“ကြိုး” လို့ အမည်ပေးထားတဲ့ Artist မြင့်စိုးရဲ့ အင်စတော်လေးရှင်းအတ် (Installation Art) လက်ရာ ၁၃ ခု ပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ အနုပညာပြခန်းမှာ ၂၀၁၆ ခုနှစ်၊ မတ် ၁၂ ကနေ ၁၇ ရက်နေ့ အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ လက်ရာတွေဟာ နိုင်ငံရေး၊ လူမှုရေး၊ လောကသဘာဝရေးရာ နွယ်ဆက်အတွေးအမြင် (Concept) အပေါ် အခြေပြု တည်ဆောက်ထားတဲ့ အင်စတော်လေးရှင်း အနုပညာ လက်ရာတွေ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဝယ်ယူ စုဆောင်းမှုနဲ့ လက်ခံအားပေးမှု နည်းပါးနေသေးတဲ့ အနုပညာ တင်ပြမှု ပုံသဏ္ဌာန် တမျိုးဖြစ်ပါတယ်။
အင်စတော်လေးရှင်း အတ်ဆိုတာ
Installation Art ဆိုတာ အနုပညာ ပုံစံတမျိုး ဖြစ်ပြီး၊ အချိန်နဲ့ နေရာ (Time & Space) အရ မူလဘူတ ရှိပြီးသား အရာဝတ္ထုတခုကို အခြားတခုနဲ့ တွဲစပ်၊ ထိကပ်ပြီး တတိယ ပုံစံတမျိုး အဖြစ်ရည်ရွယ်ဖန်တီးတင်ပြတဲ့ အနုပညာပုံစ တခုပါ။ အများအားဖြင့် အဆောက်အဦးအတွင်း ပြသတဲ့ အနုပညာလက်ရာကို ရည်ညွှန်းပြီး၊ အကယ်၍ ပြင်ပမှာ တည်ဆောက်ပြတဲ့ အနုပညာလက်ရာကိုတော့ Land Art နဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်။
အင်စတော်လေးရှင်းအတ် ဖန်တီးမှုမှာ နေ့စဉ်တွေ့နေကျ သဘာ၀ ပစ္စည်းများကို အသုံးပြု ဖန်တီးယူတာ ဖြစ်ပြီး အစောဆုံး အဖြစ် ၁၉၅၅ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Disneyland ကို တွေ့နိုင်ပါတယ်။ အငြင်းပွားဖွယ် အမျိုးမျိုးနဲ့ Installation Art ပိုမိုထင်ရှားလာတာက ၁၉၇၀ ခုနှစ်များမှာ ဖြစ်ပြီး မာစယ်ဒူးချမ့် (Marcel Duchamp) ရဲ့ Fountain လို့ အမည်ပေးထားတဲ့ ကြွေကမုတ် အင်စတော်လေးရှင်း လက်ရာပါ။
မြန်မာ့ အင်စတော်လေးရှင်း လက်ရာများ
မြန်မာနိုင်ငံမှာလည်း အင်စတော်လေးရှင်း လက်ရာနှင့် ပန်းပုလက်ရာ အများအပြားကို အုပ်စုပြပွဲများမှာ တွေ့မြင်နေရ ပါတယ်။ အများအားဖြင့် အခန်းတွင်းပြသတဲ့ လက်ရာဖြစ်ပြီး၊ Land Art နဲ့ ဆက်စပ်တဲ့ အင်စတော်လေးရှင်း လက်ရာ နည်းပါးပါတယ်။
“ကြိုး”အင်စတော်လေးရှင်းနှင့် ပတ်သက်၍
“ကျနော့်ရဲ့ အင်စတော်လေးရှင်း လက်ရာ ပြပွဲကို ဘာကြောင့် ‘ကြိုး’ လို့ အမည်ပေးရတာလဲ ဆိုရင် ကျနော့်တို့ ဖြစ်တည်မှု၊ ရှင်သန်မှုတွေဟာ ကြိုးရှိနေလို့ပဲလို့ ယူဆတယ်၊ ကြိုးမှာ မြင်ရတဲ့ ကြိုးနဲ့ မမြင်ရတဲ့ ကြိုး ဆိုပြီး ရှိတယ်။ တနည်းအားဖြင့် ရစ်ပတ်နေလို့၊ နှောင်ဖွဲ့နေလို့ပါ။ ကောင်းတဲ့ ဘက်လည်း ရှိမယ်၊ မကောင်းတဲ့ ဘက်လည်း ရှိမယ် ပေါ့။ ဘဝဆိုတဲ့ အထဲမှာ ကြိုးတွေနဲ့ ချည်နှောင်လိုက်၊ ချည်နှောင် ခံရလိုက်နဲ့ပဲ လို့ ကျနော် ယူမိလို့ပါ” လို့ ၁၉၆၂ ခုနှစ်ဖွား Artist မြင့်စိုးက ပြောပြပါတယ်။
