ကျနော်တို့ နိုင်ငံတွင် ပန်းချီအနုပညာ အကြောင်း ပြောဆိုကြမည် ဆိုပါက ပန်းချီရေးဆွဲနည်း သီအိုရီပိုင်း (ကျွမ်းကျင်မှု) ကိုသာ အလေးထား ဆွေးနွေးလေ့ ရှိတာကို တွေ့ရပါတယ်။ အနုပညာ ဆိုင်ရာ စိတ်ကူး စိတ်သန်းနဲ့ အတွေးအခေါ် အတွေးအမြင် ပိုင်း (Imagination and Ideology) ဆွေးနွေးမှု၊ ချဉ်းကပ်ပြမှု နည်းပါး နေသေးတာလည်း တွေ့ရပါတယ်။ တဖန် ချဉ်းကပ် ဆွေးနွေးပြရာမှာလည်း တိကျသည့် အဓိပ္ပာယ်ကို မရောက်ဘဲ ဝေဝါးနေတာတွေ ရှိနေပါတယ်။
ဥပမာ ပန်းချီဆောင်းပါး ရေးသားသူ ကလောင်ရှင် တဦးက ပန်းချီပြပွဲ တခုနဲ့ ပတ်သက်ပြီး ဆောင်းပါး ရေးသားရာမှာ `ပန်းချီ ကားတချို့က Contemporary ဘက်ကိုတော့ နည်းနည်း ဆက်နွယ်ထားပါတယ်´ လို့ ရေးသားထားသလို၊ `မော်ဒန်ဆန်တဲ့ Abstract ပန်းချီကားတွေက အားကောင်းလှပါတယ်´ လို့လည်း ချီးပ ရေးသားမှုမျိုးလည်း တွေ့ရပါတယ်။ အဲဒီ စာစုကို ဖတ်ပြီး ဘာကို ဆိုလိုတယ်၊ ဘာကို ထောက်ပြဝေဖန်တယ်၊ ချဉ်းကပ်ပြတယ် ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ Contemporary ဘက်ဆိုသည်မှာ ခေတ်ပြိုင်အနုပညာ ပုံဖော်ဖန်တီးမှု (Art Form) ကို ရည်ရွယ်ခြင်းလော၊ သို့မဟုတ် ပုံဖော်သည့် နည်းစနစ် (Theory or ism) ကို ဆိုလိုခြင်းလော၊ မရေရာပါ။ တဖန် `မော်ဒန်ဆန်တဲ့ Astract ပန်းချီကားတွေက အားကောင်းလှပါတယ်´ လို့ ရေးသားရာမှာလည်း မော်ဒန်အနုပညာ တင်ဆက်မှု (Modern Art) လော၊ မော်ဒန်အနုပညာ ဖန်တီးမှု နည်းစနစ် (Modernism) ကို ဆိုလိုခြင်း လော၊ မရေရာပါ။
အကယ်၍သာ Art ၊ (Art) isms & Art Movement (အနုပညာ၊ အနုပညာဝါဒများ၊ အနုပညာလှုပ်ရှားမှုများ) အကြောင်းကို ကွဲကွဲ ပြားပြား သိမြင်ပါက ဆောင်းပါး ရေးသားသူတွေရော အနုပညာ လေ့လာလိုက်စားသူတွေရော အနုပညာ မျှဝေမှု (Sharing) တွေ ရေးသားမယ် ဆိုရင် ပိုမိုထိထိရောက်ရောက် ချဉ်းကပ်ပြနိုင်ပြီး အနုပညာ အတွက် အကျိုးများဖွယ် ရှိလိမ့်မယ် လို့လည်း ယူဆမိပါတယ်။
ဒါကြောင့် အနုပညာနှင့် အနုပညာ လှုပ်ရှားမှုများ၊ ဝါဒများ သမိုင်းအကျဉ်းကို ပြုစုရေးသားဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီလို သမိုင်း အကျဉ်းကို ရေးသားတဲ့အခါ မလွှဲသာ မရှောင်သာ အနုပညာအသုံးအနှုန်း စကားရပ်တွေကိုလည်း အတတ်နိုင်ဆုံး မြန်မာမှုပြုပြီး ရေးသားမှာ ဖြစ်ပြီး မြန်မာမှုပြုပါက အဓိပ္ပာယ် ဝေဝါးစေမည့် အသုံးအနှုန်းတွေကိုတော့ မူရင်းအတိုင်းသာ အသုံးပြု ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အနုပညာကို နယ်ပယ် သီးသီးသန့်သန့် မဟုတ်ဘဲ အများပြည်သူတို့ နားလည် လက်ခံ ခံစားနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ခံယူထားပါတယ်။ အနာဂတ်မှာ ပေါ်ထွက်လာမယ့် Art Critics, Researchers, Organizers, Art Dealers, Art Writers များ အတွက် ရည်ရွယ်ပါတယ်။
အနုပညာဖွံ့ဖြိုးမှု ကာလအပိုင်းအခြား (Art Periods)
အနုပညာနှင့် အနုပညာလှုပ်ရှားမှုများ၊ ဝါဒများ သမိုင်းအကျဉ်းကို မတင်ပြမီ သမိုင်းတလျှောက် ထင်ရှားခဲ့သည့် အနုပညာ ကာလ အပိုင်းအခြားနဲ့ ပေါ်ပေါက်ခဲ့သော ဝါဒများ၊ အနုပညာ လှုပ်ရှားမှုများ အကြောင်း အကျဉ်းချုပ်တင်ပြမှာ ဖြစ်ပါတယ်။ သမိုင်း အကျဉ်းမျှသာ ဆိုပေမယ့် အနုပညာတိုးတက်မှု ဆင့်ကဲ ဖြစ်စဉ်များကို လွယ်ကူထင်ရှား သိမြင်ပြီး ပိုမိုကျယ်ပြန့်စွာ လေ့လာတဲ့ အခါ အထောက်အကူ ရနိုင်ဖို့၊့ အနုပညာ သမိုင်းလေ့လာသူများ၊ အနုပညာရှင်များ၊ သုတေသန ပညာရှင်များ၊ ဝေဖန်ရေး ပညာရှင်များ၊ ပြတိုက်ပြခန်း Curator များ အတွက်ပါ အထောက်အကူပြု နိုင်မယ်လို့လည်း ယုံကြည် ယူဆပါတယ်။ အနုပညာ ကာလ အပိုင်းအခြားကို တင်ပြပြီးနောက် အနုပညာပုံသဏ္ဌာန်များ၊ အနုပညာ သီအိုရီများ၊ အနုပညာ လှုပ်ရှားမှုများ အကြောင်း ဆက်လက် တင်ပြသွားမှာပါ။
ရီနေဆွန်းခေတ် (Renaissance)
အနုပညာ သမိုင်းကို ပြန်ကြည့်ရင် ရှေးနှစ်ပေါင်းများစွာကတည်းက အနုပညာဆိုင်ရာ တိုးတက်မှု ဆင့်ကဲပေါင်းဆင့် ဖြစ်စဉ်များ ရှိနေပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ယခု အနုပညာနှင့် အနုပညာ ဝါဒများ သမိုင်းအကျဉ်းကိုတော့ ရီနေဆွန်း (Renaissance) ခေတ်၊ ခရစ်နှစ် ၁၃၀၀ မှ ၁၆၀၀ ခုနှစ် အတွင်း အနုပညာပြောင်းလဲ တိုးတက်မှုများက စပြီး တင်ပြမှာ ဖြစ်ပါတယ်။ ရီနေဆွန်းခေတ် အတွင်းမှာတော့ အီတာလျှံရီနေဆွန်း (Italian Renaissance) ခေတ် အနုပညာဖန်တီးမှုများ (၁၃ ရာစု နှောင်းပိုင်းနဲ့ ၁၆ ရာစု အတွင်း)၊ ဂန္ထဝင် ရီနေဆွန်းဝါဒ (Renaissance Classicism) ခေတ်နဲ့ ခေတ်ဦး နယ်သာလန်ဟန် ပန်းချီ (Early Netherlandish Painting) (၁၄ ရာစုနဲ့ ၁၅ ရာစုအတွင်း) များ ပေါ်ပေါက်ခဲ့ပါတယ်။
ရီနေဆွန်းခေတ်က ဂန္ထဝင်သစ် ကာလ (Renaissance to Neoclassicism)
