မတော်တဆ ထိခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ အနုပညာ လက်ရာ အများအပြား ရှိခဲ့ပါတယ်။ မတော်တဆမှုဆိုရာမှာ သဘာဝဘေးဒဏ်၊ မီးဘေး၊ လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားတာ၊ လူကြောင့် မတော်တဆဖြစ်တာ စတာမျိုးတွေပါ။ မတော်တဆမှု အများစုဟာ ပြပွဲခင်းကျင်းစဉ်အတွင်းနဲ့ တနေရာက တနေရာ ရွှေ့ပြောင်း သယ်ယူစဉ်အတွင်း ဖြစ်ကြပါတယ်။
သယ်ယူပို့ဆောင်စဉ် ပျက်စီးမှု
ဂျာမန် ရီနေဆန်းခေတ် ပန်းချီကျော် မတ်သီးယပ်စ် ဂရွန်းဝေါလ်ဒ် (Matthias Grunewald) ရဲ့ ပန်းချီလက်ရာတွေကို နှစ် ၃၀ စစ်ပွဲ (၁၆၁၈-၁၆၄၈) အတွင်း ဆွီဒင်တွေက သိမ်းဆည်းယူငင်ခဲ့ပါတယ်။ အဲဒီ ပန်းချီလက်ရာတွေကို စစ်သင်္ဘောနဲ့ တင်ပို့စဉ် ဘောလ်တစ်ပင်လယ်ထဲမှာ နစ်မြုပ် ပျောက်ဆုံးခဲ့ရပါတယ်။
၁၉၉၈ စက်တင်ဘာ ၂ ရက်နေ့မှာ ဆွစ်အဲယားလိုင်း လေယာဉ် 111 ဟာ ကနေဒါနိုင်ငံ၊ နိုဗာ စကော်တီယာ၊ ဟာလီဖက်စ်အနီး ပျက်ကျခဲ့ပါတယ်။ လူ ၂၂၅ ဦးသေဆုံးတဲ့အပြင် ကမ္ဘာကျော် ပန်းချီဆရာ ပါဘလို ပီကာဆိုရဲ့ ၁၉၆၃ ခုနှစ်လက်ရာ “ပန်းချီဆရာ” (Le Peintre) ပန်းချီကားလည်း ပျက်ကျရာမှာ ပါသွားခဲ့ပါတယ်။
လူတွေရဲ့ မတော်တဆမှု
၂၀၀၆ ခုနှစ် အောက်တိုဘာမှာ စီးပွားရေးသမား စတိဗ် ဝင်း (Steve Wynn) ဟာ ပီကာဆိုရဲ့ ၁၉၃၂ ခုနှစ်လက်ရာ အိပ်မက် (Le Reve) ကို ရောင်းချဖို့ သဘောတူခဲ့ပါတယ်။ အဲဒီ ပန်းချီကားကို စတိဗ် ဝင်းက ဝယ်ယူစုဆောင်းထားတာ ဖြစ်ပြီး လပ်စ်ဗီးဂတ်စ် ကာစီနိုမှာ ချိတ်ဆွဲပြသထားပါတယ်။ အကြမ်းဖျဉ်း သဘောတူထားတဲ့ ဈေးက ဒေါ်လာ ၁၃၉ သန်းဖြစ်ပြီး အဲဒီခေတ်ကာလတုန်းက ပန်းချီလောကမှာ အများဆုံးဈေးပါ။ ဈေးကို သဘောတူညီပြီးတဲ့နောက် ပန်းချီကားကို သတင်းထောက်တွေကို ပြသစဉ် စတိဗ် ဝင်းဟာ ပန်းချီကားအပေါ် တံတောင်နဲ့ ထောက်မိပြီး စုတ်ပြဲသွားပါတယ်။ ပြန်ပြင်တာ ဒေါ်လာ ၉ သောင်းကုန်ကျပါတယ်။ ဒါပေမယ့် ပန်းချီကားရဲ့ ဈေးက ကျသွားပြီး ဒေါ်လာ ၈၅ သန်း ဖြစ်သွားပါတယ်။ ကွာဟသွားတဲ့ ဈေးနှုန်းအတွက် စတိဗ် ဝင်းက Lloyd’s of London