ရွာလယ်လမ်းမဘေးမှာခါးလောက်မြင့်တဲ့အုတ်တံတိုင်းကိုထုံးဖြူဖြူသုတ်ထားတဲ့ အိမ်တလုံးရှိတယ်။ အုတ်တံတိုင်းအပေါ်မှာတော့ ၂လက်မပတ်လည် သံဇကာကွက် တပ်ဆင်ထားပါတယ်။
ဝင်းတံခါးပေါက်ကဝင်သွားရင် ထန်းရွက်တွေနဲ့ အဖီချထားတဲ့ အိမ်ရှေ့မှာစားပွဲခုံရှိပြီးရသေ့လျောင်းလို့ခေါ်တဲ့ နောက်မှီပါတဲ့ တန်းလျားခုံတွေကိုစားပွဲခုံရဲ့တဖက်စီမှာနေရာချထားပါတယ်။
အညာကျေးလက်မှာတွေ့ရလေ့ရှိတဲ့ နှစ်ထပ်အိမ်ဖြစ်ပြီးအိမ်အောက်ထပ်ကိုရေနံချေးသုတ်ထားတဲ့ ဝါးကပ်ထရံကာထားတယ်။ သုံးချောင်းထောက် သံပန်းရေအိုးစင်လေးဘုရားစင်အနီးမှာရှိတယ်။ ဘုရားစင်မှာရုပ်ပွားတော်ပုံတွေချိတ်ဆွဲထားတယ်။ ကဗျာဆရာ့အိမ် သွပ်မိုးတချို့သံချေးတက်နေတယ်။

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲကကန်မြဲဇဂျမ်းရွာမှာတွေ့ရတဲ့ ကဗျာဆရာကြီးတင်မိုးရဲ့ ငယ်စဉ်ကနေထိုင်ခဲ့တဲ့ နေအိမ်ဖြစ်ပါတယ်။ လက်ရှိဆရာဦးတင်မိုးရဲ့နှမဒေါ်တင်စန်းတို့ မိသားစုနေထိုင်နေကြပါတယ်။
အိမ်ခါးပန်းမှာဆရာတင်မိုးရဲ့ ကိုယ်တပိုင်းပုံဓာတ်ပုံကိုမှန်ဘောင်သွင်းချိတ်ဆွဲထားတယ်။ ဆရာ့မြေးတွေဘွဲ့ယူနေတဲ့ ပုံကိုလည်းမှန်ဘောင်သွင်းချိတ်ဆွဲထားပါတယ်။ ဆရာနေထိုင်ခဲ့တဲ့ အိမ်ကရိုးဂုဏ်နဲ့ ထုံမွမ်းနေတယ်။ ဘုရားစင်ကိုလည်းဘုရားပန်းတွေဝေနေအောင် ထိုးထားပါတယ်။
ဆရာတင်မိုးအိမ်နဲ့ ဓားလွယ်ခုတ်မှာကန်မြဲဇဂျမ်းရွာလယ် ဓမ္မာရုံရှိတယ်။ ဓမ္မာရုံကသံကူကွန်ကရစ် တထပ်အဆောက်အဦဖြစ်ပြီး ရွှေဆေးခြယ်သထားတယ်။ ဓမ္မာရုံကိုကြည့်ပြီးကန်မြဲဇဂျမ်းသားတွေရဲ့ ဒါနမျိုးစေ့ကိုခန့်မှန်းနိုင်တယ်။
ကဗျာဆရာ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာရေနံချေးမည်းမည်းသုတ်ထားတဲ့ နှစ်ထပ်အိမ်ဟောင်းတလုံးရှိတယ်။ ကဗျာဆရာ့ အိမ်လိုပဲရှေ့မှာအဖီချ ထားတယ်။ အဲဒီအိမ်ကနာမည်ကျော် တေးရေးဆရာကန်မြဲကိုအေးကျော်ရဲ့အိမ်ဖြစ်ပါတယ်။
ပန်းရည်ဘဏ်တိုက် သီချင်းကကန်မြဲအေးကျော်ရဲ့ ထင်ရှားတဲ့ တေးသီချင်းတပုဒ်ဖြစ်ပါတယ်။ ကဗျာဆရာ့အိမ်နဲ့ တေးရေးဆရာတို့ အိမ်တွေကရွာလယ်လမ်းခြားပြီးဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင်ဖြစ်နေတာကန်မြဲဇဂျမ်းရွာအတွက် သဘာဝကပေးထားတဲ့ သက်ရှိရတနာလက်ဆောင်ကောင်းတခုပါပဲ။
ကန်မြဲဇဂျမ်းလို့ အလွယ်ပြောနေကြပေမယ့် ကန်မြဲရွာကသပ်သပ် ဇဂျမ်းရွာကသပ်သပ်ပါ။ တရွာနဲ့ တရွာကရွာချင်းကပ် ရပ်ဖြစ်ပြီးရွာစည်းရိုးပဲခြားထားပါတယ်။
