သန်လျင်မြို့လို့ ဆိုလိုက်ရင် မြို့ရဲ့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးနဲ့ တွဲပြီးမြင်တတ်ကြပါတယ်။ သန်လျင်မြို့တင်မကပဲ အခြားမြို့ရွာတွေကပါသိတဲ့ သမိုင်းဝင် ဘုရားတစ်ဆူ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးပဒေသရာဇာဂူ၊ နတ်ရှင်နောင်ဂူတို့ အထင်ကရရှိပါတယ်။
ကျိုက်ခေါက်စေတီတော်ကို သထုံဘုရင် စူဠသီရိမာသောကနဲ့ ရသေ့ကြီး အရှင်ခေါကလတို့က ဥတ္တရင်္ဂကုန်းခေါ် လှိုင်းပုတ်ကုန်းမှာ တည်ထားခဲ့တာဖြစ်ပါတယ်။ အစ ပထမက စေတီအမည်ကို “ခေါလကစေတီ”၊ “ခေါက်စေတီ”လို့ စတင်ပြီးခေါ်ဝေါ်ခဲ့ကြတာပါ။ အဲ့ဒီကစပြီးမှ တဆင့်တဆင့်ပြောင်းလဲခဲ့ရာမှ ဒီနေ့ခေတ် “ကျိုက်ခေါက်”လို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။
စေတီတော်ကို တစ်နှစ်တစ်ခါ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းပြီး အဲ့ဒီအချိန်မှာပဲ ဘုရားပွဲကျင်းပပါတယ်။ ဘုရားပွဲတော်ကို သန်လျင်မြို့ပေါ်က သာမက ရွာနီးချုပ်စပ်နဲ့ အနီးနားမြို့တွေက လူများပါ လာရောက် လည်ပတ်လေ့ရှိပါတယ်။ သန်လျင်မြို့ရဲ့ကျက်သရေဆောင် စေတီတစ်ဆူဖြစ်ပြီး အကြီးကျယ်ဆုံးဘုရားပွဲ လည်းဖြစ်ပါတယ်။
အရင်နှစ်တွေက ဘုရားကြီးရွှေသင်္ကန်းကပ်ရာမှာ ငြမ်းဆင် ပန်းရထားဆွဲရဲ့ ပန်းရထားကြိုးကို လူအားနဲ့ ဆွဲစေပြီး ကပ်လှူခဲ့ပေမယ့် ဒီနှစ်မှာတော့ ရွှေသင်္ကန်းကို ရိုးရိုးပဲကပ်ရပါတယ်။ ပန်းရထားတင်တဲ့အခါမှာ အောက်ကနေ လူအားနဲ့ ကြိုးကိုဆွဲတင်ရပြီး၊ ရွှေသင်္ကန်းကပ်နိုင်သူရော မကပ်နိုင်သူပါ ပန်းရထားကြိုးကို ဝိုင်းဆွဲတင်ကြတဲ့အတွက် အပေါ်ရောက်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက် ပြောမပြနိုင်တဲ့ ပီတိတစ်ခုပါပဲ။ ဒီနှစ်မှာတော့ ယောကျာ်တွေသာ အထက်ပစ္စယံကိုတက်ပြီး ကပ်ကြရပါတယ်။ မေးမြန်းကြည့်တဲ့အခါမှာတော့ ငြမ်းဆင်ဖို့နဲ့ ရွှေဟောင်းတွေခွာဖို့ အချိန်မရလို့ လို့ပြောပါတယ်။ နောက်နှစ်တွေမှာတော့ အရင်ကပုံစံအတိုင်း ရွှေသင်္ကန်းပြန်ကပ်သွားမယ်လို့လည်း သိရပါတယ်။
ပွဲတော်မှာ အစဉ်အဆက် ရောင်းချခဲ့ကြပြီး နာမည်ကြီးဖြစ်တဲ့ မြောင်းမြဒေါ်ချိုမုန့်ဟင်းခါးကလည်း လူအပြည့်ပါပဲ။ သန်လျင်မြို့သူမြို့သားတွေရဲ့ တစ်နှစ်စာ သနပ်ခါးဝယ်ရာ ပွဲတော်ကြီးလဲ ဖြစ်ပါတယ်။ ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်း စတဲ့ ဇာတ်သဘင်များကလည်း ဇာတ်စင်ကြီးများ အပြိုင်ထိုးပြီး ကပြဖျော်ဖြေကြပါတယ်။ ဇာတ်ပွဲများကတော့ ဘုရားပွဲအစကနေ လပြည့်ကျော်တစ်ရက်နေ့ထိသာ ကပြတာဖြစ်ပြီး ဈေးသည် တွေကတော့ ပွဲပြီး နောက် လေးငါးရက်နေမှ ပြန်ကြတာပါ။ သန်လျင်မြို့ရဲ့ပျော်စရာအကောင်းဆုံးပွဲတော်လည်း ဖြစ်သလို သန်လျင်မြို့သူမြို့သားတွေရဲ့ ရှေးအစဉ်အလာကိုထိန်းသိမ်းကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လည်း ဖြစ်ပါတယ်။
လူအရမ်းများတာမို့ ပွဲတော်ညတွေမှာ ညနေနေစောင်းတာနဲ့ ဘုရားရှေ့ကားလမ်းတောက်လျှောက် ကားလမ်းကြောင်းပိတ်တတ်ပါတယ်။ ပွဲဈေးတန်းထဲမှာ မုန့်ဆိုင် အရုပ်ဆိုင် စတဲ့ ဆိုင်တွေကိုငေးရင်း လမ်းလျှောက်ရတာလည်း ပျော်စရာကောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ညဦးပိုင်းမှာ လူတိုးရတာတော့ အနည်းငယ်စိတ်ရှုပ်စရာပါ။
လပြည့်နေ့မနက်စောစောမှာ ဆွမ်းတော်ကြီးကပ်သူများ စတုဒီသာကျွေးသူများ ဘုရားဖူးသူများနဲ့ စည်ကားလှပါတယ်။ ကျိုက်ခေါက်ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း (၈)ရက်မှ လပြည့်ကျော် (၁)ရက်အထိ (၉)ရက်တိုင် ကျင်းပလေ့ရှိတာပါ။ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲလည်း ပါဝင်ပြီး မိုးကြိုးငှက်ငယ်လေးများ၊ နတ်မိမယ်လေးများအဖွဲ့တွေရဲ့ ပဒေသာကပွဲများ၊ ပျော့ပျော့အိအိကစားကွင်းများ စတာတွေလည်း ပါဝင်တာမို့ ကလေးရောလူကြီးပါ ပျော်ရွှင်စွာဆင်နွှဲကြတဲ့ ဘုရားပွဲတော်လည်း ဖြစ်ပါ တော့တယ်။