၂၇ ကြိမ်မြောက် ကံ့ကော်ရွာ ပန်းချီအုပ်စု အနုပညာ ပြပွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၉ က ၂၃ ရက်နေ့ အထိ ရန်ကုန်မြို့ ယုဒသန်ရိပ်သာ (Judson Centre) မှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လည်း အမှတ် ၆၀၁ ရှိ ယုဒသန်ရိပ်သာဝင်းထဲမှာ ပြပွဲလာရောက်သူ ပရိတ်သတ်များ၊ ပန်းချီ အနုပညာရှင်များနဲ့ စည်ကားနေပြီး ရိပ်သာ အဆောက်အအုံထဲ ဝင်ရောက် လိုက်တာနဲ့ ပန်းချီကားတွေကို စိတ်ဝင်တစား ကြည့်ရှုနေတဲ့ ပန်းချီ ဝါသနာရှင်များနဲ့ ကျောင်းသူ ကျောင်းသားများကိုလည်း တွေ့လိုက်ရပါတယ်။ ယုဒသန်ရိပ်သာကို ၁၉၅၄ နှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနု အုတ်မြစ်ချပေးခဲ့ပါတယ်။
အနီးအနားမှာတော့ ၂၇ ကြိမ်မြောက် ကံ့ကော်ရွာ အနုညာပြပွဲကို ဦးဆောင်တဲ့ ကံကော်ရွာ သူကြီး၊ ပန်းချီဆရာ ဒီဇိုင်းနာ တင်မောင်ကြည် (အယ်ဒီတာ မောင်မောင်စနေ) နဲ့ သူကြီးကတော် ပန်းချီဆရာမ ခင်စောဦးတို့က ပြပွဲ အကြောင်း၊ ပန်းချီကားအကြောင်း ရှင်းလင်း ပြောပြနေပါတယ်။ ပြပွဲမှာတော့ အနုပညာရှင် ၅၄ ဦးတို့ရဲ့ ပန်းချီပန်းပု၊ အင်စတော်လေးရှင်း အပါအဝင် လက်ရာ ၁၃၂ ခုကို ပြသထားတာ တွေ့ရပါတယ်။ ပြပွဲမှာ ပါဝင်တဲ့ ပန်းချီဆရာ၊ ပန်းချီ ဆရာမများလည်း အချင်းချင်း နောက်ပြောင် ပြောဆိုရင်း တချိန်က ကံ့ကော်မြေ အမိတက္ကသိုလ်ရဲ့ ကျောင်းသားဘ၀ နေ့ရက်တွေကို ပြန်အောက်မေ့မိရင်း ဝင်းပ ရွှင်လန်းတဲ့ မျက်နှာတွေမှာ ဝေနေတဲ့ အပြုံးတွေက ကံ့ကော်ပန်းတွေ အလား တွေ့ရတယ်။
“၁၉၂၀ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်ကို စတင် တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် အနုပညာ အသင်းကိုတော့ ၁၉၅၁ ကျမှ ဖွဲ့စည်းနိုင်ခဲ့ပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တာ ၁၉၉၃ ခုနှစ် အထိပါ။ ကျနော်တို့ ကံ့ကော်ရွာ ပန်းချီအုပ်စုက အနုပညာအသင်း၊ ပန်းချီဌာနစိတ်က ကြီးမှူးပြီး အဲဒီအချိန်က သင်တန်းသားများ၊ သင်တန်းဆင်းပြီး သူများ၊ တက္ကသိုလ်ကောလိပ်နဲ့ ကျောင်းပေါင်းစုံက ဝါသနာရှင်တွေ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားများ ကျောင်းဝင်းထဲမှာ စုပေါင်း ပြသရာကနေ ၁၉၇၉ ခုနှစ်မှာ ကျောင်းဝင်း ပြင်ပမှာ စတင်ခဲ့တဲ့ အုပ်စု ပြပွဲပါ။ ပြောရရင် တက္ကသိုလ် ပန်းချီဆရာ ဦးနန်းဝေကလည်း တက္ကသိုလ် ပရဝုဏ် အကျဉ်းကျဉ်းလေးမှာပဲ သာယာနစ်မြောပြီး ပျော်မနေကြဖို့နဲ့ ပြင်ပ ပန်းချီလောကမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ သတိပေးခဲ့တယ်။ အဲဒီကနေ ကံ့ကော်ရွာ စတင်ခဲ့တာ” လို့ ကံ့ကော်ရွာ သူကြီး တင်မောင်ကြည်က ပြောပါတယ်။
ကံကော်ရွာ အမည်
“အဲဒီလို ပရဝုဏ်ပြင်ပအထိ ပြပွဲပြုလုပ်တဲ့အခါ ပြပွဲအဖွဲ့ အမည်ကို အားလုံး စဉ်းစားပြီးနောက် ကဗျာဆရာ ခင်အောင်အေး ပေးတဲ့ ကံ့ကော်ရွာဆိုတဲ့ အမည်ကို အများသဘောတူ ရွေးချယ်ကြပါတယ်။ ‘ကံ့ကော်’ က ရန်ကုန် တက္ကသိုလ်ကို ကိုယ်စားပြုပြီး ‘ရွာ’ က မြန်မာ့မိသားစု ပုံစံ စုစည်းညီညွတ်မှုကို ကိုယ်စားပြုပါတယ်။ နောက် အမှတ်တံဆိပ် (Logo) ကိုလည်း ပန်းချီမျိုးမြင့်ရဲ့ အိုင်ဒီယာကို ဒီဇိုင်းနာ ဟန်ထွန်းက ပုံဖော် ရေးဆွဲခဲ့တာပါ” လို့ ကံကော်ရွာ သူကြီး တင်မောင်ကြည်က ပြောပြပါတယ်။
