မြန်မာနိုင်ငံသည် လက်ဖက်ရည်ဆိုင် အရေအတွက် အလွန်များပြားသည့်နိုင်ငံတခုဖြစ်သည်။ မြို့ရော တောပါမကျန် လျှပ်စစ်မီးသာ ရှိချင်မှ ရှိပေမယ့် လက်ဖက်ရည်ဆိုင်ကတော့ တောရော မြို့ပါမကျန် ရှိကြသည်။ သို့သော် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်များသည် အခြားမြို့များနှင့်မတူပဲ ခြားနားမှုတွေရှိသည်။ ဆိုင်တွေမှာ စားစရာအစားအစာ၊ ဝန်ဆောင်မှုတို့ ခြားနားသလို ဆိုင်အများစုတွင် အင်တာနက် ဝိုင်ဖိုင် အခမဲ့ဝန်ဆောင်မှုပေးခြင်းသည်လည်း ထူးခြားသည်။
“ မန္တလေးြမို့တွင် အရေးကြီးသော စကားလုံးများသည် လက်ဖက်ရည်ဆိုင်ကနေ စတင်ကြသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်က မှတ်ချက်ပြုဖူးသည်။ အထက်ပါစကားကို မန္တလေးမြို့ရှိ နာမည်ကျော် လက်ဖက်ရည်ဆိုင်တဆိုင်တွင် မြို့ခံမိတ်ဆွေများနှင့် ခင်မင်ရင်းနှီးစွာ လက်ဖက်ရည်သောက်ရင်း အနာဂတ် မြန်မာနိုင်ငံရေးများကို ပြောဆိုဆွေးရင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
သံအမတ်ကြီးသည် မန္တလေးမြို့ကို မကြာခဏ အလည်လာသည်။ မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို သဘောကျသူတဦးလည်းဖြစ်သည်။
မန္တလေးမြို့တွင် ဌာနဆိုင်ရာ အစိုးရဝန်ထမ်းတွေ၊ ကုမ္မဏီဝန်ထမ်းတွေသည် အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ မတိုင်မီ လက်ဖက်ရည်ဆိုင်တွင် ဦးဆုံးထိုင်ကြကာ ပြောဆို နှီးနှော တိုင်ပင် ဖောက်သည်ချတက်သလို မြေသမား၊ ကျောက်စိမ်းသမား၊ ကားသမား၊ ကောက်ပဲသီးနှံသမားတို့သည်လည်း အရောင်းအဝယ်တွေအတွက် လက်ဖက်ရည်ဆိုင်က အစပြုကြသည်က များသည်ဟု သံအမတ်ကြီးက ဆိုလိုခြင်းပင်ဖြစ်သည်။
မန္တလေးတွင် ဆင်းရဲသားကအစ သူဌေးကြီးတွေအဆုံး လက်ဖက်ရည်ဆိုင်နှင့် သိပ်မကင်းကြချေ။ တနည်းနည်းနှင့် ပတ်သက်ကြရသည်။ အစားအသောက်အတွက်၊ အရောင်းအဝယ်အတွက်၊ တွေ့ဆုံဆွေးနွေးပွဲအတွက်၊ မိတ်ဆွေအပေါင်းအသင်းတို့နဲ့ ဆုံဆည်းရာသည် လက်ဖက်ရည်ဆိုင်ပင်။
ယနေ့ခေတ်တွင်တော့ မန္တလေးရှိ လက်ဖက်ရည်ဆိုင်များသည် လက်ဘက်ရည်လောက်သာ သောက်နိုင်သည့် နေရာတခုတင် မဟုတ်တော့ချေ။ ရုံးခန်းဆိုလည်းဟုတ်၊ ဈေးဆိုင်ခန်းဆိုလည်း ဟုတ်နေပြီဖြစ်သည်။