အာမခံ ကုမ္ပဏီမှာ ပြန်တောင်းတဲ့အတွက် တရားရုံးရောက်ကြပါတယ်။ ၂၀၁၃ မတ်လမှာတော့ စတိဗ် ဝင်းက အဲဒီ ပြန်ပြင်ထားတဲ့ ပန်းချီကားကို မူလ ရောင်းချသူ စတီဗင် အေ ကိုဟင် (Steven A. Cohen) ဆီ ဒေါ်လာ ၁၅၅ သန်းနဲ့ ပြန်ရောင်းလိုက်ပါတယ်။ အဲဒီတုန်းက ဒေါ်လာပေါက်ဈေး ငွေဖောင်းပွမှုနှုန်းနဲ့ ပြန်တွက်ရင် စတိဗ် ဝင်းက ဒေါ်လာ ၅ သန်းရှုံးနေပါသေးတယ်။
၂၀၀၆ ခုနှစ်က အင်္ဂလန်၊ ကိန်းဘရစ်မှာ ရှိတဲ့ ဖစ်ဇ်ဝီလျံ ပြတိုက်မှာ လူတယောက် ခြေချော်လဲလို့ ၁၇ ရာစု ကင်မင်းဆက်က လက်ရာ တရုတ် ကြွေအိုး ၃ လုံး ကျကွဲခဲ့ပါတယ်။ ချော်လဲတဲ့သူ ဒဏ်ရာမရခဲ့ပါဘူး။ ပျက်စီးမှုအတွက်လည်း အဲဒီ ချော်လဲသူကို အရေးယူခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီလူကို ပြတိုက်လာလည်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ပြတိုက်ကတော့ ကျကွဲသွားတဲ့ ကြွေအိုးတွေကို ပြန်လည်ဆက်စပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ပြန်ဆက်ထားတဲ့ ကြွေအိုးတွေကို ဆက်လက် ပြသထားပေမယ့် အကာအကွယ်တွေ လုပ်ထားလိုက်ပါတယ်။
အမေရိကန်၊ နယူးယော့ခ် မြို့မှာ ရှိတဲ့ မက်ထရိုပိုလီထန် အနုပညာ ပြတိုက်မှာ ၂၀၁၀ ဇန်နဝါရီလ ၂၂ ရက်နေ့က အမျိုးသမီးတယောက်ဟာ ပါဘလို ပီကာဆိုရဲ့ ၁၉၀၄ ခုနှစ် ပန်းချီလက်ရာ သရုပ်ဆောင် (L’acteur) အပေါ် လဲကျခဲ့ပါတယ်။ ပန်းချီကားဟာ ၆ လက်မနီးပါး စုတ်ပြဲသွားပါတယ်။ ဒီပန်းချီကားဟာ ပီကာဆိုရဲ့ အင်မတန် အရေးကြီးတဲ့ အနုပညာလက်ရာ တခုဖြစ်ပြီး ခန့်မှန်းတန်ဖိုး ဒေါ်လာ သန်း ၁၃၀ ရှိပါတယ်။ ပြန်လည် ပြင်ဆင်တာ ၃ လကြာပါတယ်။ အဲဒီ မတော်တဆမှု ဖြစ်ပြီးနောက်ပိုင်း အကာအကွယ်အဖြစ် နည်းပညာမြင့် အကြည်ရောင်တမျိုး ဖုံးအုပ်လိုက်ပါတယ်။
ခေတ်ပြိုင် ပန်းချီဆရာမ ထရေစီ အီမင် (Tracey Emin) ရဲ့ အနုပညာ လက်ရာအများအပြားလည်း မတော်တဆမှုကြောင့် ပျက်စီးဖူးပါတယ်။ Self Portrait: Bath လို့ အမည်ပေးထားတဲ့ ဒေါ်လာ ၂ ထောင်တန် လက်ရာဟာ နီယွန်မီး၊ ဝိုင်ယာတွေနဲ့ ဖန်တီးထားတာပါ။ စကော့တလန်မှာရှိတဲ့ မော်ဒန် အနုပညာ စကော့ အမျိုးသား ပြခန်းမှာ ပြသထားစဉ် ပွဲလာသူတဦးရဲ့ အဝတ်အစားနဲ့ ဝိုင်ယာကြိုးတွေ ငြိပြီး ပျက်စီးသွားပါတယ်။