ကန်မြဲရွာထက်စာရင် ဇဂျမ်းရွာကပိုပြီးဖွံ့ဖြိုးတယ်။ ဇဂျမ်းရွာထဲမှာရဲစခန်းရှိတယ်။ အထက်တန်းကျောင်းရှိတယ်။ ကျေးလက်ဆေးပေးခန်းရှိတယ်။ ငါးရက်ဈေးရှိတယ်။ ဒါပေမယ့် ကန်မြဲကကဗျာဆရာတင်မိုးကိုမွေးဖွားခဲ့တယ်။ ဂီတစာဆိုကန်မြဲကိုအေးကျော်ကိုရရှိခဲ့တယ်။
ကန်မြဲနဲ့ ဇဂျမ်းကစည်းရိုးပဲခြားတဲ့ ရွာမို့ စွယ်တော်ရွက်လိုနှစ်ရွာ့တရွာဖြစ်လို့နေပါတယ်။ ကန်မြဲဇဂျမ်းနဲ့ ကပ်ရပ်မှာကျောင်းအိုဆိုတဲ့ ရွာလည်းရှိပါသေးတယ်။
ဆရာတင်မိုး ငယ်ဘ၀ ဘယ်လိုဖြတ်သန်းခဲ့သလဲ။ ဆရာတင်မိုးဘယ်လိုကြီးပြင်းခဲ့သလဲ။ ဆရာတို့ခေတ်နဲ့ အခုခေတ် ဘာတွေကွာဟခဲ့ပြီလဲ။ အသက်၈၁ နှစ်ရှိနေပြီဖြစ်တဲ့ ဆရာ့နှမဒေါ်တင်စန်းကိုမေးမြန်းဖြစ်ပါတယ်။ ဒေါ်တင်စန်းကသူ့ အစ်ကိုကြီးအကြောင်းတိုးတိုးညှင်းညှင်းပြောပြပါတယ်။
ကဗျာဆရာကြီးတင်မိုးအလောင်းအလျာမောင်ဘဂျမ်းကို ၁၉၃၃၊ နိုဝင်ဘာ ၁၉ရက်မှာ မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲကျေးရွာမှာအဘဦးဘအို၊အမိဒေါ်စံထယ်တို့ကမွေးဖွားပါတယ်။ သားသမီး ၃ ဦးမှာဒုတိယမြောက်သားဖြစ် ပါတယ်။ ကန်မြဲရွာမန္တလေးကျောင်းတိုက် ဆရာတော် ဦးအာစာရထံမှာဝိနည်းနဲ့သဂြုႋဟ်ဆက်သင်တယ်။
မန္တလေးရွှေရေးဆောင်မှာကိုရင်ဝတ်ဘဝနဲ့ စာဝါလိုက်ခဲ့တယ်။ ကိုရင်လူထွက်ပြီးပခုက္ကူမြို့မဟာဝိဇယာရာမတိုက်ဓမ္မလောကကျောင်းဆရာတော် ဦးသုမနဆီမှာနေရင်းကျောင်းပညာရေးမောင်ဘဂျမ်းဆက်လက်သင်ယူခဲ့တယ်။ပခုက္ကူမှာပညာသင်ကြားနေစဉ်အတွင်းပခုက္ကူနေ့စဉ် သတင်းစာမှာကိုရင်ဂျမ်းကလောင်နာမည်နဲ့ “ဇာတ်ခုံထွေခင်းပါလို့” ဆောင်းပါးတွေရေးသားခဲ့တယ်။
အဲဒီကတဆင့် ရေစကြိုမှာဆဋ္ဌမတန်းကစပြီးကျောင်းဆက်တက်တယ်။ ရေစကြိုကျောင်းနေစဉ်ကာလမှာဒေါင်းနံရံကပ်စာစောင် ဦးစီးထုတ်ဝေခဲ့တယ်။
၁၉၅၇ခုနှစ်မှာမြန်မာတနိုင်ငံလုံးမြန်မာစာအမှတ်အများဆုံး (မြန်မာစာဂုဏ်ထူး)နဲ့ ရေစကြိုအထကကနေဆယ်တန်းအောင်မြင်ခဲ့တယ်။ မောင်ဘဂျမ်းရဲ့ ခုံနံပါတ်က ဝိုင်ဇက်ဂျီ-၇၄ တဲ့။ သိပ်ကောင်းလွန်းတဲ့ စာစီစာကုံးဖြစ်လို့ မောင်ဘဂျမ်းတက္ကသိုလ်မရောက်မီကတည်းကသင်ရိုးလမ်းညွှန်အဖြစ် ကျောင်းသားတွေကြားမှာပျံ့နှံ့နေခဲ့ပြီ။
၁၉၅၉ မန္တလေးတက္ကသိုလ်ကျောင်းသားဘဝမှာဖန်မီးအိမ် ကဗျာစာအုပ်နဲ့ စာပေဗိမာန် (ကဗျာပထမဆု) ရရှိခဲ့တယ်။ ဖန်မီးအိမ်ကဘဂျမ်းကိုတင်မိုးဖြစ်စေခဲ့တယ်။