မန္တလေးမြို့သည် လက်ဖက်ရည်ဆိုင် အလွန်ပေါများသည့် မြို့တစ်မြို့ဖြစ်သည်။ အရင်က မန္တလေးမြို့ကို စက်ဘီးအသုံးပြုမှုများခဲ့ကြသောကြောင့် စက်ဘီးမြို့တော်ဟု တင်စားခေါ်ဝေါ်ခဲ့ကြဖူးသည်။ ယခုအခါ လက်ဖက်ရည်ဆိုင်များပြားလာခြင်းကြောင့် လက်ဖက်ရည်ဆိုင်မြို့တော်ဟု တင်စားလျှင်လည်း မှားမည်မထင်ပါ။ မန္တလေးမြို့ရှိ ရပ်ကွက်တိုင်း လမ်းတိုင်းတွင် လက်ဖက်ရည်ဆိုင်များကို တွေ့နိုင်သည်။ အချို့ဆိုင်များသည် ခပ်သေးသေး။ အချို့ဆိုင်များသည် ခပ်ကြီးကြီး။
အမှန်တကယ်တော့ မန္တလေးမြို့လက်ဖက်ရည်ဆိုင်များသည် ခေတ်ဖြတ်သန်းမှုအလိုက် ဆိုင်အခင်းအကျင်း၊ တွေကအစ စားသောက်စရာအဆုံး အဆင့်ဆင့် ပြောင်းလဲလာခဲ့ကြသည်။
လွန်ခဲ့သည့် အနှစ် ၃၀ နီးပါးက မန္တလေးမြို့ လက်ဖက်ရည်ဆိုင်များသည် တကယ့်ပီဘိ လက်ဖက်ရည်ဆိုင်များဖြစ်ခဲ့ကြသည်။ ဆိုင်အရွယ်အစား ခပ်သေးသေးများသာပင်။ ဆိုင်တွင်လည်း လက်ဖက်ရည်၊ ကော်ဖီ(ဆိုင်ဖျော်)၊ ပေါင့်မုန့် ကိတ်မုန့်လောက်သာ ရောင်းချကြသည်။ ဈေးနှုန်းကလည်း လက်ဖက်ရည်တခွက် တကျပ်၊ ငါးမတ်လောက်သာဖြစ်သည်။ နည်းနည်းကြီးသည့်ဆိုင်များတွင်သာ အီကြာကွေး၊ ပလာတာ၊ ထပ်တရာ၊ နံပြား ပေါင်မုန့်ထောပတ်သုပ်၊ ပဲနံပြား၊ ပေါင်မုန့်နို့ဆမ်း စသည်လောက်သာ ရရှိနိုင်သည်။ အခြားရွေးချယ်စားသောက်စရာ များများစားစားမရှိ။ ဆိုင်အခင်းအကျင်းသည်လည်း မသားနား၊ မကြီးကျယ်ချေ။ မန္တလေးမြို့ဆင်ခြေဖုံး ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်များတွင် ကျားခုံ၊ ချက်စ်(စစ်တုရင်ခုံ)၊ ကြွေခုံများထားရှိပေးထားပြီး ဝါသနာပါပါက အပျင်းပြေ ကျားထိုးနိုင်သည်၊ ချက်စ်ကစားနိုင်သည်၊ ကြွေအံကစားနိုင်သည်။
လက်ဖက်ရည်ဆိုင်များ၏ ဖျော်ဖြေမှုကလည်း ယနေ့ခေတ်လို စလောင်းမရှိ၊ ဂြိုလ်တုမရှိသေးသည့် အချိန်ဖြစ်တာကြောင့် ဘောလုံးပွဲလည်း မကြည့်ရှုနိုင်၊ နိုင်ငံတကာသတင်းတွေလည်း အချိန်နဲ့တပြေးညီ မကြည့်နိုင်ခဲ့ကြချေ။ ကက်ဆက်တိပ်ခွေများနှင့် သီချင်းနားထောင်ရသည့် ခေတ်ဖြစ်သည်။ တခါတရံ ဆိုင်ကဖွင့်ပေးထားသည့် တိပ်ခွေက သီချင်းကိုသာ နားထောင်ခွင့်ရပြီး တခါတရံ ဆိုင်ကို လက်ဖက်ရည်လာသောက်သူက ဖွင့်ခိုင်းသည့် သီချင်းကို နားထောင်ရသည်။ လက်ဖက်ရည်ဆိုင်များတွင် ကက်ဆက်တိပ်ခွေသီချင်းတွေ၊ ဇာတ်လမ်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ဖူးသည့် နေရက်များပင်ဖြစ်သည်။
