သြစတြေးလျနိုင်ငံ၊ Terrigal မြို့၊ နယူးဆောက်သ်ဝေးလ်ရှိ Crowne Plaza ဟိုတယ်ရဲ့ မြေညီထပ် ပြခန်းမှာ ပန်းချီ ထူးလွင်အေးရဲ့ ပထမဆုံး ပြည်ပ ပန်းချီပြပွဲကို ၂၀၁၆ ခုနှစ် မတ် ၁ ကနေ ၁၀ ရက်နေ့ အထိ ပြသလျက်ရှိပါတယ်။
ပြပွဲမှာ အခရိုင်းလစ် မီဒီယံသုံးပြီး မြန်မာ့ရိုးရာဟန် ဖြစ်တဲ့ Pattern ရေးဆွဲနည်းနဲ့ တင်ပြထားတဲ့ မြန်မာ့ အငွေ့အသက်၊ မြန်မာ့ အလှ၊ မြန်မာ့ ရှုခင်း ပန်းချီကား ၁၈ ပြသထားပါတယ်။
“ပြပွဲလုပ်ဖြစ်ခဲ့တာက ဒီလိုပါ။ သြစတြေးလျ နိုင်ငံသား John Gintowt က မြန်မာပန်းချီတွေ အများကြီးနဲ့ မိတ်ဆွေ ဖြစ်ထားတယ်။ ကျနော်နဲ့လည်း မိတ်ဆွေပေါ့။ ၂၀၁၅ ခုနှစ် အောက်တိုဘာမှာ မြန်မာပြည် ရောက်လာတယ်။ ကျနော်နဲ့ တွေ့တယ်၊ ပန်းချီကားတွေ လာကြည့်တယ်။ သြဇီမှာ ပြပွဲလုပ်မယ် ဖြစ်သွားတော့ ကျနော်လည်း အနုပညာတက္ကသိုလ် ဝန်ထမ်း တဖက်နဲ့ဆိုတော့ တော်တော်အချိန်ပေး ရေးရပြီး အခုလို မတ်လကျမှ သြဇီမှာ ပြပွဲ လုပ်နိုင်ခဲ့တာပါ။ ကျနော်က ဝန်ထမ်းဆိုတော့ ဝန်ကြီးဌာန ခွင့်ပြုချက်နဲ့သွားတာပါ” လို့ မန္တလေးယဉ်ကျေးမှု တက္ကသိုလ် ပန်းချီနည်းပြဆရာ တဦးဖြစ်သူ ပန်းချီ ထူးလွင်အေးက ပြောပြတယ်။
သူဟာ မန္တလေးပန်းချီပန်းကျောင်းကို ၁၉၉၉ ခုနှစ်မှာ စတင်တက်ရောက်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်မှာ ယဉ်ကျေးမှု တက္ကသိုလ် ဆက်လက်တက်ရောက်ခဲ့တာပါ။ အဲဒီနောက် ၂၀၀၆ ခုနှစ်မှ ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီနည်းပြ အဖြစ် တာဝန်ထမ်းဆောင်လာခဲ့တာလို့ သိရပါတယ်။
သူ့ရဲ့ ပထမဆုံးအကြိမ် တကိုယ်တော်ပြပွဲကို ၂၀၁၄ ခုနှစ်၊ မန္တလေးရှိ သီရိပန်းပြခန်းမှာ ပြလုပ်နိုင်ခဲ့ပြီး ပန်းချီကား ၂၅ ကား ပြသနိုင်ခဲ့ပါတယ်။
အခု သြစတြေးလျမှာ ပြသနေတဲ့ ပြပွဲမှာလည်း သြစတြေးလျမှ ပန်းချီဝယ်ယူ စုဆောင်းသူများက ပန်းချီကား တချို့ ဝယ်ယူအားပေးမှုများ ရှိနေကြောင်း သိရပါတယ်။