ဗြိတိသျှကောင်စီ၊ ဆွစ်ဖွံ့ဖြိုးရေး အေဂျင်စီ (Swiss Agency for Development and Cooperation – SDC) နှင့် New Zero Art Space တို့ ပူးပေါင်း၍ လက်မှုမှသည် အနုပညာဆီသို့ မြန်မာအနုပညာလက်ရာပြပွဲနှင့် လက်မှုပစ္စည်း အရောင်းပွဲတော်ကို ရန်ကုန်မြို့ ကန်တော်ကြီး အပန်းဖြေဇုန်အတွင်းရှိ ကရဝိက်ဥယျာဉ်၌ ဖေဖော်ဝါရီ ၂၆ မှ မတ် ၁ ရက်နေ့ အထိ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။
ယင်း အရောင်းပွဲတော်တွင် ပင်မပြခန်းတခုနှင့် လက်မှုမှသည် အနုပညာဆီသို့ ပရောဂျက်တွင် ပါဝင်ခဲ့သည့် နယ်ပယ် အသီးသီးမှ လက်မှုပညာရှင်များ၏ ဆိုင်ခန်းများ၊ လက်မှုဆိုင်ရာ အဖွဲ့အစည်း၏ အရောင်းပြခန်းနှင့် တခြား ပညာရှင်များ လာရောက် ဖွင့်လှစ်ရောင်းချမည့် ဆိုင်ခန်းများ စုစုပေါင်း ၅၀ ကျော်ပါဝင်ကြောင်း၊ ပြပွဲကာလအတွင်း နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉ နာရီ အထိ ပြသသွားမည် ဖြစ်ကြောင်း၊ လက်မှုပညာကို ချစ်မြတ်နိုး စိတ်ပါဝင်စားကြသူ မည်သူမဆို လာရောက်ကြည့်ရှု၍ သိလိုသည်များကို လွတ်လပ်စွာ မေးမြန်းဆွေးနွေးနိုင်ကြောင်း သိရသည်။
ပြပွဲတွင် ပါဝင်သည့် လက်မှုပညာရပ်များမှာ မြေထည်နှင့် စဉ့်ထည်လုပ်ငန်း၊ ရှမ်းရိုးရာယွန်းထည်၊ ငွေထည်၊ ဝါးလက်မှုပညာရပ်များ၊ ကျောက်သင်ပုန်းကျောက် လက်မှုပညာရပ်များ၊ သစ်သားပန်းပုနှင့် သစ်သားလက်မှုပညာရပ်၊ ကျောက်ဆစ်၊ ကချင်ရိုးရာချည်ထည်များ ချင်းရိုးရာချည်ထည်များနှင့် နာဂရိုးရာချည်ထည်များ၊ ခရုကမာဖန်တီးမှု လက်ရာများ၊ ရွှေချည်ထိုး၊ ရုပ်သေးနှင့် ဆေးတံများ ပါဝင်မည်ဟု သိရသည်။
ရှမ်းပြည်နယ် အင်းလေးဒေသ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့၊ ချင်းပြည်နယ်တောင်ပိုင်း မတူပီဒေသ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း စသည့် ဒေသများမှ လက်မှုပညာရှင်များ၊ ကိုယ်စားလှယ်များ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
လက်မှုမှသည် အနုပညာဆီသို့ ပရောဂျက်ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပြီး၊ ပထမနှစ် စီမံကိန်းကာလကို ၂၀၁၄-၁၅ တွင်လည်းကောင်း၊ ဒုတိယ စီမံကိန်းကာလကို ၂၀၁၅-၁၆ တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။