နှစ်သစ်ကူးပွဲတော်ဟာ တရုတ်နိုင်ငံမှာ အကြီးမားဆုံး ကျင်းပတဲ့ပွဲတော် ဖြစ်ပါတယ်။ ၂၀၁၆ ဇန်နဝါရီလအထိ တရုတ်နိုင်ငံမှာ လူဦးရေ ၁ ဒသမ ၄ ဘီယံကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ တရုတ်ပြည် ပြင်ပမှာ နေထိုင်တဲ့ တရုတ်လူမျိုး အရေအတွက်က သန်း ၅၀ ကျော် ရှိပါတယ်။ ကမ္ဘာ့လူဦးရေက ၇ ဒသမ ၄ ဘီလီယံနီးပါးရှိတဲ့အတွက် အချိုးချလိုက်ရင် မကြာမီ ကျရောက်တော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာ့လူဦးရေရဲ့ ၁၉ ဒသမ ၆ ရာခိုင်နှုန်း ပါဝင် ဆင်နွှဲကြလိမ့်မယ်ဆို ဆိုနိုင်ပါတယ်။
၂၀၁၆ ခုနှစ်အတွက် တရုတ်နှစ်သစ်ကူးနေ့က ဖေဖော်ဝါရီလ ၈ ရက် ဖြစ်ပါတယ်။ တရုတ်ရိုးရာ ပြက္ခဒိန်အရ ပထမဆုံးလရဲ့ ပထမဆုံးနေ့လည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ဟာ တရုတ်ပြက္ခဒိန်အရ သက္ကရာဇ် ၄၇၁၃ ခုနှစ် ဖြစ်ပါတယ်။ ကြွက်နှစ်၊ နွားနှစ်၊ ကျားနှစ်၊ ယုန်နှစ်၊ နဂါးနှစ်၊ မြွေနှစ်၊ မြင်းနှစ်၊ ဆိတ်နှစ်၊ မျောက်နှစ်၊ ကြက်နှစ်၊ ခွေးနှစ်၊ ဝက်နှစ် ဆိုပြီး ၁၂ နှစ် တကြိမ်လည်ပတ်နေတဲ့ စနစ်အရ ၄၇၁၃ ခုနှစ်ဟာ မျောက်နှစ် ဖြစ်ပါတယ်။ တချို့ကလည်း မီး-မျောက် (Fire Monkey) နှစ်လို့ ခေါ်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ပြက္ခဒိန်က ဓာတ်ကြီး ၅ ပါး (သတ္တု၊ ရေ၊ သစ်သား၊ မီး၊ မြေ) တို့နဲ့ ဆက်နွှယ်နေလို့ ဖြစ်ပါတယ်။
မျောက်လို့ ဆိုလိုက်ရင် မြန်မာတွေ ရင်းနှီးနေတာက “အနောက်သို့ ခရီးသွားခြင်း” (Journey to the West) ဂန္ထဝင် ဇာတ်လမ်းထဲက မျောက်မင်း စွန်းဝူခုံး ဖြစ်ပါတယ်။ စွန်းဝူခုံး ပါဝင်တဲ့ The Monkey King 2 ဇာတ်ကားကို လာမယ့် ဖေဖော်ဝါရီ ၈ ရက် နှစ်သစ်ကူးနေ့မှာ တရုတ်နိုင်ငံမှာ စတင်ပြသမယ်လို့ သိရပါတယ်။
တရုတ်ရိုးရာ ဗေဒင်အရ မျောက်နှစ်မှာ မွေးဖွားသူများဟာ ဟာသဉာဏ် ရွှင်သူများ၊ ထက်မြက်သူများ၊ ဆွဲဆောင်နိုင်စွမ်း ရှိသူများ ဖြစ်ကြပါတယ်။
မျောက်နှစ်ဖွား ထင်ရှားကျော်ကြားသူများထဲက တချို့ကို ဖော်ပြရရင် ဘုရင် ဂျူးလီယက်ဆီဇာ၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ချိန်ဘာလိန်၊ ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ၊ ရုပ်ရှင်မင်းသမီး အဲလီဇဘက်တေလာ၊ ရုပ်ရှင်မင်းသား ယူဘရိုင်းနား၊ အဆိုတော် ရော့ဒ် စတီးဝပ်တို့ ဖြစ်ပါတယ်။