ထိုခေတ်ထိုအခါက လူကြီးမိဘများသည် ကိုယ့်တူ ကိုယ့်သား ကျောင်းသားအရွယ်များ လက်ဖက်ရည်ဆိုင်ထိုင်ကြသည်ကို မကြိုက်ကြချေ။ လက်ဖက်ရည်ဆိုင်ထိုင်သူကို လမ်းသရဲများဟု သတ်မှတ်ချင်ကြသည်။ သို့သော် ထိုလက်ဖက်ရည်ဆိုင်ထိုင်သည့် ယဉ်ကျေးမှုကို မတားဆီးနိုင်ခဲ့ကြပါ။ မန္တလေးမြို့ လက်ဖက်ရည်ဆိုင်များကနေ ထင်ရှားသည့် အနုပညာရှင်များ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများစွာ ပေါ်ထွန်းခဲ့ကြသည်။ လက်ဖက်ရည်ဆိုင်တနေကုန်ထိုင်ကာ၊ ဆေးပေါ့လိပ် တလိပ်ပြီးတလိပ်သောက်၊ ရေနွေးကြမ်းတအိုးပြီး တအိုးမှာသောက်ကာ ကဗျာတွေ၊ အက်ဆေးတွေ ဟောတပုဒ် ဟောတပုဒ် ထွက်ခဲ့ကြဖူးသည်။ မြန်မာနိုင်ငံရေးစနစ် အပြောင်းအလဲအတွက် နိုင်ငံရေးသမားတွေ ပေါ်ထွက်ခဲ့သည်။
၁၉၈၈ နောက်ပိုင်း လက်ဖက်ရည်ဆိုင်ပုံစံများသည် တဖြည်းဖြည်းပြောင်းလဲလာသည်။ ဆိုင်အရွယ်အစားတွေ ကြီးမားလာသည်။ တခမ်းတနားဖြစ်လာသည်။ ဈေးနှုန်းတွေလည်း ပြောင်းလာသည်။ လက်ဖက်ရည်၊ ကော်ဖီ၊ ပေါင်မုန့် ကိတ်မုန့်တင်မကတော့ အခြားစားသောက်စရာများပါ ရောင်းချလာကြသည်။ မုန့်တီ၊ မုန့်ဟင်းငါး၊ ထမင်းဆီဆမ်း၊ ထမင်းသုပ်တို့အပြင် အအေးမျိုးစုံပါ တွဲဖက်ရောင်းချလာကြသည်။ ကက်ဆက်တိပ်ခွေနဲ့ သီချင်းဖွင့်တဲ့အစား ရုပ်မြင်သံကြားတွေထားရှိကာ နိုင်ငံတကာဘောလုံးပွဲများပြသခြင်း၊ ထိုင်းရုပ်သံကပြသတဲ့ သုံးလုံးချဲထီဖွင့်ပွဲ တိုက်ရိုက်ပြသခြင်း၊ ပြည်တွင်းပြည်ပ ဗီဒီယို ဇာတ်လမ်းများပြသခြင်းတွေ ရှိလာသည်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု သိသိသာသာ ပြောင်းလဲလာခြင်း သင်္ကေတများပင်ဖြစ်သည်။
ယနေ့ခေတ်အခါတွင်တော့ လက်ဖက်ရည်ဆိုင်များသည် ယခင်ခေတ်ဆိုင်များနှင့် လုံးဝသိသာစွာ ကွဲပြားသွားခဲ့ပြီဖြစ်သည်။ မြန်မာထမင်းဟင်းမျိုးစုံရသည်။ အရှေ့တိုင်း အနောက်တိုင်း အစားအသောက်တွေအပြင် မြန်မာ့ရိုးရာ အစားအစာ၊ တိုင်းရင်းသားရိုးရာ အစားအစာများပင် ရရှိလာသည်။ မနက်စာအတွက် သက်သက်၊ လက်ဖက်ရည်အတွက် သက်သက် သီးခြားစီထိုင်စရာမလိုတော့ချေ။ တထိုင်တည်း တနေရာတည်းမှာပင် စားချင်ရာ သောက်ချင်ရာ ရရှိပြီဖြစ်သည်။ စားစရာစုံလင်လှသလို အရသာလည်း ကောင်းကြသည်။
