ရေနံချောင်းသား ပန်းချီဆရာ ၄ ဦးတို့ရဲ့ နွေဦးပန်း ပန်းချီပြပွဲကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ကနေ ၂၉ အထိ၊ ရန်ကုန်မြို့ ၃၅ လမ်း အလယ်ဘလောက်ရှိ River Ayarwady ပန်းချီပြခန်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ယင်း နွေဦးပန်း ပန်းချီပြပွွဲမှာ ပန်းချီ မြင့်ဇော်ဦး၊ ပန်းချီ မြတ်ကျော်ခေါင်၊ ပန်းချီ ခိုင်မြင့်မောင်နဲ့ ပန်းချီ အောင်သူငြိမ်း တို့ရဲ့ စုစုပေါင်း ပန်းချီကား ၆၀ ပါဝင်မှာ ဖြစ်ကြောင်းနဲ့ နွေဦးပန်းလို့ ပြပွဲအမည် ပေးဖြစ်ပုံကို ပန်းချီ အောင်သူငြိမ်းက အခုလို ပြောပြပါတယ်။
“အခုဆိုရင် နွေဦးရာသီလည်းဖြစ်၊ ကျနော်တို့ အညာမှာ နေကြတဲ့ ပန်းချီရေးဆွဲသူတွေမှာ အညာအငွေ့အသက် ထုံမွမ်းတဲ့ ပန်းချီကားတွေလည်း စုမိနေတာရယ်၊ အညာမှာ အခုလို ရာသီမှ ပွင့်တဲ့ လက်ပံပင်တို့၊ ပေါက်ပင်တို့ကို ရေးဆွဲထားတဲ့ ပန်းချီကားတွေလည်း ပါနေလို့ နွေဦးပန်း ဆိုတဲ့ အမည်နဲ့ ပြပွဲလေး စီစဉ်ခဲ့တာပါ” လို့ ပြောပါတယ်။
ဒါပေမယ့် ပန်းချီ ပန်းချီ အောင်သူငြိမ်းရဲ့ Semi-Abstract ရေးဆေး ပန်းချီကားတချို့ကတော့ ပြပွဲအမည်နဲ့ မလိုက်ဖက်ပေမယ့် ထည့်သွင်းပြသ သွားမှာဖြစ်ကြောင်း သိရပါတယ်။
ပန်းချီဆရာ မြင့်ဇော်ဦးကတော့ “ကျနော် အနုပညာလက်ရာတွေ ဖန်တီးနေပါတယ်၊ ကျနော် ဆည်းပူး လေ့လာခဲ့တာကနေ တတ်စွမ်းသလောက် လုပ်ပါတယ်။ ကျနော့်မှာ ပန်းချီနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ဗဟုသုတ မရှိပေမယ့် ကျနော် ပန်းချီဆွဲတယ်၊ ပန်းချီကို မဆွဲရ မနေနိုင်လောက်အောင် ပန်းချီဆွဲတယ်” လို့ ပြောပါတယ်။
ပန်းချီ ခိုင်မြင့်မောင် ပြောတာက “ကျနော်က ကျနော့်ဝန်းကျင်ကို အနုပညာနဲ့ အလှဆင်ဖို့ ကြိုးစားတာပါ” လို့ ပြောသလို ပန်းချီအောင်သူငြိမ်းကလည်း “ကျနော် ပန်းချီရေးဆွဲက ကျနော့်ရဲ့ ကဗျာဝိညာဉ်ကို ထင်ဟပ်မြင်သာဖို့ပါ” လို့ ပြောပါတယ်။