Culture

ဒြပ်မဲ့ ဓာတ်ပုံပြပွဲ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ အမျိုးသမီး ပါဖောမင့်အနုပညာရှင် (Performance Artist) မအိရဲ့ Abstract Photography (ဒြပ်မဲ့ဓာတ်ပုံပြပွဲ) ကို ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Gallery 65 မှာ မတ်လ ၅ ရက်နေ့ကနေ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မအိဟာ ပါဖောမင့်အတ် တင်ဆက်မှု (Event) များ အပြင် ပန်းချီဆွဲခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းတွေပါ ပြုလုပ်သူ အနုပညာရှင် တဦးဖြစ်ပြီး ယခု ပြသမယ့် ပြပွဲအတွက် ၂၀၁၀ ခုနှစ်ကတည်းက ဓာတ်ပုံတွေ စုဆောင်းခဲ့တာလို့ ပြောပါတယ်။

“ပြပွဲမှာ ဓာတ်ပုံပေါင်း ၃၀ ပါဝင်မှာပါ။ ၂၀၀၂ ခုနှစ်မှာ တခြားသူတွေလိုပဲ ကျမ ရူပဗေဒနဲ့ ဘွဲ့ရခဲ့တယ်၊ အခု Abstract Photography နဲ့ ဘာဆက်စပ်သလဲ ဆိုတော့ အခန်းထဲမှာ တယောက်တည်း မှန်ဘီလူးမျိုးစုံ၊ ပစ္စည်းပစ္စယ သေးသေးမွှားမွားလေးတွေ မျိုးစုံ၊ လျှပ်စစ်အလင်းနဲ့ တမျိုး၊ နေရောင် အလင်းနဲ့ တမျိုး၊ အရာဝတ္ထုတွေထဲမျာ ရှိတဲ့ အလင်းတွေ အရောင်တွေ ရှာဖွေရတာ ဓာတ်ခွဲခန်းထဲ စမ်းသပ်မှု လုပ်နေတဲ့ သိပ္ပံပညာရှင် တယောက်ရဲ့ ခံစားမှုမျိုး ခံစားရတာ ကျေနပ်မိပါတယ်။ အခု ပြထားတဲ့ ပုံတွေ အားလုံးဟာလည်း သိပ္ပံပညာရှင် တယောက်ရဲ့ ခံစားမှုမျိုးနဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေ ဖြစ်ပါတယ်” သူ့ရဲ့ Statement မှာ ဖော်ပြထားပါတယ်။

မအိဟာ Period လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပါဖောမင့်အတ် (Event) တင်ဆက်မှုကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၀ ကနေ ၁၂ ရက်နေ့ထိ ၃ရက်ကြာ တင်ဆက်ခဲ့ပြီး၊ အမျိုးသမီးများ လစဉ် ရာသီသွေးဆင်းတဲ့ ကာလအတွင်း ဖြစ်ပျက်ခံစားရမှုနဲ့ စိတ်ခံစားရမှုကို တင်ဆက်ပြသတာလို့ သိရပါတယ်။

၁၉၇၈ ခုနှစ်ဖွား၊ ထားဝယ်ဇာတိသူ Artist မအိဟာ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်၊ ဆွစ်ဇာလန်နဲ့ နယ်သာလန် စတဲ့ နိုင်ငံတွေကို သွားရောက်ပြီး ပါဖောမင့်အတ် တင်ဆက်မှုများ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရှုခင်းပုံ၊ လူပုံ၊ မှတ်တမ်းဓာတ်ပုံတို့သာ အများအားဖြင့် ပြသနေကြပြီး၊ ဒြပ်မဲ့ဆန်ဆန် ရိုက်ကူးတင်ပြတဲ့ ဓာတ်ပုံပြပွဲရယ်လို့ တိတိပပ မရှိသေးချိန်မှာ မအိရဲ့ ဓာတ်ပုံပြပွဲက စိတ်ဝင်စားစရာ ဓာတ်ပုံပြပွဲတခု ဖြစ်နေပါတယ်။

Loading