Culture

ခေတ်ပြိုင်ကျီးကန်းများ၊ ခေတ်ပြိုင် ခိုများနဲ့ ပန်းချီ အောင်ကြည်စိုး

This article has been converted from Zawgyi One to Unicode

လောကရဲ့ သဘာဝတရား အောက်မှာ လူအပါအဝင် သတ္တဝါ အားလုံးဟာ တော်ရင်နေ၊ မတော်ရင် သေ ဆိုတဲ့ Survive လုပ်နေကြရပါတယ်။ အင်အားအကြီးဆုံး ဖြစ်တဲ့ ဒိုင်နိုဆောတွေ လောကသဘာဝတရား အောက်မှာ ပျောက်ကွယ် သွားခဲ့ပြီ။ ဆင်တွေ၊ ကျားတွေ၊ ခြင်္သေတွေ၊ ကျွဲတွေ၊ နွားတွေမှာတော့ လူသားရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး အောက်မှာ အလူးလူးအလဲလဲနဲ့၊ လူသားတွေ ဆွဲယူစေခိုင်းရာကို လုပ်ပေးနေကြရတယ်။ အဲဒီအထဲမှ လူတွေနဲ့ အနီးဆုံး ငှက်တမျိုး ဖြစ်တဲ့ ခိုတွေတောင် လူတွေရဲ့ အသုံးချမှုအောက်က မလွတ်ကြ။ သို့သော် မြို့ရော တောပါ လူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျီးကန်းတွေကိုတော့ လူတွေ အသုံးမချနိုင်ကြ။

လောကမှာ လူတွေ မအောင်နိုင်တဲ့ သတ္တဝါ ၃ မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ခြင်ရယ်၊ ကြွက်ရယ်၊ ကျီးကန်းရယ်ပါပဲ။ ကျန်တဲ့ သက်ရှိတွေ၊ သတ္တဝါတွေကို လူတွေက အမျိုးမျိုး ခိုင်းစေ၊ အသုံးချနိုင်ကြတယ် မဟုတ်လား။ အဲဒီ ၃ မျိုးကတော့ သမိုင်းတလျှောက် လူနဲ့ အနီးနားဆုံးမှာ နေကြတယ်၊ လူတွေကို အချိန်မရွေး ပြန်လည် တိုက်ခိုက်နေတာလည်း တွေ့ရတယ်။ ဥပမာ ခြင်က ငှက်ဖျားရောဂါပိုးနဲ့ လူတွေကို သေကြေစေသလို ကြွက်ကလည်း ပလိပ်ရောဂါနဲ့ လူတွေကို အစုလိုက် အပြုံလိုက် သေစေတယ် မဟုတ်လား။ သို့ပေမယ့် ကြက်ငှက်တုပ်ကွေး ရောဂါကိုတော့ ကျီးကန်းတွေက ကူးစက်စေတာလို့ မယူဆကြ။

ကျီးကန်းတွေရဲ့ သဘောသဘာဝနဲ့ စရိုက်လက္ခဏာတွေကို ငယ်ရွယ်စဉ် ကတည်းက သိမြင်ခံစားမိခဲ့ရာက လက်ရှိမှာ ကျီးကန်းများ (The Crows) လို့ အမည်ပေးထားတဲ့ ပန်းချီအောင်ကြည်စိုးရဲ့ တတိယ အကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲက စိတ်ဝင်စားစရာပါ။ ၂၀၁၆ ခုနှစ်၊ မတ် ၁ ကနေ ၇ ရက်နေ့ အထိ၊ နဝဒေးသာလာ ပန်းချီပြခန်းမှာ ပြုလုပ်တဲ့ အဲဒီပြပွဲမှာ အခရိုင်းလစ် မီဒီယံသုံး ပန်းချီကားပေါင်း ၁၉ ကား ပါဝင်ပြီး အားလုံးဟာ ခေတ်ပြိုင် မြို့ပြ လူမှုဝန်းကျင်နဲ့ ကျီးကန်းတွေရဲ့ ဆက်စပ်မှုကို ထင်ဟပ်ပြထားတဲ့ လက်ရာတွေပါ။

“ငှက်အမျိုးမျိုး ရှိတဲ့အထဲမှာမှ ကျီးကန်းတွေရဲ့ စရိုက်လက္ခဏာက တမူထူးခြားတယ်လို့ ထင်တယ်ဗျ။ အတုယူစရာ ကောင်းတဲ့ အချက်လေး တချို့လည်း ရှိသလို ငှက်အချင်းချင်း အပေါ်မှာတော့ အနိုင်ကျင့် တတ်တဲ့ သဘာဝကိုလည်း တွေ့ရတယ်။ စားသောက်တဲ့ အခါမှာလည်း အပုပ်အသိုး၊ သားစိမ်း ငါးစိမ်း အညှီအဟောက်တွေကိုပဲ စားသောက်တတ်ကြ တယ်။ ကျီးကန်းတကောင်ကောင် ထောင်ချောက်မိပြီ၊ ဒါမှမဟုတ် တခုခု အထိတ်တလန့် ဒုက္ခရောက်ပြီ ဆိုရင်တော့ တမိုးလုံး မှောင်မိုက်သွားအောင် စည်းစည်းလုံးလုံးနဲ့ ဝိုင်း ‘အာ’ တတ်တဲ့ မျိုးချစ်တွေပေါ့။ သူတို့ဟာ မနက်စောစောထ၊ လုံ့လဝီရိယနဲ့ လျင်မြန်ဖျတ်လတ်မှုရှိတယ်။ အားနည်းသူကို အနိုင်ကျင့် ညှဉ်းပမ်းတတ်ပြီး အင်အားကြီးသူကိုတော့ အုပ်စုဖွဲ့ တိုက်ခိုက်တတ်ကြ ပြန်ရော” လို့ မကွေးမြို့နယ်၊ လယ်ကိုင်းရွာဖွား ပန်းချီ အောင်ကြည်စိုးက ပြောပြတယ်။

