မြိုတိုင်းရင်းသားတွေဟာ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ ပျံ့နှံ့တည်ရှိပြီး လူဦးရေအားဖြင့် မြန်မာနိုင်ငံမှာ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ချင်းမျိုးအနွယ်ဝင်လို့ သတ်မှတ်ကြပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့မှာ နေထိုင်ပါတယ်။ မှတ်တမ်းတချို့မှာ သူတို့ကို Mro, Mru, Murung, Mrung စသဖြင့် အမျိုးမျိုး ရေးသားထားတာ တွေ့ရပါတယ်။ မြန်မာလို မှတ်တမ်းတွေမှာလည်း မြို၊ မယို စသည်ဖြင့် ရေးသားထားတာ တွေ့ရပါတယ်။
သူတို့ကို မြို ခမီလို့လည်း တွဲခေါ်တယ်ဆိုပေမယ့် တချို့မှတ်တမ်းတွေမှာတော့ ခမီတွေနဲ့ ရောနှော နေထိုင်တာသာ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ အဲဒီလိုဖြစ်ရတာကတော့ မြိုလူမျိုးတွေဟာ မျိုးကွဲများစွာရှိပြီး ရခိုင်၊ ခမီများနဲ့ အများဆုံး ရောနှောနေထိုင်မှုရှိကာ စကားပြောရာမှာ အာသံ၊ လျှာသံတွေလည်း ကွဲပြားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သမိုင်းပညာရှင် ဒေါက်တာ ကျော်သိန်းကတော့ ” ‘မြို’ ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံး တွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညို ရေးသားသော “ဘစောဖြူသမီး ဧချင်း” တွ င်ဖြစ်ပါသည်။ မြန်မာကျောက်စာ များတွင်လည်း ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ၊ စာကြောင်းရေ (၂၀) တွင်လည်း တွေ့ရပါသည်။ ထို့နောက်တွင် ရခိုင်ရာဇဝင်ကျမ်းများ ဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး၊ ဓညဝတီရာဇဝင်သစ်၊ မာရယုနှင့် ဗေဒါရှင်းတမ်း စသောကျမ်းဂန်များ၌ လည်းကောင်း၊ အချို့သော စာအုပ်စာပေများတွင် လည်းကောင်း၊ မြိုလူမျိုးများအကြောင်းကို ရေးသားကြရာ၌ “မြို” ဟူသော ဝေါဟာရအပြင် “မြုံ” ဟူ၍လည်းကောင်း၊ “မြုန်” ဟူ၍လည်းကောင်း၊ “မြုမ်” ဟူ၍လည်းကောင်း၊ “မြူ” ဟူ၍လည်းကောင်း၊ “မြို့” ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်းဟန်များဖြင့် လည်းကောင်း ရေးသားထားပါသည်။ မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ ဟူသော အရေးအသားများသည် “မြို” လူမျိုးများကို ရေးသားထားကြောင်း မှတ်ယူနိုင်သည်” လို့ ရေးသားထားပါတယ်။
ပျံ့နှံ့နေထိုင်မှု – မြန်မာပြည်မှာဆိုရင် မြိုလူမျိုးတွေဟာ ဘူးသီးတောင်၊ ချင်းတောင်တဝိုက်မှာ ချောင်းသား၊ ခမီ၊ ဒိုင်းနက်တွေနဲ့ အတူ ပျံ့နှံ့နေထိုင်ကြပါတယ်။ မြို ခမီ သို့မဟုတ် အဝခမီ တွေကတော့ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်တို့မှာ နေထိုင်ကြပါတယ်။ မရူ ခမီ သို့မဟုတ် အရိုင်း ခမီ သို့မဟုတ် အဖျားခမီ ကတော့ ပလက်ဝ၊ မတူပီတို့မှာ နေထိုင်ကြပါတယ်။ တောင်မြို သို့မဟုတ် မြိုခမီ သို့မဟုတ် မရူ ခမီ တို့ကတော့ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်းတော၊ ဘင်္ဂလားဒေ့ရှ်တို့မှာ နေထိုင်ကြပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်မှာဆိုရင်တော့ စစ်တကောင်း တောင်ကြောမှာ နေကြပါတယ်။ အိန္ဒိယနိုင်ငံ ဘက်မှာတော့ အနောက်ဘငေ်္ဂါခရိုင်ထဲမှာ နေထိုင်ကြပါတယ်။
လူဦးရေ – ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်မှာ မြိုလူမျိုး ၃၃၉၀ ရှိတယ်လို့ မှတ်တမ်းတင်ထားပေမယ့် တကယ့်လက်တွေ့မှာတော့ မြို ၁ သောင်း ၄ ထောင်လောက် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယနေ့ခေတ်မှာတော့ မြိုလူဦးရေဟာ မြန်မာပြည်မှာ ၄ သောင်းခန့်၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ၂ သောင်းခွဲခန့်၊ အိန္ဒိယဘက်မှာ ၂ သောင်းခန့် ရှိတယ်လို့ သိရပါတယ်။
ဘာသာစကား – မြိုလူမျိုးတွေ ပြောဆိုတဲ့စကားကို တိဘက်တို-ဘာမန် အမျိုးအစားအဖြစ် သတ်မှတ်ပါတယ်။ မြိုဘာသာစကားဟာ ပျောက်ကွယ်တော့မယ့် အန္တရာယ်ကြုံနေတဲ့ ဘာသာစကားတခုအဖြစ် ယူနက်စကို (UNESCO) က ၂၀၁၀ ဇွန်လမှာ သတ်မှတ်ခဲ့ပါတယ်။
စာပေ၊ ယဉ်ကျေးမှု – အရေးအဖတ်အတွက် လက်တင်စကားလုံး အသုံးပြု တီထွင်ထားတာ ရှိပါတယ်။
ကိုးကွယ်သည့် ဘာသာ – မြိုလူမျိုးတွေဟာ ပျံ့နှံ့တဲ့ ဒေသနဲ့ ကွဲပြားတဲ့ လူမျိုးစုအလိုက် နတ်ကိုးကွယ်သူ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ ခရစ်ယာန် ဘာသာ ကိုးကွယ်သူအဖြစ် အမျိုးမျိုး ရှိပါတယ်။
စီးပွားရေး – မြိုအများစုဟာ တောင်ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကြပါတယ်။ တောင်စောင်းတွေမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း အပင်တွေကို ခုတ်လှဲပါတယ်။ မတ်လမှာတော့ ခုတ်လှဲထားတာတွေ မီရှို့ပြီးတော့ ဧပြီလလောက်မှာ တောင်ယာလုပ်ငန်းခွင် စတင်ပါတယ်။
ကိုးကား
-Races of Burma – Major C. M. Enriquez (မြန်မာပြန်)
-joshuaproject.net
-တိုင်းရင်းသား လူမျိုးများ အဘိဓာန် – မောင်ပုဆိုးကြမ်း
-မြို (ခေါ်) ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း – ဒေါက်တာ ကျော်သိန်း (မြောက်ဦး)