ဒီကာလမှာတော့ အပြုအမူဝါဒ (Mannerism) နဲ့ ရီနေဆွန်းနှောင်းပိုင်း (Late Renaissance) အနုပညာ ပုံဖော်မှုတွေ ပါဝင်ပါတယ်။ ခုနှစ် အနေနဲ့ ၁၅၂၀ ကနေ ၁၈၃၀ ခုနှစ်အတွင်းကာလပါ။ အဲဒီကာအတွင်း ထူးခြားတဲ့ အနုပညာပုံဖော်မှု တွေကတော့ Baroque ( ၁၆၀၀ – ၁၇၃၀) ၊ Dutch Golden Age painting (၁၅၈၅ – ၁၇၀၂)၊ Flemish Baroque painting (၁၅၈၅- ၁၇၀၀)၊ Rococo (၁၇၂၀ -၁၇၈၀) တို့ ဖြစ်ပါတယ်။ အစဉ်အလိုက် ဖော်ပြရရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
အရင်းခံ အရိုင်းသဘာ၀ ဖော်ကျူးမှု ဝါဒ (Romanticism)
Romanticism (အရင်းခံ အရိုင်းသဘာ၀ ဖော်ကျူးမှု ဝါဒ) ကို ဆရာကြီး မောင်သာနိုး ကတော့ ရောမန္တိကဝါဒ လို့ ဘာသာပြန်ခဲ့ တာကို မှတ်မိကြမယ် ထင်ပါတယ်။ ဒီဝါဒ ပေါ်ပေါက်ခဲ့တဲ့ ကာလ အပိုင်းအခြားက ၁၇၉၀ ကနေ ၁၈၈၀ ခုနှစ်များ အတွင်းပါ။ အဲဒီထဲမှာ ထင်ရှားတဲ့ အနုပညာ အုပ်စုနဲ့ အနုပညာ လှုပ်ရှားမှုတွေကတော့ Nazarene movement (၁၈၂၀- ၁၈၄၀ နှောင်းပိုင်း)၊ The Ancients (၁၈၂၀- ၁၈၃၀)၊ Purismo (၁၈၂၀ – ၁၈၆၀)၊ Düsseldorf school (၁၈၂၀ နှစ်လယ်ပိုင်းက ၁၈၆၀ နှစ်များအတွင်း)၊ Hudson River school (၁၈၅၀- ၁၈၈၀)၊ Luminism (American art style) (၁၈၅၀- ၁၈၇၀) တို့ ဖြစ်ပါတယ်။ အစဉ်အတိုင်း ဖော်ပြရရင် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
အရင်းခံ အရိုင်းသဘာ၀ ဖော်ကျူးမှုမှ မော်ဒန်အနုပညာ ပုံဖော်မှုများသို့ (Romanticism to Modern Art)
မော်ဒန် အနုပညာဖန်တီးမှု ရှေ့ပြေးအနုပညာ ဖန်တီးမှုများလို့ ဆိုနိုင်တာက Romanticism to Modern Art အနုပညာ ပုံဖော်ဖန်တီးမှုနဲ့ လှုပ်ရှားမှုပါ။ ထင်ရှားတဲ့ အနုပညာ အုပ်စုတွေနဲ့ အနုပညာ လှုပ်ရှားမှုတွေကတော့ Norwich school (၁၈၀၃ – ၁၈၃၃၊ အင်္ဂလန်)၊ Biedermeier (၁၈၁၅- ၁၉၄၈၊ ဂျာမနီ)၊ Photography (၁၈၂၆ မှစတင်ခဲ့)၊ Realism (၁၈၃၀- ၁၈၇၀၊ ပြင်သစ်တွင် စတင်ခဲ့)၊ Barbizon school ၁၈၃၀ – ၁၈၇၀၊ ပြင်သစ်)၊ Peredvizhniki (၁၈၇၀၊ ရုရှား)၊ Hague School (၁၈၇၀-၁၉၀၀၊ နယ်သာလန်)၊ American Barbizon school (အမေရိကန်)၊ Spanish Eclecticism (၁၈၄၅ – ၁၈၉၀၊ စပိန်)၊ Macchiaioli (၁၈၅၀၊ အီတလီနိုင်ငံ တပ်စ်ကန်နီ)၊ Pre-Raphaelite Brotherhood (၁၈၄၈ – ၁၈၅၄၊ အင်္ဂလန်) တို့ ဖြစ်ပါတယ်။ နှစ်ကာလ အစဉ် အတိုင်း တင်ပြရရင် အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
(ဆက်လက် ဖော်ပြပါမည်)