အနုပညာ ပြခန်းဆိုတာ အနုပညာ မျက်နှာစာတခု၊ အနုပညာလက်ရာတွေ ကြည့်ရှုခံစားဖို့ အဝင်၀ ဂိတ်တခါး တခုပါ။ အနုပညာ လက်ရာတွေသာမက ဖန်တီးသူ အနုပညာရှင်တွေရဲ့ ဘဝတွေ၊ ခံစားမှုတွေလည်း စုဆုံနေတဲ့ နေရာ၊ ဖန်တီးမှုသစ် အတွက် အချင်းချင်း တွေ့ဆုံ ဆွေးနွေးနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ပြီးတော့ အနုပညာ မြတ်နိုးသူတွေ အတွက်လည်း အလွယ်တကူ ဝယ်ယူအားပေးနိုင်တဲ့ နေရာ ဖြစ်တာကြောင့် အနုပညာရဲ့ ဆိုလိုရင်းဖြစ်တဲ့ ညီညွတ်ခြင်း၊ မျှတခြင်း၊ ပေါင်းစည်းခြင်း စတဲ့ အဓိပ္ပာယ်တွေ ပေါင်းဆုံပြည့်ဝနေတဲ့ နေရာပါပဲ။ အနုပညာ ပြခန်းတွေ များပြားလာတာဟာ အနုပညာရပ်ဝန်း ကျယ်ပြန့်လာစေတာပါပဲ။ တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အနုပညာ တိုးတက်ဖို့ သက်ဆိုင်ရာ တိုင်းပြည်အစိုးရတွေက အားပေးမြှင့်တင်ပေးနေတာ တွေ့ရပါတယ်။
အနုပညာ အားပေးထွန်းကားမှု သမိုင်းကို ပြန်လေ့လာကြည့်တဲ့ အခါ ဒုတိယကမ္ဘာစစ် မတိုင်ခင်က ဆိုရင် ဥရောပနိုင်ငံတွေ အထူးသဖြင့် ပြင်သစ်မှာ ထွန်းကားခဲ့ပါတယ်။ အဲဒီနောက် အနုပညာ အားပေးထွန်းကားမှုက အမေရိက ကို ရွေ့သွားပါတယ်။ အခု ၂၁ ရာစုမှာတော့ အရှေ့တိုင်းနိုင်ငံတွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေ သုံးသပ်ပါတယ်။ အဲဒီလို အနုပညာဖွံ့ဖြိုးအားကောင်းတဲ့ ရပ်ဝန်းဒေသကြီး ဖြစ်ဖို့ အာရှနိုင်ငံတွေ အပြိုင်အဆိုင် ကြိုးပမ်းလာကြပါတယ်။ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ စတဲ့နိုင်ငံတွေပါ။ တရုတ်မှာဆိုရင် ကမ္ဘာ့ တတိယ အကြီးဆုံး အနုပညာဈေးကွက် (World Third Art-market) ဖြစ်ဖို့ နိုင်ငံစုံပါဝင်တဲ့ ကော်ပိုရေးရှင်းကြီးတွေ စုစည်းပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြန်မာမှာတော့ အုပ်စုဖွဲ့ လုပ်ဆောင်တာမျိုး မတွေ့ရသေးဘဲ ကိုယ်တတ်နိုင်သလောက်၊ တပိုင်တနိုင်နဲ့ ပြခန်းဖွင့်ဖွင့်လှစ် လုပ်ဆောင်နေတာမျိုးပဲ အများဆုံးတွေ့ရပါတယ်။ အဲဒီထဲမှာ အချိန်တို အတွင်း လူသိများလာတဲ့ နဝဒေးသာလာ (Nawaday Tharlar) ပန်းချီပြခန်း အကြောင်း လေ့လာတင်ပြပါမယ်။ ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်း အမှတ် ၂၀ (ခ)၊ အခန်းအမှတ် ၃၀၄ မှာ ဖွင့်လှစ်ထားတဲ့ နဝဒေးသာလာ ပန်းချီပြခန်းကို ၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။ ပြခန်း စတင်ဖွင့်လှစ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ပြခန်းပိုင်ရှင် ကိုပြည့်ဝေက အခုလို ပြောပြပါတယ်။
