာ။ အဲဒီ အောင်မြင်မှုသည်သာ အနုပညာရှင်ရဲ့ အထွဋ်အထိပ်လို့ ခံယူပါတယ်” လို့ ပြောပါတယ်။

သူဟာ ပန်းချီအပြင် သရုပ်ဖော် ပန်းချီ (Illustration) တွေ၊ စာအုပ်မျက်နှာဖုံး ဒီဇိုင်းတွေလည်း ရေးဆွဲလျက် ရှိပါတယ်။ အဲဒီနှစ်ခုရဲ့ ခြားနားချက်ကိုလည်း သူက “ကျနော့် အတွက်တော့ ပန်းချီ ရေးတာချင်းတော့ တူတူပါပဲ။ ကွာတာကတော့ သရုပ်ဖော်က သူ့အတွေးစိတ်ကူးကို ကိုယ်က ပုံဖော်ရတာ ဖြစ်ပြီး၊  ပန်းချီက ကိုယ့်စိတ်အခြေအနေ အတိုင်း ရေးဆွဲရတာပဲ ကွာတယ်။ အကြောင်းအရာက သူများဟာနဲ့ ကိုယ်ဟာ ကွာတာပဲ ရှိတာ ရေးတာတော့ အတူတူပါပဲ။။ သရုပ်ဖော်က အတွေးအားကောင်းရသလို၊ ပန်းချီကတော့ ခံစားမှု ပိုအားကောင်းရပါတယ်”  အနုပညာသမားတဦး မဖြစ်ရင် ကျနော် ဘုန်းကြီးများ ဖြစ်နေမလားပဲ လို့ ရယ်ရွှင်ရယ်မော ပြောတဲ့ ဗဂျီ လင်းဝဏ္ဏဟာ မိသားစုနှင့် အတူ ရန်ကုန်မြို့မှာ နေထိုင်ရင်း အနုပညာ အလုပ်တွေ လုပ်ကိုင်လျက် ရှိပါတယ်။

Loading