အဲဒီ ပြခန်းမှာပဲ သူ့ရဲ့ Feeling Pregnant III ဆိုတဲ့ အနုပညာ လက်ရာဟာလည်း ပြပွဲလာသူတဦး လဲကျမှုကြောင့် ပျက်စီးခဲ့ပါတယ်။ စကော့တလန် အမျိုးသား ပြခန်းမှာတော့ ဝန်ထမ်းတဦးရဲ့ မတော်တဆမှုကြောင့် ထရေစီ အီမင်ရဲ့ My Uncle Colin ပန်းချီလက်ရာ ပျက်စီးခဲ့ပေမယ့် ပြန်ပြင်လိုက်ပါတယ်။ ၂၀၁၄ မေလမှာတော့ မိုမတ် ပစ္စည်း သိုလှောင်ရုံ မီးဘေးကြောင့် ဖျင်တဲနဲ့ ဖန်တီးထားတဲ့ Everyone I have Ever Slept With 1963-95 လက်ရာအပါအဝင် သူ့ရဲ့ လက်ရာအများအပြား ပျက်စီးခဲ့ရပါသေးတယ်။
အမှတ်တမဲ့နှင့် ပယောဂကြောင့် ပျက်စီးမှုများ
၂၀၀၀ ပြည့်နှစ်မှာ လန်ဒန်ရှိ Sotheby လေလံဆိုင်က ဝန်ထမ်းတွေဟာ ပုံးတပုံးကို အမှိုက်ခြေစက်ထဲ ထည့်လိုက်ကြပါတယ်။ သူတို့က ပုံးအလွတ်လို့ ထင်ပေမယ့် အထဲမှာ ပန်းချီကျော် လူစီယန် ဖရိုက် (Lucian Freud) ရဲ့ ဒေါ်လာ ၁၅၇၀၀၀ တန်တဲ့ ပန်းချီကားတချပ် ရှိနေခဲ့ပါတယ်။
ခေတ်ပြိုင် ပန်းချီပြပွဲတွေမှာ အနုပညာလက်ရာတချို့ဟာ ပြခန်း၊ ပြတိုက် ဝန်ထမ်းတွေရဲ့ ပယောဂကြောင့် ပျက်စီးရတာမျိုးလည်း ရှိပါတယ်။
၁၉၈၀ လောက်တုန်းက ဂျာမန် ပြခန်းတခုမှာ ဂျိုးဇက် ဘွိုင်စ် (Joseph Beuys) ရဲ့ အနုပညာလက်ရာတခုကို အစောင့်ဖြစ်သူက ရေချိုးကန် အပျက်ကြီး ထင်လို့ ဖယ်ရှားရှင်းလင်းလိုက်ဖူးပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ လန်ဒန်ရှိ Eyestorm ပြခန်းမှာ ဒါမီယန် ဟာ့စ် (Damien Hirst) က ဘီယာဘူးခွံများ၊ ပြာခွက်များနဲ့ ကော်ဖီခွက်များကို အသုံးပြုပြီး ဖန်တီးထားတဲ့ လက်ရာကို ပြခန်းဝန်ထမ်းတွေက အမှိုက်တွေထင်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာတော့ လန်ဒန်ရှိ Tate ပြခန်းမှာ ဂုစတပ် မက်ဇ်ဂျာ (Gustav Metzger) ရဲ့ Recreation of First Public Demonstration of Auto-Destructive Art ပြပွဲမှာ ပြပွဲတစိတ်တပိုင်းအဖြစ် ထားထားတဲ့ အမှိုက်အိတ်တခုကို ရိုးရိုးအမှိုက်အိတ် ထင်ပြီး ပြခန်းဝန်ထမ်းတွေက ဖယ်ရှားလိုက်ဖူးပါတယ်။ မက်ဇ်ဂျာက အဲဒီ အနုပညာ လက်ရာအစိတ်အပိုင်းဟာ ပျက်စီးသွားပြီလို့ ကြေညာလိုက်ပြီး အစားထိုးဖို့ အိတ်အသစ်တခု ဖန်တီးခဲ့ပါတယ်။