ပြပွဲဖြစ်မြောက်ရေး အစစအရာရာ ဦးစီးစီစဉ်တာဝန်ယူ ဆောင်ရွက်သူကို မြန်မာဆန်ဆန် “သူကြီး” နဲ့ “သူကြီးကတော်” လို့ ခေါ်ပြီး သူကြီးကို မိသားစု ပုံစံဖြင့် အဖွဲ့ဝင် ရွာသားများက ဝိုင်းဝန်းရွေးချယ် တာဝန်ပေးအပ်တယ်လို့လည်း သူက ပြောပါသေးတယ်။
“အခုနှစ် အတွက် သူကြီးနဲ့ သူကြီးကတော်က အပြင်မှာလည်း အမှန်တကယ် ဇနီး၊ ခင်ပွန်းတွေပါ။ ဒါပေမယ့် နောက်နှစ်တွေ အတွက် ရွေးချယ်ထားတဲ့ သူကြီးနဲ့ သူကြီးကတော်က လူပျိုကြီး အပျိုကြီးတွေဗျ။ ဘာဘာကျော်နဲ့ စိုးစိုးဦး၊ မျိုးမြင့်လေးနဲ့ ခင်အေးသန်း တို့ပေါ့။ ပျော်စရာပေါ့” လို့ သူကြီး တင်မောင်ကြည်က ပြောတယ်။
အဖွဲ့ဝင်အဖြစ် ရွေးချယ်ရာမှာတော့ တက္ကသိုလ် ကျောင်းသား ဘွဲ့ရ ဖြစ်ရမယ်၊ ပန်းချီ ပန်းပု ဖန်တီးနိုင်သူ ဖြစ်ရမယ် ဆိုပြီး သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
ကံ့ကော်ရွာပုံရိပ်
ကံ့ကော်ရွာ ပန်းချီပြပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ် အထိ နှစ်ပေါင်း ၃၈ နှစ် အတွင်း ၂၇ ကြိမ် ခင်းကျင်း ပြသနိုင်ခဲ့ပါတယ်။ ကံ့ကော်ရွာ ပန်းချီပြပွဲကို ပြည်တွင်းသာမက ပြည်ပတွင်လည်း ပြသွားရန် ရည်ရွယ် ထားရာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ သုဝဏ္ဏဘူမိ ပြခန်းမှ ဒေါ်မာမာရဲ့ ပံ့ပိုးမှုနဲ့ 17 A Gangaw Village Art Exhibition ကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီမှာ ပထမဆုံး ကျင်းပနိုင်ခဲ့ပါတယ်။ ဒုတိယ ပြည်ပပြပွဲကိုလည်း Freedom in Bloom Gangaw Village art Experinmental Art in 1980s Burma အမည်နဲ့ Fukuoka Asian Art Museum မှာ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်နိုင်ခဲ့ပြီး ကံ့ကော်ရွာ အနုပညာ ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့ပါတယ်။
အတိတ်ကို လွမ်း၊ အနာဂတ်ကို လှမ်း
“၁၉၈၈ ခုနှစ် အရေးအခင်း နောက်ပိုင်းမှာ တက္ကသိုလ်တွေ အပိတ်ခံလိုက်ရတော့ ကံ့ကော်ရွာသူ ရွာသားတွေလည်း အရင်ကလို တွေ့ဆုံဖို့ မလွယ်တော့ဘူးလေ။ တချို့ ပန်းချီဆရာတွေလည်း နိုင်ငံခြားကို ထွက်ခွာသွားတာလည်း ရှိ၊ အကြောင်းအမျိုးမျိုးနဲ့ ပန်းချီနဲ့ ကင်းကွာသွားတာလည်း ရှိတယ်ပေါ့။ ဘာပဲ ဖြစ်ဖြစ် ကံကော်ရွာ အုပ်စု ပန်းချီပြပွဲကို တနှစ်တကြိမ် ကျင်းပသွားဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ပြပွဲကာလ အတွင်း အချင်းချင်း ပြန်လည်ဆုံတွေ့ခွင့် ရတယ်၊ အချင်းချင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း အတိတ်ကိုလည်း လွမ်း၊ အနာဂတ်ကိုလည်း လှမ်းပေါ့” လို့ ပန်းချီဆရာ တဦးက ပြောပြပါတယ်။
၂၀၁၉ ခုနှစ်တွင် ကျရောက်မယ့် နှစ် ၃၀ မြောက် ကံ့ကော်ရွာ ပုလဲရတု ပန်းချီပြပွဲကို ယုဒသန်ရိပ်သာမှာ လည်းကောင်း၊ ၂၀၂၀ မှာ ကျနေရာက်မယ့် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲအတွက် ကံ့ကော်ရွာ အုပ်စု ပန်းချီပြပွဲကို တက္ကသိုလ် ပရဝုဏ်အတွင်းမှာ လည်းကောင်း ကျင်းပသွားရန် ရည်ရွယ်ထားတယ် လို့ သိရပါတယ်။