“ပြခန်း ဖွင့်ဖြစ်သွားတာက အနုပညာ အသိုင်းအဝိုင်းနဲ့ အနေနီးစပ်တာကြောင့်ပါ။ ကျနော်က နိုင်ငံခြားသားတွေကို စာသင်တယ်၊ တချို့နိုင်ငံခြားသားတွေက ပန်းဆိုးတန်း ပြခန်းမှာ အမြဲအဝင်အထွက် ရှိနေတယ်၊ အဲဒီလိုနဲ့ ကျနော်လည်း ပြခန်းကို ရောက်ဖြစ်လာသလို ပြခန်းနဲ့ ပြပွဲတွေ ကြည့်ဖြစ်၊ လေ့လာဖြစ်ရာကနေ ပြခန်းဖွင့်ဖို့ ဖြစ်လာတဲ့ အထိပါ။ ၂၀၁၁ ကနေ ၂၀၁၂ လောက်အထိ ပန်းချီဆရာတွေ ဘာပြောလဲ၊ ဘယ်လို ရောင်းဝယ်ကြလဲ ဆိုတာတွေ လေ့လာခဲ့တယ်ပေါ့။ နောက်တော့ ၂၀၁၂ မှာ ကျနော် ပြခန်းဖွင့်လှစ်ခဲ့တာပါ”
နဝဒေးသာလာ အမည် ယူခဲ့တာနဲ့ ပတ်သက်ပြီး ကိုပြည့်ဝေ ဆက်ပြောတာက “စီးပွားရေး အရတွေးရင် လမ်းအမည်နဲ့ ရှာရင် ပိုလွယ်ကူတာပေါ့။ ဒါပေမယ့် ကျနော် လမ်းအမည်ဖြစ်တဲ့ နဝဒေးကို ယူတာ မဟုတ်ဘူး။ ပထမ စဖွင့်တော့ နဝဒေးလမ်းကနေ အတွင်းဘက် ဝင်ရတဲ့ လမ်းသွယ်လေးဆိုတော့ နဝဒေးအာလီလို့ အမည်ပေးပေမယ့် နဝဒေးပဲ ခေါ်ကြတယ်။ နောက် ဒီဘက် ယောမင်းကြီးလမ်းကို ရွှေ့တဲ့အခါ ကျတော့ နဝဒေးလို့ပဲ အမည်ပေးလိုက်တယ်။ ကျနော် စဉ်းစားမိတာက န၀ ဆိုတာက ပါဠိလို ၉ လို့လည်း အဓိပ္ပာယ်ရသလို အသစ် လို့လည်း အဓိပ္ပာယ်ရတယ်။ တော်တော်များ များက ၉ ကဏန်းက ကံကောင်းတဲ့ Lucky နံပါတ်ဆိုပြီး ကြိုက်ကြတယ်။ ဒါကြောင့် ‘နဝ’ ကိုယူပြီးတော့ ‘ဒေး’ ကျတော့ အင်္ဂလိပ်လို နေ့ ပဲလေ၊ နဝဒေးဆိုတော့ A New Day ဆိုပြီးတော့ အဲ့လိုပဲ ယူလိုက်တာလေ။ ပြီးတော့ သာလာက ဘာလို့ ထည့်လိုက်တာလဲ ဆိုတော့ ပါဠိစကားမှာ သာလာက ဇရပ်၊ စုဝေးတဲ့နေရာ လို့ အဓိပ္ပာယ် ရတယ်။ နဝဒေးသာလာ ဆိုတာက A place for a new day (နေ့စဉ် အသစ်သစ်တွေ ဖန်တီးတဲ့နေရာ၊ အိုင်ဒီယာအသစ် ရှာတဲ့နေရာ) ဆိုပြီးတော့ အဲ့ဒါယူထားတာ” လို့ ပြောပြပါတယ်။
နဝဒေးသာလာနဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ဖွင့်တဲ့ “နဝဒေး ပြခန်း” အမည်ဆင်တူ ဖြစ်နေတာကြောင့် အနှောင့်အယှက် တချို့ ကြုံရတာတွေ ရှိပေမယ့် တခြား ပြဿနာ ရှိဘူးလို့ သူက ပြောပါတယ်။