သူ့ရဲ့ ‘မမြင်နိုင်သော နှောင်ကြိုးများနှင့် ဖြစ်တည်ခြင်း’ လို့ အမည်ပေးထားတဲ့ အင်စတော်လေးရှင်း လက်ရာနဲ့ ပတ်သက်ပြီး သူ့ရဲ့ Artist’s Statement မှာ “ကျနော်တို့ကို မမြင်နိုင်သည့် ကြိုးများနှင့် ချည်နှောင်ထားသည်၊ ထိုကြိုးများမှ လွန်မြောက်ဖို့ ကျနော်တို့ တွေးမိသလား၊ မသေချာ။ ကြိုးစားမိသလား၊ မသေချာ။ သေချာသည်ကတော့ ကျနော်တို့ အားလုံးဟာ ကြိုးများကြားမှာ အကျဉ်းကျနေသည်” လို့ ဖော်ပြထားတာကြောင့် လောက လူသား ရှင်သန်မှုနဲ့ သံယောဇဉ် နှောင်ငင်မှုကို ဖော်ညွှန်းတဲ့ လက်ရာ ဖြစ်ပါတယ်။
Artist မြင့်စိုးရဲ့ တခြား အင်စတော်လေးရှင်း လက်ရာတွေကတော့ ကမ္ဘာမြေကို အလှဆင်စို့ (Let’s Beautify Our Earth)၊ ခွပ်ဒေါင်း (Fighting Peacock)၊ သယံဇာတ ကျိန်စာ (Curse of Natural Resource)၊ ကြိုးနှင့် အသံ – ဂီတ (String and Sound – Music)၊ ခြေ/ဥ စာအုပ်နှင့် လက်တစုံ (Book of Constitution and Pairs of Hands Pulling it)၊ အမြောက်ဆံထဲမှ လိပ်ပြာ (Butterfly or Soul Out of the Gun Shell)၊ လေခါး (Staris)၊ သော့ခတ်ထားသည့် သေတ္တာ (The Locked Box)၊ ပြဋ္ဌာန်းစာအုပ်မှ စာရွက်များနှင့် ရစ်ပတ်ထားသော လက်များ (Hands Wrapped With Sheet of Text Book)၊ ကုလားထိုင်နှင့် ကြိုးများ (Chair and Strings)၊ ကျနော်တို့ မြင်ရတာကို ယုံလို့ ရသလား (Can We Believe in What We See?)၊ ငါးများ (Fishes)၊ အထီးနှင့် အမ (Male & Female) စတဲ့ လက်ရာတွေပါ။
“ကျနော်တို့ အတွေးများသည် မလွတ်လပ်၊ ကျနော်တို့ စိတ်ကူးများသည် မလွတ်လပ်၊ ကျနော်တို့ လွတ်လပ်မှုက အကျဉ်းကျလျက်။ သည် အခြေအနေကို အင်စတော်လေးရှင်းက ညွှန်းပါသည်” လို့ Artist’s Statement ပေးထားတဲ့ သူ့ရဲ့ ‘သော့ခတ်ထားတဲ့ သေတ္တာ’ လို့ အမည်ပေးထားတဲ့ အင်စတော်လေးရှင်း လက်ရာက စစ်အာဏာရှင် အုပ်ချုပ် ရေးအောက် မြန်မာလူထု အနေအထားနဲ့ ခံစားရမှုကို ဖော်လှစ်ပြထားပါတယ်။
စိတ်ပညာ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပြီး ပန်းချီပညာကို တစိုက်မတ်မတ် လေ့လာလိုက်စားခဲ့တဲ့ ပေါင်းတလည်ဇာတိသား Artist မြင့်စိုးရဲ့ အင်စတော်လေးရှင်းလက်ရာတွေက လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကို ထင်ဟပ်ပြနေသလို၊ လောကရေး ဓမ္မရေးနဲ့လည်း ချဉ်းကပ်ယူတင်ပြထားတဲ့ လက်ရာတွေ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။