မြန်မာ့ ရေဆေးပန်းချီလောကမှာ ထင်ရှားတဲ့ ပန်းချီဆရာ ၃ ဦးရဲ့ ရေဆေးလက်ရာ ပန်းချီကားများကို ဖေဖော်ဝါရီ ၁၄ က ၁၇ ရက်နေ့ အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ရေးဆေး မီဒီယံကို နှစ်သက်စွဲလမ်းစွာ တစိုက်မတ်မတ် ရေးဆွဲလျက်ရှိတဲ့ ပန်းချီ ခင်မောင်ဇော်၊ ပန်းချီ မြင့်နိုင်၊ ပန်းချီ အောင်ဆင့်တို့ရဲ့ ရေးဆွဲတင်ပြမှု အသွင်ကွဲတဲ့ လက်ရာ ရေဆေး ပန်းချီကား ၄၀ ကျော် ပြသသွားမှာ ဖြစ်ကြောင်း၊ ယခုပြပွဲဟာ ၎င်းတို့ ရေဆေးအဖွဲ့ရဲ့ တတိယ အကြိမ်မြောက် ပြပွဲ ဖြစ်ပြီး ၂၀၁၄ ခုနှစ်က စတင်ခဲ့ကြောင်း ပန်းချီ ခင်မောင်ဇော်က ပြောပါတယ်။
“ကျနော်တို့ရဲ့ Watercolor Art Show က ၂၀၁၄ ခုနှစ်က စတင်ခဲ့တာပါ။ ပန်းချီ မိုးညို၊ ပန်းချီ မြင့်နိုင်၊ ပန်းချီ အောင်ဆင့်နဲ့ ကျနော်တို့ ပူးပေါင်း ပြသခဲ့တာပါ။ အခုပွဲမှာတော့ အခြေအနအရ ပန်းချီ မိုးညို မပါနိုင်တာပါ။ ပြပွဲပါဝင်ဖို့နဲ့ ကန့်သတ်ချက် ရယ်လို့တော့ မရှိဘူး။ ရေဆေးပူးပေါင်း တင်ဆက်ပြသတဲ့ လှုပ်ရှားမှုကို ကျနော်တို့ ဆက်လက် လုပ်ဆောင် သွားမှာပါ။ တခြားနိုင်ငံတွေကို သွားရောက်ပြီးတော့လည်း ပြသဖို့ စီစဉ်နေသလို တခြားနိုင်ငံက ပန်းချီဆရာ မိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်ပြီး ဒီမှာ ပြပွဲတွေ လုပ်သွားမှာပါ။ ကျနော်တို့နဲ့ ပူးပေါင်းပြသချင်တဲ့ ပန်းချီဆရာတွေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်း ပြသသွားမှာပါ” လို့ ပန်းချီ ခင်မောင်ဇော်က ပြောပါတယ်။
၁၉၆၇ ခုနှစ်ဖွား၊ ရခိုင်ပြည်နယ် တောင်ကုတ်ဇာတိသား ပန်းချီ မြင့်နိုင်ရဲ့ လက်ရာက ရန်ကုန်မြို့ပြ အဆောက်အဦများကို Tone အားကောင်းကောင်း၊ အရောင်လွင်လွင်တွေနဲ့ ရေးဆွဲတင်ပြသလို၊ ၁၉၆၈ ခုနှစ်ဖွား၊ တနင်္သာရီတိုင်း ထားဝယ် ဇာတိသား ပန်းချီ အောင်ဆင့်ကတော့ ရေနဲ့ ကြာတို့ရဲ့ အလှနဲ့ သဘာဝကို အသေးစိတ် (Deatail) ရေးဆွဲ တင်ပြထားတဲ့ ပန်းချီကားတွေ ကြည့်ခံစားရမှာ ဖြစ်ပါတယ်။
၁၉၇၀ ခုဖွား၊ တနင်္သာရီ မြိတ်ဇာတိသား ပန်းချီ ခင်မောင်ဇော်ရဲ့ လက်ရာတွေက အတွေးစိတ်ကူးထဲက ပုဂံလို့ ပြောနိုင်အောင် မြန်မာ့ အသည်းနှလုံး ပုဂံဒေသရဲ့ အလှအပကို မိုနိုခရုမ်းနဲ့ အရောင်စူးစူး ပေါင်းစပ်ရေးဆွဲထားတဲ့ ပန်းချီကားတွေ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။