“ဦးခင်ညွန့်က နဝဒေးရိပ်သာအနီးမှာ နဝဒေး အမည်နဲ့ ပြခန်း ဖွင့်မယ်ဆိုတော့ သူတို့နဲ့ တူလို့မဖြစ်ဘူး ဆိုပြီး ကျနော် စဉ်းစားတော့ အဲဒီနောက်မှာ သာလာထည့်လိုက်တယ်။ ဒါပေမယ့် လူတော်တော်များများက အခုအချိန်အထိ မကြာခဏ ဖုန်းမှား ဆက်ကြသေးတယ်။ ဦးခင်ညွန့်နဲ့ အင်တာဗျူးချင်လို့ပါ တဲ့။ ဖုန်းပြန်ဖြေလိုက်ရင် တခြားနိုင်ငံက လှမ်းဆက်တာ ဖြစ်ပြန်ရော၊ ဦးခင်ညွန့်နဲ့ အင်တာဗျူးလို့ရလား ဆိုပြီး မေးတော့ ကျနော် ဦးခင်ညွန့် မဟုတ်ဘူးလို့ ဖြေရတာပေါ့။ ကျနော် ဝက်ဘ်ဆိုဒ်တို့ facebook မှာတို့က ဖုန်းနံပါတ်တွေ ပါတာကိုး၊ သူတို့ အရေးကြီးလို့ရှိရင် လှမ်းလှမ်းဆက်တယ်၊ အခုအချိန်ထိပါပဲ၊ တချို့ကတော့ ပြောပါတယ်၊ ကိုယ်က အရင်လုပ်တာ၊ သူတို့က နောက်မှလုပ်တာ လုပ်ခွင့်မရှိဘူး ဘာညာ ဆိုပြီး ပြောတာပေါ့။ အမှန်အတိုင်းပြောရရင် ကျနော် မထိခိုက်ဘူး၊ စောစောက ပြောသလို အနှောင့်အယှက်လို့ စိတ်ထဲမှာ အဲ့ဒီလို တွေးရင်တော့တွေးစရာပေါ့။ ဒါပေမယ့် ဘာမှ မဖြစ်ဘူး၊ မထိခိုက်ပါဘူး” ဂယ်လာရီ ဖွင့်လာတဲ့ သက်တမ်း ၄ နှစ်ကျော် အတွင်း အစောပိုင်းလုပ်ရတဲ့ပုံစံ၊ နောက်ပိုင်းလုပ်ရတဲ့ပုံစံ အဲ့ဒါတွေနဲ့ အခက်အခဲတွေ အကြောင်းလည်း မေးမြန်းဖြစ်ပါတယ်။
“လုပ်ရတဲ့ ပုံစံကတော့ သိပ်မထူးပါဘူး နဂိုအတိုင်းပဲ၊ ဒါပေမယ့် ပုံစံမတူဘူး ဆိုပေမယ့် လုပ်နည်း ပြောင်းသွားတာတွေ ရှိတယ်၊ ကျနော့် စိတ်ထားပေါ့။ အရင်တုန်းက ဆိုရင် Artist တွေကို စိတ်ဓာတ်မကျအောင် အားပေးရတာ ပိုများတယ်၊ လုပ်အားဖြင့်ရော၊ ငွေအားဖြင့်ရော၊ ကိုယ်နိုင်တဲ့ဟာရော အခုနောက်ပိုင်းကျတော့ Artist ကို စိတ်ဓာတ်ပိုင်းဆိုင်ရာထက် တခြားအပိုင်းတွေ ပိုလုပ်ပေးရတယ်၊ အတိုင်းအတာတခုအထိ ပွင့်လာပြီလေ၊ နဂိုနဲ့ စာရင် အတိုင်းအတာ တခုအထိ ပိုပြီးတော့ ရောင်းလာပြီ၊ အဲဒီအချိန်မှာ ဒီတဆင့်ကနေ နောက်တဆင့်အထိ ဘယ်နိုင်ငံကို ဘယ်လိုတိုးမယ်၊ ဘယ် Museum တွေထိ စာအုပ်ထုတ်ဖို့ ဘာတွေလုပ်မယ်၊ အကုန်လုံးပေါ့နော်၊ အဲဒီလို ဘက်တွေ ပိုပြီးတော့စဉ်းစားပြီး လုပ်ဖို့ အချိန် ပေးတာများတယ်၊ အရင်တုန်းက ကျတော့ အပြင်ထွက်ဖို့ဆိုတာထက် ကိုယ့် Artist တွေ စိတ်ဓာတ်မကျအောင်၊ အဆင်ပြေအောင်ပဲ ခေါင်းထဲထည့်ထားရတာ များတယ်၊ အဲဒီတော့ သူတို့လည်း အထိုက်အလျောက် အဆင်ပြေလာပြီ ပိုပြီး ကျယ်ပြန့် အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားနေပါတယ်”
