Culture

ကိုရီးယားမှာ ၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်မယ့် ရွှေစင်အေး

This article has been converted from Zawgyi One to Unicode

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Daegu Art ပြတိုက်ရဲ့ Gallert Mir ပြခန်းမှာ ပန်းချီဆရာမ ရွှေစင်အေးရဲ့ ၆ ကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ကနေ ၃၁ ရက်နေ့ အထိ ကျင်းပပြုမှာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံက ထင်ရှားတဲ့ ရေးဆေး ပန်းချီဆရာကြီး ဦးတင်အောင်ထိုက်ရဲ့ သမီးဖြစ်တဲ့ ပန်းချီဆရာမ ရွှေစင်အေးဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ Sookmyung Women University ကနေ ပန်းချီ အထူးပြု ပါရဂူဘွဲ့ (Ph.D) ရရှိခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ အထိ မဟာဝိဇ္ဇာဘွဲ့ တက်ရောက်ပြီးနောက် ပါရဂူဘွဲ့ သင်တန်းကို ဆက်လက် တက်ခဲ့တာ ဖြစ်ပါတယ်။

“ကိုရီးယားမှာ ၅ ကြိမ်၊ မြန်မာမှာ တကြိမ်ပဲ ရှိပါသေးတယ်။ ပထမဆုံး အကြိမ်ပြပွဲက ၂၀၁၃ ခုနှစ် ကိုရီးယား ဆိုးလ်မြို့ ချောင်းဖာ Gallery မှာ လုပ်ခဲ့တာပါ။ ပန်းချီပညာရပ်နဲ့ မာစတာဘွဲ့ ယူဖို့ ပထမဆုံး လုပ်ခဲ့တဲ့ပြပွဲလေးပါ။ အဲဒီ ၂၀၁၃ မှာပဲ ဒုတိယနဲ့ တတိယ အကြိမ်မြောက် တကိုယ်တော်ပြပွဲတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။ ပထမအကြိမ် လုပ်ခဲ့တဲ့ပြပွဲမှာ ပန်းချီကားတွေ မြင်ပြီး Gallery တချို့က ဖိတ်ခေါ်ခဲ့တာပါ။ ၂၀၁၄ မှာတော့ မြန်မာနိုင်ငံမှာ Happiness Flowers အမည်နဲ့ 65 Gallery မှာ ပြပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာမှာလုပ်ခဲ့တဲ့ပွဲက ၄ ကြိမ်မြောက်ပါ။ ၅ ကြိမ်မြောက် ပြပွဲကို ကိုရီးယားနိုင်ငံ စောဟိုပြခန်းမှာ ၂ ပတ်ကြာ ပြသခဲ့ပါတယ်။ အဲ့ဒီပွဲက ဒေါက်တာအတန်းဘွဲ့ရဖို့ လုပ်ရတဲ့ပွဲပါ” လို့ ပန်းချီဆရာမ ရွှေစင်အေးက ပြောပါတယ်။

ကိုရီးယားလို “ဟွားဘုတ်” လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲရဲ့ အဓိပ္ပာယ်က “ပျော်ရွှင်နေသော စိတ်နှလုံးနဲ့ မင်္ဂလာရှိသော အရာတွေ မျှဝေခြင်း” လို့ အဓိပ္ပာယ်ရပြီး အခရိုင်းလစ် မီဒီယံသုံး ရေးဆွဲထားတဲ့ ပန်းချီကား စုစုပေါင်း ၂၅ ကား ပါဝင်တယ်လို့ သိရပါတယ်။

Sookmyung Women University ဆိုတာက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Yongsan-gu မှာ တည်ရှိပြီး ၁၉၀၆ ခုနှစ်၊ မေ ၂၂ ရက်နေ့က Myeongshin အမျိုးသမီးကျောင်းအဖြစ် စတင် ထူထောင်ခဲ့တာပါ။ ၁၉၀၉ ခုနှစ်မှာတော့ အမျိုးသမီး ကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်လိုက်ပြီး၊ ၁၉၄၈ ခုနှစ် မေ ၂၂ မှာတော့ သီးခြား အမျိုးသမီးတက္ကသိုလ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ယင်း တက္ကသိုလ်ဟာ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး တက္ကသိုလ် တခုဖြစ်ပြီး နှစ်ပေါင်း ၁၁၀ ကျော်ကြာ သမိုင်းကြောင်း တလျှောက် အမျိုးသမီး ခေါင်းဆောင်များ မွေးထုတ် ပေးနိုင်ခဲ့တဲ့ အစဉ်အလာ ကြီးမားတဲ့ တက္ကသိုလ်တခု ဖြစ်ပါတယ်။

Loading