၁၉၄၀ တုန်းက အမေရိကန် သရုပ်ဆောင်၊ ဒါရိုက်တာ အော်ဆန် ဝဲလက်စ် (Orson Welles) က ငါးကန်တခုကို ဆေးသုတ်ဖန်တီးပြီး ဆိုင်းထိုးထားတဲ့ အနုပညာလက်ရာကို ၂၀၁၂ ခုနှစ်မှာ အမေရိကန် ရုပ်သံတင်ဆက်သူ ဂလင်း ဘက်ခ် (Glenn Beck) ရဲ့ ဝန်ထမ်းတဦးက ပွတ်တိုက်သန့်စင်ပစ် လိုက်ပါတယ်။ အဲဒီ အနုပညာလက်ရာ ငါးကန်ကို ဂလင်း ဘက်ခ်က အဲဒီနေ့မှာပဲ လေလံပွဲတခုက ဝယ်ခဲ့တာဖြစ်ပြီး တခါးပိတ်ထားတဲ့ ရုံးခန်းထဲက သူ့စားပွဲပေါ် တင်ထားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ အီတလီနိုင်ငံတောင်ပိုင်း၊ ဘာရီမြို့၊ ဆာလာ မာရတ် (Sala Murat) မှာ Flip Project အနုပညာလက်ရာအဖြစ် ဖြန့်ခင်း တပ်ဆင် ပြသထားတဲ့ အနုပညာလက်ရာ တော်တော်များများကို သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးက အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ဖူးပါတယ်။ အဲဒီ ပရောဂျက် လက်ရာမှာ ထောင်ထား၊ လှဲထားတဲ့ ဘုတ်ပြားတွေ၊ အရာဝတ္ထုတွေ၊ ခင်းထားတဲ့ စာရွက်တွေ ပါပါတယ်။
မီးဘေး
၁၆၅၄ ခုနှစ်တုန်းက ယနေ့ နယ်သာလန်နိုင်ငံမှာ ရှိတဲ့ ဒဲ့လ်ဖ် (Delf) မြို့မှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဒတ်ချ် ပန်းချီဆရာ ကာရယ် ဖာဘရီတီးယပ် (Carel Fabritius) ရဲ့ စတူဒီယိုလည်း ပျက်စီးခဲ့ပြီး ပန်းချီကားတွေ ဆုံးရှုံးခဲ့ရပါတယ်။ ပန်းချီဆရာလည်း အဲဒီပေါက်ကွဲမှုကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားပါတယ်။
၂၀၀၄ ခုနှစ် မေလမှာ လန်ဒန် အရှေ့ပိုင်း၊ မိုမတ် ပစ္စည်းသိုလှောင်ခန်း မီးလောင်မှုကြောင့် ပန်းချီဆရာ ပက်ထရစ် ဟာရွန် (Patrick Heron) ရဲ့ ပန်းချီကား ၅၀ အပြင် တခြား ပန်းချီဆရာတွေရဲ့ လက်ရာ ၁၉ ကားလည်း ပျက်စီးခဲ့ပါတယ်။
ကိုးကား – wikipedia, Time, BBC