တခြားနိုင်ငံက Artist တွေနဲ့ ဒီက Artist တွေကြား ဖန်တီးမှု ဘယ်လို ကွာမယ် ထင်လဲ ဆိုတဲ့ မေးခွန်းကို “ကျနော့် အမြင်တော့ ပန်းချီမှာ အများကြီး မကွာဘူး၊ သိပ် မကွာဘူး ထင်တယ်။ ဒီက Artist တွေလည်း ဖန်တီးနိုင်တယ်၊ လုပ်နိုင်တယ်၊ ကျနော့်အမြင် လုပ်ပုံလုပ်နည်းတွေပဲ ကွာတယ်၊ တင်ပြပုံပဲ ကွာတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပန်းချီဆရာ တဦး ပြောသလိုပဲ အာဖရိကတို့ အာရှတို့ရဲ့ အနုပညာတွေက အာဖရိကဟန်၊ အာရှဟန်ပေါက်တယ်၊ ဥရောပနဲ့ အမေရိကားက လက်ရာတွေကို ကြည့်ရင်တော့ ဘယ်နိုင်ငံက ဘယ်သူ့လက်ရာဆိုတာ မသိရဘူး ဘယ်ဟာက အမေရိကား၊ ဘယ်ဟာက ပြင်သစ်၊ ဘယ်ဟာက ဆွစ်ဇလန်က ဆိုတာ မသိဘူး ပြောဖို့ အရမ်းခက်တယ်။ အာရှမှာလည်း ဂျပန်က ဂျပန်၊ အိန္ဒိယက အိန္ဒိယ၊ မြန်မာက မြန်မာ အဲ့လို အငွေ့အသက်လေးတွေ ရှိတယ်။ ပြီးတော့ အာရှက Artist တွေတေ်ာတော်များများက နာမ်ပိုင်း ဆိုင်ရာကို အထူးပြု အားပေးတယ်ပေါ့။ အနောက်က Artist တွေက ရုပ်ပိုင်းဆိုင်ရာတွေကို အားပေးတယ်ပေါ့၊ အဲဒါ ကွာခြားတယ်လို့ ပြောရမယ် ထင်တယ်” လို့ ဖြေပါတယ်။
ပြန်ခန်း တခုအနေနဲ့ Artist တွေကို ဘယ်လို ကူညီအားပေးတာလဲလို့လည်း မေးမြန်းဖြစ်ပါတယ်။
“အားပေးကူညီတာက တဦးချင်းစီနဲ့ ဆိုင်တယ်ဗျ။ အထူးသဖြင့်တော့ ကျနော်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ Artist တွေထဲမှာ တချို့က ငွေကြေးအခက်အခဲ ရှိနေတယ်၊ အိမ်ငှားဖို့တောင် ခက်နေတာမျိုး ရှိတယ်၊ အဲဒီလို ပုဂ္ဂိုလ်ကိုကျတော့ သူ့နေရေး စားသောက်ရေးနဲ့ အလုပ်လုပ်နိုင်ရေး၊ ပန်းချီရေးဆွဲနိုင်ရေး ကူညီအားပေးတယ် ပေါ့ဗျာ။ တချို့ကျတော့လည်း ကျနော်ဆီ ပန်းချီကား လာပို့တယ်၊ အဆင်ပြေသလို ဝယ်ယူဖို့ ပြောတယ်၊ တချို့ကလည်း ကျနော့်ဆီ ပန်းချီကားတွေ တင်ထားတယ်၊ ရောင်းရတဲ့ အခါကျတော့ ကျနော်က ရာခိုင်နှုန်းနဲ့ ယူပြီး ရောင်းဝယ်ပေးတယ်၊ ဝန်ဆောင်မှု ပေးတယ်ပေါ့” လို့ ပြောပြတယ်။
