မြန်မာ့ပန်းချီလောကမှာ အသက်အရွယ်အရရော၊ လေ့လာလိုက်စားမှု ဝါစဉ်အရရော ကြီးမားတဲ့ ပန်းချီဆရာကြီး ၄ ဦး ဖြစ်တဲ့ ဦးခင်မောင်ရင်၊ ဦးဝင်းဖေ၊ ဦးကြီးမြင့်စော၊ ဦးဝင်းဖေမြင့်တို့ရဲ့ ပန်းချီကား ၂၀ ကို ရန်ကုန်မြို့ ရှိ မိုးတိမ်အမှတ် ၃၁ (Cloud 31) ပြခန်းမှာ ဇန်နဝါရီ ၂၈ ကနေ ဖေဖော်ဝါရီ ၂ ရက်နေ့ အထိ ပြသနေပါတယ်။
ကြီး ၄ ကြီး (Four Grand Masters’ Art Exhibition) လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲမှာ ကွယ်လွန်သူ ပန်းချီဆရာ ဦးခင်မောင်ရင်ရဲ့ လက်ရာများနဲ့ ယခုအထိ ပန်းချီရေးဆွဲနေဆဲ ပန်းချီ ဦးဝင်းဖေရဲ့ လတ်တလော လက်ရာများ ပါဝင်ပါတယ်။ မြန်မာ့ ခေတ်သစ် ပန်းချီလောကမှာ ပန်းချီ ဦးခင်မောင် (ဘဏ်) နဲ့ ဗဂျီအောင်စိုးတို့ ပထမမျိုးဆက်အဖြစ် စတင်ခဲ့တယ်လို့ သတ်မှတ်ရင် ဒုတိယ မျိုးဆက်မှာတော့ ဦးခင်မောင်ရင်နဲ့ ဦးဝင်းဖေတို့ ပါဝင်ပါတယ်။ ဦးကြီးမြင့်စောနဲ့ ဦးဝင်းဖေမြင့်တို့က တတိယမျိုးဆက်မှာ ပါဝင်တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
ဒါကြောင့် ဒီပန်းချီပြပွဲဟာ မြန်မာ့ပန်းချီ ဖန်တီးမှု အပြောင်းအလဲနဲ့ အယူအဆ အရွေ့အပြောင်းများကို ချဉ်းကပ် လေ့လာနိုင်တဲ့ ပန်းချီပြပွဲတခု ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။