ထို့ပြင် လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည်သောက်စရာနေရာ၊ အစားအသောက် စားစရာနေရာတင် မဟုတ်တော့ချေ။ လက်ဖက်ရည်ဆိုင်များသည် ရုံးခန်းတွေဆန်လာသည်။ ဈေးဆိုင်ခန်းတွေဆန်လာသည်။ ဖျော်ဖြေရေးတွေဆန်လာသည်။ ဝိုင်ဖိုင် အင်တာနက် အပြိုင်အဆိုင်တက်ဆင်ပြီး ကမ္ဘာကြီးရှိ နေရာအသီးသီးကို အလွယ်တကူ ဆက်သွယ်စကားပြောနိုင်သော နေရာဖြစ်လာသည်။ လူမှုကွန်ယက်ဖေ့ဘုတ်အသုံးပြုပြီး ချက်တင်ထိုင်ရာ နေရာဖြစ်လာသည်။
မနက်ပိုင်းမှာ အစိုးရ ရုံးဝန်ထမ်းတွေ၊ ကုမ္မဏီဝန်ထမ်းတွေ၊ လုပ်ငန်းခွင်အသီးသီးကို သွားရောက် အလုပ်လုပ်ကြမည့် အလွှာအသီးသီးက ကာယဉာဏ လုပ်သားတွေ လုပ်ငန်းခွင်မဝင်ခင် လက်ဖက်ရည်သောက်ရင်း မနက်စာတခုခုစားရင်း တွေ့ဆုံစရာ ဆွေးနွေးစရာ မိုလ်ဘိုင်းအော့ဖစ်( Mobile Office) ဖြစ်လာခဲ့သည်။ ကုန်သည်တွေ၊ စီပွားရေးသမားတွေ ဆုံဆည်းရင်း ကျပ်သိန်းပေါင်းများစွာ တန်သည့် မြေကွက်တွေ ကျောက်စိမ်းတွေ၊ ကောက်ပဲသီးနှံတွေ၊ ကားတွေ ရောင်းဝယ်ဖောက်ကားရာနေရာဖြစ်လာသည်။ လက်ဖက်ရည်ဆိုင်တွင် လာထိုင်လေ့ရှိသူများ ခင်မင်ရင်းနှီးလာကာ စုစည်းပြီး လူမှုရေးပရဟိတအသင်းတွေ၊ သာရေးနာရေးအသင်းတွေ ဖွဲ့စည်းလာကြသည်။
မန္တလေးမြို့အတွက် လက်ဖက်ရည်ဆိုင်များသည် နေ့လည်နေခင်း နေ့လည်စာ စားသုံးရာနေရာ၊ အဆာပြေ အိပ်ချင်ပြေ လဘက်ရည်သောက်ရာ စီးကရက်ဖွာရာ အပန်းဖြေအနားယူစရာ နေရာဆိုလည်း ဟုတ်လာသည်။
မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုသည် ရှင်သန်နေသည်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနဲ့အတူ မြို့ခံ မန္တလေးသူ မန္တလေးသားများလည်း ရှင်သန်နေကြသည်။ မန္တလေးမြို့အတွက် လက်ဖက်ရည်ဆိုင်များသည် ရုံးခန်းများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ ဖြစ်နေကြပြီဖြစ်သည်။
(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)