မန္တလေးတက္ကသိုလ်ထွက် စာပေအင်အားစုတွေထဲမှာပထမဆုံးဆုရစာအုပ်ဖြစ်တယ်။ နောက်နှစ်တွေမှာဆက်တိုက် ဆိုသလိုမောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ ကဗျာစာအုပ်တွေစာပေဆုဆက်တိုက် ရခဲ့ကြတယ်။ အထက်အညာကတက္ကသိုလ်ကျောင်းသားလူငယ်တွေကဗျာစာပေဆုတွေသိမ်းကြုံးယူခဲ့ကြတဲ့ နှစ်ကာလများဆိုပါတော့။
၁၉၆၀-၆၅ ခုနှစ်အတွင်းနေပြည်တော်အထက်တန်းကျောင်းနဲ့ ရတနာပုံညကျောင်းတွေမှာမြန်မာစာဆရာအဖြစ် လုပ် ကိုင်ခဲ့တယ်။ အစိုးရကအလွတ်သင်ကျောင်းတွေပိတ်သိမ်းလိုက်တော့ ၁၉၆၆-၆၇မှာလူထုသတင်းစာအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။
လူထုသတင်းစာရပ်စဲခံရပြီးနောက်မှာရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှာအမှုထမ်းခဲ့ပြန်တယ်။ ၁၉၇၀မှာထီးကလေးနဲ့မနီကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။ ၁၉၈၇ နှစ်ဦးပိုင်းမှာပဲတာဝန်ကရပ်စဲခြင်းခံခဲ့ရတယ်။ ပေဖူးလွှာ မဂ္ဂဇင်းမှာအယ်ဒီတာချုပ်လုပ်နေစဉ်မှာပဲ (၁၁-၁၂-၁၉၉၁)မှာပုဒ်မ ၅(ည)နဲ့ ဖမ်းဆီးခံရပြီး (၄-၂-၁၉၉၅)မှာလွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
၁၁-၈-၁၉၉၉ မှာသမီးရှိရာဘယ်လ်ဂျီယံနိုင်ငံကိုထွက်ခွာသွားခဲ့ပြီးRFA နဲ့ VOAသတင်းဌာနတွေမှာအသံလွှင့်ခြင်းစာရေးသားခြင်းတွေလုပ်ကိုင်ခဲ့တယ်။ နယ်သာလန်နိုင်ငံကစာပေယဉ်ကျေးမှုဆိုင်ရာဆု (Prince Claus Award) ချီးမြှင့်ခဲ့တယ်။
ဆရာတင်မိုးနဲ့ ပတ်သက်ပြီးသူ့ရဲ့ကျောင်းနေဖက်သူငယ်ချင်းကဗျာဆရာဦးကြည်အောင်က“ဘဂျမ်းမှ တင်မိုး”တဆစ်ချိုးဆောင်းပါး(သင့်ဘ၀ မဂ္ဂဇင်း ၁၉၉၅၊ သြဂုတ်လထုတ်) မှာ “ဘဂျမ်းဟာဘဂျမ်းကြောင့် တင်မိုးဖြစ် လာခဲ့တာ။ သူ့ရဲ့ ပညာရေးလမ်းကြောင်းကဆူးပြွမ်းမြေကောဖြစ်ပေမယ့် သူကဉာဏ်ခံကြီးကြီးကဗျာပါရမီရင့်သန်ထက်မြက်ခဲ့သူဆိုတော့ ကျောက်သားပေါ်မှာပန်းပွင့်နိုင်သူ”လို့ မှတ်ချက်ပြုခဲ့တယ်။
ပြည်ပနိုင်ငံတွေမှာရှိနေစဉ်အတွင်းမြန်မာပြည်နဲ့ ဇာတိကန်မြဲဇဂျမ်းကိုလွမ်းတဲ့စိတ်ကြောင့် ရွာမှာရှိနေတဲ့ နှမဒေါ်တင်စန်းထံဖုန်းဆက်ပြီးအလွမ်းဖြေတယ်။ ဆရာဟာ ၂၂-၂-၂၀၀၇ အမေရိကန်နိုင်ငံ၊ လော့စ်အင်ဂျလိမြို့မှာအသက်၇၄နှစ် အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲကကန်မြဲဇဂျမ်းကိုရောက်တဲ့အခါ ကဗျာဆရာတင်မိုးနေခဲ့တဲ့အိမ်ကိုဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။