ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ အခြေစိုက် Green Art Gallery က ၆ နှစ်ကြာ ဝယ်ယူစုဆောင်းထားတဲ့ ပန်းချီလက်ရာများကို မတ် ၁၂ ကနေ ၁၆ ရက်နေ့ အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Gallery 65 မှာ ပြသသွားမယ်လို့ သိရပါတယ်။
“၂၀၁၀ ခုနှစ် လောက်ကတည်းက စုဆောင်းဝယ်ယူထားတဲ့ မုံရွာ၊ မန္တလေးနဲ့ ရန်ကုန် စတဲ့ မြို့ ၃ မြို့က ထင်ရှားတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေ ပြသသွားမှာပါ။ ပန်းချီတွေ ဖြစ်တဲ့ ဦးခင်မောင်သန်း၊ ဦးမာလာ၊ ဦးအောင်မောင်း၊ ဦးခင်မောင်စန်း၊ ဦးမင်းလွင်၊ ဦးဇော်မောင် (မင်းကွန်း)၊ ဦးမြင့်ဆွေ၊ ဦးနေဆန်း၊ မျိုးမြတ်မင်းနဲ့ ဖြူဝင်း (မုံရွာ) တို့ရဲ့ ပန်းချီကားတွေ ပါဝင်ပါတယ်” လို့ ပြပွဲကို စီစဉ်သူ Green Art Gallery မှ ဦးကိုကိုလေးက ပြောပြပါတယ်။
ယခင် စစ်အစိုးရ လက်ထက်တုန်းက အနုပညာ လက်ရာများ၊ ပန်းချီကားများကို ဝယ်ယူ စုဆောင်းအားပေးမှု နည်းပါခဲ့ ပေမယ့် နိုင်ငံ ပွင့်လင်းပြောင်းလဲလာပြီးနောက်မှာ အနုပညာလက်ရာ ပန်းချီကား၊ ပန်းပုလက်ရာတွေကို နိုင်ငံခြားသား စုဆောင်းသူတွေ သာမက ပြည်တွင်းက ဝယ်ယူစုဆောင်းသူတွေလည်း များပြားလာတယ်လို့ သူက ဆက်ပြောပြ ပါတယ်။
“ဝယ်ယူ စုဆောင်းကြတာကတော့ လူ အမျိုးမျိုး၊ အကြိုက်အမျိုးမျိုး ဆိုသလိုပါပဲ၊ ကိုယ်နှစ်သက်ရာ ရွေးချယ် စုဆောင်းကြတာပါပဲ။ ကျနော့် အနေနဲ့ဆိုရင် Realism ပန်းချီကားတွေ ပါတယ်၊ Impressionism ပန်းချီကားတွေ ပါတယ်၊ Abstract Expressionism ပန်းချီကားတွေလည်း ဝယ်ယူစုဆောင်းပါတယ်။ ဘယ်လို အမျိုးအစားက အရောင်းအဝယ် ဖြစ်နေသလဲဆိုတော့ ကျနော်ကတော့ အဝယ်ချည်းများပြီး ပြန်ရောင်းတာ နည်းပါတယ်။ တခြားသူတွေကိုတော့ သေချာမသိဘူးပေါ့” လို့ ဦးကိုကိုလေးက ရှင်းပြတယ်။
ပြပွဲ ပြုလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး ဦးကိုကိုလေးက “ရောင်းဖို့ ဆိုတာထက်၊ ကျနော် စုဆောင်းထားတဲ့ အနုပညာလက်ရာ ပန်းချီကားတွေကို ခံစားကြည့်စေချင်တာပါပဲ။ နယ်ပယ်လည်း မတူဘူး၊ အသက်အရွယ်လည်း မတူကြဘူး၊ အတွေးအခေါ်လည်း မတူကြဘူး၊ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ မတူခြားတဲ့ အနုပညာ လက်ရာတွေကို လာရောက် ကြည့်ရှုစေချင်တာပါ။ အများအားဖြင့် စုဆောင်းပြီး လက်ရာတွေကို တခြားသူတွေ ကြည့်ဖို့ မြင်ဖို့ အခွင့်အရေးက သိပ်မရှိတော့ဘူး။ အခုလို ပြသမှသာ ကြည့်ရှုခံစားနိုင်ကြမှာ မဟုတ်လား” လို့ ပြောပြပါတယ်။