ဂယ်လာရီနဲ့ အနုပညာ ရှင်ဆက်ဆံရေးကို ဘယ်လိုထိန်းညှိလုပ်ဆောင်လဲ ဆိုတာလည်း မေးမြန်းပါတယ်။
“ကျနော်က အနုပညာရှင်ရဲ့ လွတ်လပ်စွာ ဖန်တီးရေးဆွဲမှု အပေါ် ဖိအားလည်း မပေးချင်ဘူး၊ တွန်းအားလည်း မဖြစ်ချင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ ဖန်တီးရတာ အနုပညာ လက်ရာတွေ ဖြစ်နေလို့ပဲ။ ဆိုပါတော့ ပန်းချီဆရာ တဦးရဲ့ လက်ရာတွေကို အားပေးဝယ်ယူတာတွေ ရှိနေပြီ၊ ဒါပေမယ့် ဈေးကွက်လိုအပ်ချက်ကို ထပ်ဖြည့်ဖို့ ပန်းချီကားက မရှိတော့ဘူး ဆိုရင် အဲဒီ ပန်းချီဆရာရဲ့ ဆန္ဒကို မေးတယ်၊ ဘယ်လိုလဲ၊ အဲဒီ စီးရီး အဲဒီပုံမျိုး ထပ်ဆွဲနိုင်မလားပေါ့။ ပန်းချီဆရာက မဆွဲချင်တော့ဘူး ဆိုရင် ကျနော်က အတင်းအကျပ် မခိုင်းဘူး၊ သူ ဆွဲချင်တဲ့ စိတ်ရှိလို့ ဆွဲမယ် ဆိုရင်လည်း လိုအပ်တဲ့ ပံ့ပိုးမှုနဲ့ အကြံတွေ ပေးပါတယ်။ နောက်ပြီး သူဆွဲချင်တာကိုပဲ ဆွဲပါ၊ တခြားဟာ ပြောင်းဆွဲဖို့ အတင်းမခိုင်းဘူး၊ မတိုက်တွန်းချင်ဘူးပေါ့”
ဘယ်လို အနုပညာရှင်မျိုးတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ စိတ်အားထက်သန်တယ် ဆိုတာလည်း မေးမြန်းခဲ့ပါတယ်။
“ကျနော်က အိပ်မက် ကြီးကြီး မက်တဲ့ ပန်းချီဆရာ၊ ရည်မှန်းချက်ကြီးတဲ့ အနုပညာရှင်တွေနဲ့ အလုပ်တွဲလုပ်ချင်ပါတယ်။ တခါတလေ ကြုံရတာတွေက ပန်းချီဆွဲဖို့၊ ပစ္စည်းဝယ်ဖို့ ဆိုပြီး ငွေထုတ်သွားတယ်၊ ဒါပေမယ့် တလကြာ၊ နှစ်လကြာ လေး၊ငါး၊ ခြောက်လ ကြာတဲ့တိုင် ပန်းချီကားလည်း ရောက်မလာ၊ လူလည်း ပျောက်နေတတ်တဲ့ သူတွေလည်း တွေ့ရတယ်။ အဲ ပြန်ပေါ်လာတော့ လုပ်ပါဦး၊ ထပ်ပေးပါဦး ဆိုပြီး ပြောတယ်။ ကျနော်က တခြားလူတွေကိုလည်း သူ့လို ပန်းချီရေးဆွဲ နိုင်ဖို့ ထောက်ပံ့ပေးဦးမှာဆိုတော့ ကတိလည်း မတည်၊ အလုပ်လည်း သိပ်မလုပ်ချင်တဲ့ သူမျိုးကိုတော့ ဆက်ပြီး လက်တွဲဖို့ စိတ်မပါဘူးပေါ့ဗျာ။ အိပ်မက် ကြီးကြီးမက်တဲ့ အနုပညာရှင်၊ အနုပညာအလုပ်ကို လုပ်ချင်ပြီး ကတိတည်တဲ့ အနုပညာရှင် တွေနဲ့ လက်တွဲ လုပ်ကိုင်ဖို့ ပိုပြီး လိုလားတယ်ပေါ့ဗျာ။ ဒါမှလည်း အနုပညာရှင်ရဲ့ ဘဝကို အားပေးရာ ရောက်သလို ကျနော်တို့ ချစ်တဲ့ အနုပညာနယ်ပယ် ကျယ်ပြန့်ဖို့ အားပေးမြှင့်တာရာလည်း ရောက်မှာပါ”