တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ အပါအဝင် ဖြစ်တဲ့ ကဒူးလူမျိုးတွေဟာ ဗမာ ၉ မျိုးအနက် တမျိုးအဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ ကဒူးလူမျိုးများဟာ ရှေးကျလှတဲ့ သက်လူမျိုးစုမှာ ပါဝင်တယ်လို့လည်း အဆိုရှိပါတယ်။ ဘားမား ရိုင်ဖယ်တပ်က ဗိုလ်မှူး အန်းရစ်ခ်ရဲ့ မှတ်တမ်းမှာတော့ ကဒူးလူမျိုးများရဲ့ မူလအစကို ပညာရှင်များ ကာလရှည်ကြာစွာကပင် မဖြေရှင်းနိုင်ဘဲ ရှိနေခဲ့ကြောင်း၊ ရှေးဦး တိဗက်တိုဘားမင်း မျိုးနွယ်စုဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာမှာတော့ ကဒူးလူမျိုးများဟာ ကချင်နဲ့ ချင်းတို့စပ်ကြား ထွန်းကားလာသူများဖြစ်တယ်လို့ သဘောထားကြောင်း မှတ်တမ်းတင်ထားပါတယ်။
ပျံ့နှံ့နေထိုင်မှု – ကဒူးလူမျိုးများရဲ့ မူလဒေသအစဟာ ကသာခရိုင်ရှိ မန်စီဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာ ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ အင်းတော်ကြီးအိုင် ဝန်းကျင်တို့မှာ နေထိုင်ကြပါတယ်။ ကဒူးလူမျိုးများ ပျံ့နှံ့သွားခြင်းဟာ ဘုံဘေဘားမား ကုမ္ပဏီကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုလိုနီခေတ်မှာ ဘုံဘေဘားမား ကုမ္ပဏီက ကဒူးတွေကို သစ်လုပ်ငန်း လုပ်သားများ၊ ဆင်ဦးစီးများ၊ လမ်းဖောက်လုပ်ရေး လုပ်သားများအဖြစ် ငှားရမ်းခဲ့ကြလို့ ဖြစ်ပါတယ်။
လူဦးရေ – ၁၉၃၁ ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ ၃ သောင်း ၆ ထောင်ခန့် ရှိပြီး ကဒူးဘာသာစကား ပြောဆိုသူ ၂ သောင်းခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အခုလက်ရှိမှာတော့ စုစုပေါင်းလူဦးရေ ၂ သိန်းခန့်ရှိကြောင်း၊ ဗမာ အမည်စာရင်းပေါက်သူက ၁ သိန်းဝန်းကျင်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်မှာ ကဒူးအမည်ခံသူ ၃ သောင်းဖြစ်ပြီး ကဒူးဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ၅ သောင်းခန့် ရှိကြောင်း သိရပါတယ်။
ဘာသာစကား – ဗမာစကားနဲ့ ကွဲပြားပြီး ကဒူးစကားလုံးတချို့ဟာ ကချင်စကားလုံးများနဲ့ ၅၀ ရာခိုင်နှုန်းကျော် တူညီတယ်လို့ ဆိုပါတယ်။ ယနေ့ခေတ်မှာတော့ အင်တာနက်ပေါ်မှာ ကဒူးလူငယ်တချို့ စုစည်းလှုပ်ရှားပြီး ကဒူးစကားပြောသင်တန်း ဖွင့်လှစ်နေကြတာကိုလည်း တွေ့ရပါတယ်။
စာပေ၊ ယဉ်ကျေးမှု – စာပေ မှတ်တမ်းတင်ထားတာ မရှိပေမယ့် ဒေသတွင်း စာပေပညာရှင်များရဲ့ ကြိုးပမ်းမှုနဲ့ စာပေပေါ်ပေါက်လာကြောင်း၊ တိုင်းရင်းသား စုံညီ အစည်းအဝေးမှာ ဆုံးဖြတ် အတည်ပြုပြီးဖြစ်ကြောင်း သိရပါတယ်။ Kadu Youth ဆိုတဲ့ ဘလော့ဂ်တခုမှာတော့ ဘာသာဗေဒ ပညာရှင် ဦးထွေးမောင်ကျော်က ဂရီယွန် (Gre-Rom) စာရေးနည်းစနစ်နဲ့ ကဒူးစာရေးနည်းကို ထွင်ထားကြောင်း၊ သရအလုံး ၅၀ နဲ့ ရေးရတဲ့ စာရေးနည်းစနစ်ဖြစ်ကြောင်း၊ သင်ယူရလွယ်ကူပြီး အတိုဆုံးလက်ရေးနည်း စနစ်နဲ့ ရေးထားကြောင်း ဖော်ပြထားပါတယ်။ ယဉ်ကျေးမှု၊ အဝတ်အစား၊ အစားအသောက်၊ ပွဲလမ်းသဘင်တို့ဟာ ဗမာများနဲ့ အတူတူဖြစ်ပါတယ်။
ကိုးကွယ်သည့် ဘာသာ – ကဒူးလူမျိုး အများစုဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။
စီးပွားရေး – တောင်ယာလုပ်ငန်း၊ ရွှေလုပ်ငန်း၊ ဥယျာဉ်ခြံ လုပ်ငန်း၊ မွေးမြူရေး၊ အိုးလုပ်ငန်း၊ ဖျာယက်သည့် လုပ်ငန်းများ လုပ်ကိုင်ကြပါတယ်။ ရိုးရာယက်ကန်း လုပ်ငန်းများကို ပင်လည်ဘူးမြို့နယ်မှာသာ တွေ့ရပြီး တခြားမြို့နယ်တွေမှာ ပျောက်ကွယ်နေပြီလို့ ဆိုပါတယ်။
နိုင်ငံရေး – ရှေးယခင်ကတည်းက မြန်မာမင်းများ လက်အောက်ခံအဖြစ် အမှုထမ်းခဲ့ပါတယ်။ သီပေါမင်း ပါတော်မူသည်အထိ ကဒူးတပ်ရင်း သီသန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘုရင့်ဘဏ္ဍာအတွက် ရွှေခွန်ဆက်သရတဲ့အတွက် ရွှေဝန်ရာထူးကို ထမ်းဆောင်ရတဲ့ လူမျိုးလည်း ဖြစ်ပါတယ်။ အင်္ဂလိပ် လက်ထက်မှာ သစ္စာတော် မခံတဲ့အတွက် နေမျိုးသုဝဏ္ဏတန်ဆောင် ဘွဲ့ခံ ရွှေဝန် ဦးကွတ္တိ အိန္ဒိယကို အပို့ခံရပါတယ်။ ဗိုလ်မှူး အန်းရစ်ခ်ရဲ့ မှတ်တမ်းမှာ “ကဒူးတို့သည် စစ်တပ်တွင် အမှုထမ်းရန် မည်သည့်အခါကမျှ စာရင်းပေးသွင်းခြင်း မရှိခဲ့ပါ” လို့ ရေးပါတယ်။
အင်္ဂလိပ် လက်ထက်ကစပြီး ကဒူးတိုင်းရင်းသား စည်းလုံးမှု ပြိုကွဲခဲ့ပြီး နိုင်ငံရေးနယ်ပယ်မှာ စိတ်ဝင်စားမှု နည်းလာကြတယ်လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ကဒူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ကိုးကား
-Races of Burma – Major C. M. Enriquez (မြန်မာပြန်)
-mgkyarsein.blogspot.com
-မြန်မာဝီကီပီဒီးယား
-joshuaproject.net