Culture

ရန်ကုန်ကို ရေဆေးပန်းချီနဲ့ ရေးဖွဲ့တဲ့ ပန်းချီ အောင်ထက်လွင်

This article has been converted from Zawgyi One to Unicode

“ရန်ကုန် အက်ဆေး” လို့ အမည်မေးထားတဲ့ ပန်းချီ ထက်အောင်လွင်ရဲ့ ဒုတိယအကြိမ်မြောက် တကိုယ်တော် ပန်းချီပြပွဲကို မတ် ၁၅ ကနေ ၁၉ ရက်နေ့ အထိ လောကနတ် အနုပညာပြခန်းမှာ ပြုလုပ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ပြပွဲမှာ အရွယ်စုံ ရေဆေး ပန်းချီကားပေါင်း ၃၆ ကားပါဝင် ပြသမှာ ဖြစ်ပြီး အားလုံးဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ အဆောက်အဦးပုံများ၊ သွားလာလှုပ်ရှားနေတဲ့ လူပုံများ ပါဝင်ပါတယ်။

“ရန်ကုန်မှာရှိတဲ့ ရှေးဟောင်း အဆောက်အဦးတွေနဲ့ လမ်းမတွေပေါ်မှာ လူတွေ လှုပ်ရှား သွားလာနေကြတာကို နေ့တိုင်း တွေ့မြင်နေရတယ်။ ရှေးဟောင်း အဆောက်အဦကြီးတွေက ရန်ကုန်ကို ပိုခမ်းနားစေတယ်လို့ မြင်မိတယ်။ လှုပ်ရှားသွားလာနေတဲ့ လူတွေ၊ ယာဉ်အမျိုးမျိုး စတာတွေရဲ့ အရောင်တွေပါ တွဲပြီး ခံစားမိလာတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ပြ ရှုခင်းတွေ ရေးဖြစ်ခဲ့တယ်။ ရန်ကုန်မြို့ပြရဲ့ မြင်ကွင်းတွေက ကျနော့်အတွက် ရသတခု ပေးစွမ်းနေတယ် လို့ ခံစားမိတာကြောင့် Yangong Essay ဆိုပြီး ပြပွဲလေး ဖြစ်လာခဲ့ ပါတယ်” လို့ သူ့ရဲ့ ပြပွဲ ကက်တလောက်မှာ ဖော်ပြထားပါတယ်။

ပန်းချီ အောင်ထက်လွင်ရဲ့ လက်ရာတွေက ပန်းချီဆရာ မြင့်နိုင်ရဲ့ လက်ရာနဲ့ တူနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ပန်းချီကားတွေကို သေချာ နှိုင်းယှဉ်ကြည့်ရင် ပန်းချီမြင့်နိုင်ရဲ့ ပန်းချီလက်ရာက Expression ဆန်တဲ့ လက်ရာအများစု ဖြစ်ပြီး၊ ပန်းချီ အောင်ထက်လွင်ရဲ့ လက်ရာက ရာခိုင်နှုန်း အတော်များများ Impression နွယ်တဲ့ ပန်းချီကားတွေ ဖြစ်တာတွေ့ရပါတယ်။ သူတို့ နှစ်ဦးရဲ့ အဓိက တူညီမှုက Subject ရွေးချယ်မှုပိုင်းနဲ့ သုံးစွဲတဲ့ ရေဆေး မီဒီယံ တူညီနေတာပါ။ သို့သော် ဖန်တီး ရေးဆွဲမှုနဲ့ အယူအဆတွေ မတူညီမှုတွေကိုတော့ ပန်းချီကားတွေကို သေချာနှိုင်းယှဉ်ကြည့်ရင် အလွယ်တကူ မြင်နိုင်ပါတယ်။

၁၉၉၁ ခုနှစ်ဖွား၊ ပန်းတနော် ဇာတိသား ပန်းချီ အောင်ထက်လွင်ဟာ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်) က ပန်းချီ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပြီး၊ Diploma in Computer Arts ကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ သူဟာ အုပ်စုပြပွဲ များစွာမှာ ပါဝင်ပြသခဲ့သလို ပထမဆုံး တကိုယ်တော် ပန်းချီပြပွဲကိုလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းမှာ ၂၀၁၅ ခုနှစ်က ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ မိခင် ဒေါ်ဌေးဌေးက ရခိုင်ပြည်နယ် တရားလွှတ်တော် လက်ထောက်ညွန်ကြားရေးမှူး ဖြစ်ပြီး ဖခင် ဦးလွင်ဦးက တရားလွှတ်တော် ရှေ့နေတဦးလို့ သိရပါတယ်။ ငယ်ရွယ်စဉ် ပန်းချီလို့ မသိသေးခင်ကတည်းက ပန်းချီနဲ့ ဆက်စပ်တဲ့ ရုပ်ပုံတွေ၊ ကာတွန်းတွေ၊ ပါဝါရိန်းဂျားပုံတွေ ရေးဆွဲခဲ့သူ ပန်းချီ အောင်ထက်လွင်ဟာ ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းဆင်း ပန်းချီကားရေးဆွဲရာမှာတော့ တရားရုံးချုပ် အဆောက်အဦးပုံ ရေးဆွဲပြီး ဘွဲ့ရရှိခဲ့ပါတယ်။

“ကျနော် ၂၀၁၃- ၂၀၁၄ မှာ ပန်းချီနဲ့ ဘွဲ့ရခဲ့ပေမယ့် ကိုယ့်ကိုယ်ကို အားမရေးသေးဘူး၊ တတ်တယ်လို့ မထင်သေးဘူး။ ဒါနဲ့ ဒီပလိုမာ သင်တန်း ထပ်တက်ဖြစ် သွားတယ်။ အဲဒီကာလတွေမှာ မန္တလေးက ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းသားတွေက မန္တလေး ကျုံးမြို့ရိုး၊ မန္တလေးတောင်၊ ရွှေကျောင်းကြီး စသဖြင့် အောက်ဒိုးထွက် ရေးကြတယ် ဆိုတာ သိရတယ်။ ဒါဆို ရန်ကုန်မှာရော အောက်ဒိုးထွက် ရေးဖို့ မရှိဘူးလား ဆိုပြီး ကျနော် စဉ်းစားတယ်။ ဒါနဲ့ ကျနော် ကက်တလောက်မှာ ဖော်ပြထားသလို ရန်ကုန် အက်ဆေး ဖြစ်လာမယ့် ပန်းချီကားတွေ အဆက်မပြတ် ရေးဖြစ်သွားတယ်” လို့ အသက် ၂၅ နှစ်အရွယ် လူငယ် ပန်းချီဆရာ အောင်ထက်လွင်က ပြောပြတယ်။

Loading