ပန်းချီ အောင်ကြည်စိုးဟာ ၂၀၁၃ ခုနှစ်၊ မတ် ၁၁ ကနေ ၁၃ ရက်နေ့အထိ၊ လောကနတ် ပန်းချီပြခန်းမှာ အီလက်ထရွန်နစ် မြို့ပြ (Electronic City) လို့ အမည်ပေးထားတဲ့ ပထမဆုံးတကိုယ်တော် ပန်းချီပြပွဲကို ကျင်းပနိုင်ခဲ့သလို၊ အဲဒီပြပွဲမှာ ခေတ်ပြိုင်ရန်ကုန်နဲ့ ခေတ်ပြိုင်လူသားတွေရဲ့ ခံစားမှု အတွေးစိတ်ကူးနဲ့ လိုလား မျှော်လင့်ရာတွေကို ပုံဖော်တင်ပြတဲ့ ပြပွဲ ဖြစ်ပါတယ်။

ဒုတိယ အကြိမ် တကိုယ်တော် ပန်းချီပြပွဲကိုတော့ နဝဒေးသာလာ ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလထဲမှာပါ။ ပြပွဲအမည်က Travelling with Black Sheep (သိုးမည်းများနဲ့ ခရီးသွားခြင်း) ဖြစ်ပါတယ်။ အဲဒီ ပြပွဲမှာလည်း ပန်းချီအောင်ကြည်စိုးဟာ ခေတ်ကာလ လူမှုအသိုက်အဝန်းအတွင်း ဖြစ်ပျက် မြင်တွေ့ ခံစားနေရတာကို မတူခြားနားတဲ့ ရှုထောင့်ကနေ ပန်းချီရေးဆွဲ တင်တာတွေ့ရပါတယ်။

“ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာလည်း ကျီးကန်းတွေရဲ့ စရိုက်လက္ခဏာနဲ့ တူတဲ့လူတွေ၊ အဖွဲ့အစည်းနဲ့ ဂိုဏ်းဂဏတွေ ကြီးထွားနေတာလည်း ကြုံတွေ့နေရ၊ ကြားနေ သိနေရတာပဲလေ။ အဲဒီမှာ သူတို့က ကျနော့်ရဲ့ စဉ်းစားတွေးခေါ်မှုမှာပါ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာတော့တာပဲ။ ဒါနဲ့ အခုလို ကျီကန်းများဆိုတဲ့ ပန်းချီကားတွေ ရေးဆွဲတင်ပြလိုက်တာပါ”

ပန်းချီ အောင်ကြည်စိုးရဲ့ လက်ရာတွေကို သုံးသပ်ရရင် ကျီးကန်းတွေရဲ့ စက်ဆုပ်ဖွယ် စရိုက်နဲ့ ရွံရှာဖွယ် အနေအထိုင်ကို သူ သိမြင်သတိထား မိပေမယ့် ရေးဆွဲတင်ပြထားတဲ့ ပန်းချီကားတွေထဲမှာတော့ ကျီးကန်းတွေကို လှောင်ပြောင် သရော် တာမျိုး၊ နှိမ်ချတင်ပြတာမျိုး မဟုတ်ဘဲ ယနေ့ခေတ် ကာလထဲမှာ ကျီးကန်းတွေရဲ့ ရှင်သန်ရေးနဲ့ ရှင်ကျန်ရေး ကြိုးပမ်း အားထုတ်မှုကို အလေးကဲ တင်ပြထားပြီး ခေတ်မီတိုးတက်မှုနဲ့ အတူ လောကသဘာ၀ ဂေဟစနစ်ပျက်ယွင်းမှုကို စိုးရိမ်မိနေတဲ့ သူ့ စိတ်ငွေ့ငွေ့ ထင်ဟပ်နေတာကိုလည်း တွေ့ရပါတယ်။
ခေတ်ပြိုင်အနုပညာ (Contemporary Art) တင်ပြမှု ဆိုတာ ခေတ်ကာလ လူ့အဖွဲ့အစည်းရဲ့ ဆာလောင်မှု၊ လိုလားမှု၊ အတွေးအမြင်၊ စိတ်ကူးနဲ့  မျှော်လင့်ခြင်း စတာတွေကို ထင်ဟပ်တင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပန်းချီအောင်ကြည်စိုးရဲ့ ကျီကန်းများ (The Crows) ပန်းချီပြပွဲဟာ ခေတ်ပြိုင်အနုပညာ ဖန်တီးတင်ပြမှုဖြစ်ပါကြောင်း။

Loading